Connect with us

Hi, what are you looking for?

အတွေးအမြင်

ကြောက်ရူးခေတ်ကို ကျော်လွှားနိုင်မလား

‘အကြောက်တရား Fear’က ကြောက်စရာ ကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ‘အကြောက်တရားက လွတ်မြောက်ရေး’ဆိုပြီး အမ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့တော့ အဂတိလေးပါးထဲက ဘယာဂတိကို နမူနာပြခဲ့ပါတယ်။ ကျမကိုယ်တိုင်ကတော့ ‘သင် ကြောက်ရဲပါစေ’ဆိုတဲ့ အရေးအသားကို ရေးဖြစ်ခဲ့ပါတယ်။ (အရင်က တင်ထားဖူးတဲ့ ‘ကြောက်ရဲပါစေ’အော်ဒီယိုဖိုင်လေးကို ကော်မန့်မှာ တင်ထားပါမယ်)။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဟီရိ-ဩတပ္ပဆိုတဲ့ မကောင်းမှုကို ပြုရမှာ ရှက်-ကြောက်သင့်ကြောင်း အဆုံးအမဟာ နားမစိမ်းလှပါဘူး။

▪︎မသီတာ-စမ်း​ချောင်း​ရေးသားသည်။

‘အကြောက်တရား Fear’က ကြောက်စရာ ကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ‘အကြောက်တရားက လွတ်မြောက်ရေး’ဆိုပြီး အမ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့တော့ အဂတိလေးပါးထဲက ဘယာဂတိကို နမူနာပြခဲ့ပါတယ်။ ကျမကိုယ်တိုင်ကတော့ ‘သင် ကြောက်ရဲပါစေ’ဆိုတဲ့ အရေးအသားကို ရေးဖြစ်ခဲ့ပါတယ်။ (အရင်က တင်ထားဖူးတဲ့ ‘ကြောက်ရဲပါစေ’အော်ဒီယိုဖိုင်လေးကို ကော်မန့်မှာ တင်ထားပါမယ်)။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဟီရိ-ဩတပ္ပဆိုတဲ့ မကောင်းမှုကို ပြုရမှာ ရှက်-ကြောက်သင့်ကြောင်း အဆုံးအမဟာ နားမစိမ်းလှပါဘူး။

အကြောက်တရားအစစ်အမှန်ကို ရဲရဲကြီး ကျင့်သုံးနိုင်စွမ်းဟာလည်း လူသားများရဲ့ စွမ်းရည်သတ္တိတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ‘အကြောက်တရား’ဆိုတာဟာ ပုံမှန်ဖြစ်တဲ့ စိတ်ခံစားချက်တစ်ခုသာ ဖြစ်ပါတယ်။ ခြိမ်းခြောက်မှု၊ စိုးရိမ်ကြောင့်ကြစရာ အဲဒီလိုအရာတွေကို တုံ့ပြန်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ သမားရိုးကျ စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာတတ်ပြီး အဲဒါဟာ’အကြောက်တရား’ပါပဲ။ ‘အကြောက်တရား’ဆိုတာ သူ့ကို ဖြစ်ပေါ်စေခဲ့တဲ့ စိုးရိမ်ထိတ်လန့်စရာ အကြောင်းတရား၊ ခြိမ်းခြောက်နေတဲ့ အကြောင်းတရားတွေ ပြီးဆုံးလွန်မြောက်သွားတဲ့အခါ သူလည်း ကင်းလွတ်ပြီးဆုံးသွားတတ်ပါတယ်။ တနည်းအားဖြင့် ‘စစ်မှန်တဲ့ အကြောက်တရား’တွေဟာ လူသားကို အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးနိုင်၊ ကယ်တင်ပေးနိုင်စွမ်းအထိ ထိရောက်စေနိုင်ပါတယ်။ ဒါကြောင့် ကျမကတော့ ‘အကြောက်တရား’ကို ကြောက်စရာလို့ မမြင်တတ်ဘဲ ‘ကြောက်သင့်ကြောက်ထိုက်တာကို’ ‘ရဲရဲကြီး’ ကြောက်ရဲဖို့ကသာ ပိုပြီး အရေးကြီးတယ်လို့ မြင်ပါတယ်။

ဒီနေရာမှာ လူသားရဲ့ နောက်ထပ်စွမ်းရည်သတ္တိတစ်ခုက အရေးပါလာပါတယ်။ အဲဒါကတော့ ဘယ်အရာကိုတော့ ကြောက်သင့်ကြောက်ထိုက်တယ်ဆိုတာကို သိနိုင်စွမ်း၊ အကဲဖြတ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အချက်အလက် Facts or Information တွေ ဗဟုသုတ Knowledge တွေအပြင် အမြော်အမြင် အဆင်အခြင် Wisdom တွေပါ လိုအပ်ပါတယ်။ ဒီအရာတွေက လူသားကို ‘အကြောက်တရား’အပေါ်မှာရော သူ ‘ကြောက်နေတဲ့ အကြောင်းတရား’ပေါ်မှာပါ ထိုက်သင့်အားလျော်တဲ့၊ အချိုးအစား ညီမျှတဲ့ တုံ့ပြန်ဆောင်ရွက်မှုကို ဆုံးဖြတ်ပြဌာန်းပေးလေ့ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဒီအရာတွေ ချို့ယွင်းအားနည်းသွားမယ်ဆိုရင် လူသားဟာ စွမ်းရည်သတ္တိ အားနည်းသွားပြီး လူ့အရာကျလာနိုင်ပါတယ်။ တနည်း ကြောက်သင့်ကြောက်ထိုက်တာကို မကြောက်ရဲ မကြောက်တတ်တော့တဲ့ လူသားဟာ အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးနိုင်၊ ကယ်တင်ပေးနိုင်စွမ်းလည်း ကုန်ဆုံးသွားတတ်တာမို့ လူသားစွမ်းရည် ကျဆုံးပြီး လူ့အရာကျလာတတ်တာမျိုးပေါ့။

လူ့အရာကျလာတဲ့လူသားတွေက’အကြောက်တရား’ကို ဘယ်လိုရင်ဆိုင်တတ်ကြလဲဆိုရင် အရူးအမူး တုံ့ပြန်မှု ပြုကြတာမျိုးပါပဲ။သူတို့ ‘ကြောက်’နေတဲ့ အကြောင်းအရာတခုခု၊ အခြေအနေတခုခု ဒါမှမဟုတ် လှုပ်ရှားမှုတခုခုကို ပြင်းပြင်ထန်ထန် ဆင်ခြင်မဲ့မဲ့ တစိုက်မတ်မတ် ဆန့်ကျင်တွန်းလှန်ပြီး သူတို့ရဲ့ ‘စိုးရိမ်ပူပန်မှု စိတ်ဇော’ကို ဖြေဖျောက်ဖို့ ကြိုးစားလာတတ်ကြပါတယ်။ တနည်းအားဖြင့် တကယ့်အစစ်အမှန် ခြိမ်းခြောက်မှု စိုးရိမ်ပူပန်စရာ အနေအထားထက် အဆများစွာ ပိုပြီး ကြောက်ရွံ့ကာ သူ ရင်မဆိုင်ရဲတဲ့ အရာကို အဆမတန် အားအင်သုံးပြီး ဆန့်ကျင်တွန်းလှန်တာမျိုး၊ ရင်မဆိုင် ရှောင်ကွင်းထွက်ပြေးတာမျိုးတွေ လုပ်တတ်ကြတာပေါ့။ဒါကြောင့်’အကြောက်လွန်ခြင်း Phobia’ကသာ အန္တရာယ်ကို ဖြစ်စေတတ်တာပါ။

Phobia ဖိုဘီးယား အမျိုးအစားတွေက အများအပြား ရှိပါတယ်။ အမြင့်တက်ရမှာ ကြောက်တာ၊ အလုံပိတ်အခန်းကို ကြောက်တာ၊ အမှောင်ကို ကြောက်တာ၊ တိရိစ္ဆာန်ကို ကြောက်တာဆိုတဲ့ အကြောက်လွန်ရောဂါတွေဟာ တချို့လူသားတွေအတွက် နေ့တဓူဝ လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းတဲ့အထိ ဒုက္ခ ပေးတတ်ပါတယ်။ နောက်ထပ် အကြောက်လွန်ရောဂါတစ်မျိုးမှာတော့ လူအများကြားထဲ စကားပြောဆိုရမှာကို ဝေဖန်ဆန်းစစ်ခံရနိုင်တယ်၊ အကဲဖြတ်မှတ်ချက်ပေးတာတွေ လုပ်ကြတော့မှာပဲဆိုပြီး ကြောက်လန့်တာမျိုးပေါ့။ ဒါကလည်း အဲဒီလူသားကို ကိုယ့်ဘာသာ နှုတ်ဆွံ့စေတဲ့ ဒုက္ခမျိုး ပေးပြန်တာပေါ့။ ဒီလိုပဲ နောက်ထပ် အကြောက်လွန်အမျိုးအစားတွေ ရှိနေပါတယ်။ ဘယ်လိုကြောင့် အကြောက်လွန်လွန် အကြောက်လွန်မှု Phobiaကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဟာ ပြင်းထန်တဲ့ မူမမှန်တဲ့ တုံ့ပြန်မှုတွေ ဆက်တိုက်ဖြစ်တတ်လို့ ဖျက်ဆီးတတ်တဲ့ သဘောသဘာဝ ရှိတယ်လို့ ဆိုရပါမယ်။ တနည်းတော့ အကြောက်လွန်ရင် လူသားရဲ့ ကောင်းမွန်တဲ့ စွမ်းရည်ကို လျော့ကျစေလို့ အကြောက်လွန်တာဟာ လူ့အရာကျတာပဲလို့တောင် ဆိုရမှာပါ။

အဲဒီလို အကြောက်လွန်သူတွေဟာ အုံနဲ့ကျင်းနဲ့ များပြားလာတဲ့အခါ ရူးသွပ်ပေါက်ကွဲတဲ့ အပြုအမူတွေကို ပြုမူလာတတ်ကြပါတယ်။ သူတို့ဟာ ကိုယ့်အနေအထားကိုကိုယ်တိုင်နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သူ ကြောက်နေတဲ့အရာကိုသာ တဖက်သတ် အပြစ်တင်၊ အပြစ်ပုံချပြီး တခြားသူတွေကပါ အဲဒီအရာကို ဝိုင်းဝန်းဆန့်ကျင်ဖို့ လှုံ့ဆော်စည်းရုံးလာပြီဆိုရင်တော့အဲဒါဟာအကြောက်လွန်အဆင့်ထက် ကျော်ပြီး ‘ကြောက်ရူး’အဆင့်ထိ ရောက်ပြီလို့ ဆိုရမှာပေါ့။

ဒီကနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး ‘ကြောက်ရူးတွေ ခေတ်ထချိန် Era of Phobians’လို့ တွေးနေမိပါတယ်။ ဩစတြေလျနိုင်ငံ ပါ့သ်မြို့က PEN Perth ရဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခု (၂၉-၉-၂၅)မှာ ကျမက ဒီစကားလုံးကို စသုံးစွဲ ပြောဆိုခဲ့ပြီးနောက် ကျမစိတ်ထဲမှာ ဒီအကြောင်းအရာဟာ စွဲကျန်နေခဲ့ပါတယ်။ တကယ်တော့ ‘ကြောက်ရူး’တွေကြောင့်ပဲ ကမ္ဘာကြီးဟာ ပွက်ပွက်ဆူ မငြိမ်းချမ်းဖြစ်နေရတာ အတော်ကြာပါပြီ။

ရှေ့က စစ်ကြီးနှစ်ခုလို မဖြစ်သေးလို့သာ တတိယကမ္ဘာစစ် ဖြစ်နေပြီလို့ မပြောတာသာ ရှိပြီး တကမ္ဘာလုံးမှာ စစ်မဖြစ်နေတဲ့ နေရာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲမှု မရှိနေတဲ့ အရပ်ဆိုတာတွေ မရှိသလောက် နည်းနေတာ မြင်တွေ့ကြုံတွေ့နေကြရတာပါပဲ။ လတ်တလော ဖြစ်နေတာတွေရဲ့ အကြောင်းရင်းတွေမှာလည်း အာ

ဏာလက်ဆုပ် ဖြေရမှာကို အကြောက်လွန်တာ၊ ကိုယ်နဲ့ အသားအရောင် လူမျိုး ဘာသာ လိင် နိုင်ငံရေးရပ်တည်ချက် မတူသူများကို အကြောက်လွန်တာ၊ ကိုယ့် လက်ရှိအခြေအနေလေး ပြောင်းလဲသွားမှာကို အကြောက်လွန်တာ အဲဒီလို နည်းပေါင်းစုံနဲ့ အကြောက်လွန်ကြတာကိုပဲ တွေ့မြင်ကြရမှာပါ။ ဘယ်လိုပဲ လက်တွေ့သုတေသနရလာဒ်တွေနဲ့ သက်သေပြ ဖြောင်းဖြကြပေမဲ့ ‘ကြောက်ရူး’တွေအဖို့ကတော့ ဆင်ခြင်မဲ့ ကြောက်ပြီး အင်အားသုံး တုံ့ပြန်လိုက်ရမှ နေသာသွားတတ်ကြသလိုမို့ ကမ္ဘာတလွှား ဆူပွက်ဝုန်းဒိုင်းကြဲနေကြတာပါပဲ။

‘ကြောက်တတ်ဖို့’ သင်ယူနိုင်ကြပြီး ‘စစ်မှန်တဲ့ အကြောက်တရား’ကို ရဲရဲကြီး လက်ခံကျင့်သုံးကာ ‘အကြောက်လွန်’အဆင့် ‘ကြောက်ရူး’အဆင့်တွေထိ မကူးစက်သွားအောင် လူသားတဦးချင်းစီက အားထုတ်လာနိုင်ကြမှသာ ဒီ’ကြောက်ရူးခေတ်’

ဆိုးကြီးကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။ အင်မတန် မလွယ်ကူတဲ့ ကမ္ဘာ့စိန်ခေါ်မှုကြီး ဖြစ်တာမို့ ဒါကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ချက်ကတော့ မှုန်ပျပျပါပဲ။

ဆက်စပ်သတင်းများ