-ကိုဗလရေးသားသည်။
V-Dem Institute ကနေ ခုရက်ပိုင်းတွင်း ထုတ်ပြန်လိုက်တဲ့ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၆ အရ မြန်မာအပါအဝင် ကမ္ဘာကြီးရဲ့ နိုင်ငံရေးအခြေအနေဟာ အလွန်ဆိုးဝါးတဲ့ စိုးရိမ်စရာအခြေအနေကို ရောက်နေပြီ ဖြစ်ပါတယ်။
အမေရိကန်ဟာနှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် “လစ်ဘရယ် ဒီမိုကရေစီ” (Liberal Democracy) အဆင့်အတန်းကို ဆုံးရှုံးသွားခဲ့ပြီလို့ အစီရင်ခံစာက ကောက်ချက်ချထားပါတယ်။
V-Dem ဆိုတာ Varieties of Democracy ရဲ့ အတိုကောက်ဖြစ်ပြီး ဆွီဒင်နိုင်ငံ Gothenburg တက္ကသိုလ်မှာအခြေစိုက်တဲ့ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီ သုတေသနအဖွဲ့အစည်းတခု ဖြစ်ပါတယ်။ V-Dem ဟာ ကမ္ဘာတဝန်းက ပညာရှင်ပေါင်း လေးထောင်ကျော်ရဲ့ လေ့လာစိစစ်ချက်တွေနဲ့အတူ နိုင်ငံတွေရဲ့ အချက်အလက်တွေကို သိပ္ပံနည်းကျ တိုင်းတာပြီး အစီရင်ခံစာကို နှစ်စဥ်ထုတ်ပြန်ပါတယ်။ V-Dem ရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ နိုင်ငံတကာအလယ်မှာ အယုံကြည်ရဆုံး အစီရင်ခံစာတခု အဖြစ် သတ်မှတ်ခံထားရပါတယ်။

Public Service Announcement
နောက်ဆုံးထုတ်ပြန်လိုက်တဲ့အစီရင်ခံစာအရလက်ရှိကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီညွှန်းကိန်းအခြေအနေဟာ မြန်မာအပါအဝင် တကမ္ဘာလုံးအတွက် စိုးရိမ်စရာကောင်းတဲ့ ကိန်းဂဏန်းတွေကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာပေါ်မှာဒီမိုကရေစီနိုင်ငံ အရေအတွက်ထက် အာဏာရှင်နိုင်ငံအရေအတွက်ဟာ ၉၂ နိုင်ငံအထိ ရှိလာပြီး ပိုမိုများပြားသွားခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံအရေအတွက်ဟာ ၈၇ နိုင်ငံပဲ ရှိပါတယ်။
ပိုပြီးတော့ဆိုးရွားတာကကမ္ဘာ့လူဦးရေရဲ့၇၄ ရာခိုင်နှုန်း( ၆ ဘီလီယံ)ဟာအာဏာရှင်စနစ်အောက်မှာ နေထိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၇၄ ရာခိုင်နှုန်းဟာ အာဏာရှင်စနစ်အောက်မှာ နေထိုင်နေကြရတယ်ဆိုတာ တော်တော်ကို စိုးရိမ်ဖို့ကောင်းပါတယ်။ လူ ၄ ယောက်မှာ ၃ ယောက်က လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရတဲ့ သဘောပါ။မြန်မာနိုင်ငံဟာလည်းအဲဒီ ၇၄ရာခိုင်နှုန်းထဲမှာတစိတ်တပိုင်းပါဝင်နေပါတယ်။
စစ်မှန်တဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ နေထိုင်ခွင့်ရသူဟာ ကမ္ဘာ့လူဦးရေရဲ့ ၇ ရာခိုင်နှုန်းပဲ ရှိတော့တဲ့အတွက် ဒါဟာ ၁၉၈၅ ခုနောက်ပိုင်း အဆိုးရွားဆုံး ဒီမိုကရေစီ ဆုတ်ယုတ်မှုကြီးလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီလိုဆုတ်ယုတ်မှုတွေထဲမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးတွေကျဆင်းလာတာကအဓိကအကြောင်းရင်းတွေဖြစ်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပိတ်ပင်ခံနေရပြီး အာဏာရှင်တွေဟာ ရွေးကောက်ပွဲဆိုတာကို သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ဟန်ပြလက်နက်တစ်ခုလိုပဲ အသုံးပြုလာကြတာကိုတွေ့ရပါတယ်။ဒီမိုကရေစီဆိုတာ မဲပုံးထဲစာရွက်ထည့်ရုံနဲ့မရနိုင်ဘဲ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ သတင်းအချက်အလက် စီးဆင်းမှုတွေ ရှိနေမှသာ အသက်ဝင်နိုင်တာကို ဒီအစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။
ဒီအစီရင်ခံစာမှာမြန်မာနိုင်ငံဟာ”Bell-turn Autocratization”( ခေါင်းလောင်းပုံစံ ပြောင်းပြန်လှည့်သွားတဲ့ အာဏာရှင်စနစ်) နိုင်ငံ ဖြစ်နေပြီလို့ ဆိုထားပါတယ်။မြန်မာနိုင်ရဲ့ အဆင့်ဟာ ၂၀၁၅ ခုဝန်းကျင်ကကမ္ဘာ့အဆင့် ၁၀၀ အောက် (ဥပမာ-
အဆင့် ၉၀ ဝန်းကျင်) အထိ ရှိခဲ့ပေမယ့် ယခုအခါ အောက်ဆုံးဆီသို့ ပြန်လည်ကျဆင်းသွားတာကို V-Dem အစီရင်ခံစာက Bell-turn(ခေါင်းလောင်းပုံသဏ္ဌာန် ပြောင်းပြန်လှည့်ခြင်း)လို့ သုံးနှုန်းထားတာဖြစ်ပါတယ်။
V-Dem ရဲ့ ၂၀၂၆ ခုနှစ်အစီရင်ခံစာအရမြန်မာရဲ့ လစ်ဘရယ်ဒီမိုကရေစီညွှန်းကိန်းဟာ ၁၇၉ နိုင်ငံ အနက်၁၇၇ နဲ့ ရွေးကောက်ပွဲဒီမိုကရေစီညွှန်းကိန်းဟာ ၁၇၄ ဖြစ်ပြီး ကမ္ဘာ့အဆင့်နိမ့်ဆုံးစာရင်းမှာ ရှိနေပါတယ်။လစ်ဘရယ်ဒီမိုကရေစီညွှန်းကိန်းမှာ ကမ္ဘာမှာ မြန်မာထက်ပိုဆိုးတာက မြောက်ကိုရီးယား(၁၇၈) နဲ့ အဲရီထရီးယား (၁၇၉) နိုင်ငံတို့ပဲရှိပါတယ် ။ အာဏာသိမ်းခေါင်းဆောင်ကတော့ ဒီညွှန်းကိန်းအောက်ဆုံးနားရောက်နေလို့ ဂုဏ်ယူနေမလားမသိပါ ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက တက်လှမ်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး မျှော်လင့်ချက်တွေဟာစစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနောက်ပိုင်းမှာ အောက်ဆုံးကို ထိုးဆင်းသွားခဲ့ပါတယ်။ အခုအခါ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဒီမိုကရေစီ အညွှန်းကိန်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အခြေခံလွတ်လပ်ခွင့်တွေလုံးဝပိတ်ဆို့ခံထားရတဲ့”Closed Autocracy” စာရင်းဝင်နိုင်ငံ ဖြစ်သွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့်လူပေါင်း ၆,၀၀၀ ကျော်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဆုံးရှုံးခဲ့ရတာတွေဟာ ကိန်းဂဏန်းချည်း သက်
သက်မဟုတ်ဘဲ အိမ်ထောင်စုပေါင်းများစွာရဲ့ ပူဆွေးမှုတွေနဲ့ ရည်မှန်းချက်ရှိတဲ့ လူငယ်တွေရဲ့ အနာဂတ်တွေ ဆုံးရှုံးသွားခြင်းပဲ ဖြစ်ပါတယ်။
၂၀၂၂ ခုနဲ့ ၂၀၂၃ ခုတွေအတွင်းမှာ မြန်မာ့ဒီမိုကရေစီ အညွှန်းကိန်းဟာ အောက်ဆုံးသို့ ဆက်တိုက်ဆင်းသွားခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့သန့်ရှင်းတဲ့ ရွေးကောက်ပွဲဆိုတာတွေဟာလည်း အလှမ်းဝေးကွာသွားခဲ့ရပါတယ်။
အစီရင်ခံစာပါ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း မြန်မာဟာ အိမ်နီးချင်း ထိုင်းထက် တောင်အညွှန်းကိန်းတွေ အများကြီး နိမ့်ကျနေသလိုဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့နဲ့အတူ အာဏာရှင်စနစ် အမြစ်တွယ်သွားတဲ့ အုပ်စုထဲမှာ ပါဝင်နေပါတယ်။ ထိုင်းမှာ ရွေးကောက်ပွဲအခြေခံ အာဏာရှင်စနစ်မျိုး ရှိနေသေးပေမယ့် မြန်မာမှာတော့ အတိုက်အခံတွေ ရပ်တည်လို့မရတဲ့အထိ လုံးဝပိတ်ဆို့ခံထားရတာ ဖြစ်ပါတယ်။
V-Dem က ထုတ်ပြန်လိုက်တဲ့ ၂၀၂၆ ခုနှစ် ဒီမိုကရေစီအစီရင်ခံစာဟာ မြန်မာနိုင်ငံအမှောင်ထုရဲ့ အရွယ်အစားဟာ ဘယ်လောက်ထိ ရှိနေပြီလဲဆိုတာကို တိုင်းတာပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အစီရင်ခံစာပါ မြန်မာနိုင်ငံရဲ့ ညွှန်းတမ်း ကိန်းဂဏန်းအချက်အလက်တွေဟာ စိတ်ပျက်အားလျော့စေဖို့ မဟုတ်ဘဲ လက်ရှိရင်ဆိုင်နေရတဲ့ အာဏာရှင်စနစ်ရဲ့သဘောသဘာဝနဲ့ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီ ညွှန်းတမ်းအခြေအနေတွေကို ပိုမိုသိမြင်နားလည်စေဖို့ပဲ ဖြစ်ပါတယ်။ ။


















































