မမစိန်ရေးသားသည်။
နံနက် ၉ နာရီ ထိုးခါနီးပြီဖြစ်သော်လည်း ဦးမောင်တစ်ယောက် ဓာတ်ဆီဆိုင်အဝင်ဝကို မရောက်သေးပါ။
အိမ်ကနေ မနက်အစောကြီး ၄ နာရီကတည်းက ထွက်လာပြီး ၅ နာရီနီးပါး တန်းစီနေရသော်လည်း ရှေ့မှာ တန်းဆီထားတဲ့ ဆိုင်ကယ်တန်းကြီးက အရှည်ကြီး ကျန်နေသေးသည်။ နောက်လှည့်ကြည့်သည့်အခါတွင်လည်း နောက်မှာ ဆိုင်ကယ်တန်းကြီးကတမျှော်တခေါ်လောက်ရှိနေသေးသည်။
အရင်ကဆိုလျှင် ဤအချိန်သည် သူငယ်ချင်းများနှင့်လက်ဖက်ရည်ဆိုင်တွင်ဟိုအကြောင်းဒီအ
ကြောင်း ပြောရင်း နံနက်ခင်းကို ဖြတ်သန်းနေကျ ဖြစ်သော်လည်း ယခုမူ နေပူကျဲကျဲ ဆီဆိုင်နားက လမ်းဘေးတွင်ဆီတန်းစီရင်းအချိန်ကုန်နေရသည်။

Public Service Announcement
လက်ရှိ ဖြစ်ပေါ်နေသော စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ စစ်ကောင်စီ၏ ခပ်ညံ့ညံ့ စီမံခန့်ခွဲမှု ဖြစ်သည့် ယာဉ်နံပါတ်စုံ/မ ကန့်သတ်ချက်များကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝမှာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေကြရသည်။
ခရီးသွားလာရ ခက်ခဲရုံတင်မကဘဲ နွေအပူရှိန်အောက်တွင် နာရီပေါင်းများစွာ တန်းဆီစောင့်
ဆိုင်းနေရခြင်းက အခြေခံလူတန်းစားများနှင့် ဝန်ထမ်းများအတွက် အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်စေသည့်အပြင် ကျန်းမာရေးကိုပါ ထိခိုက်လာစေသည်။
ပုံမှန်အားဖြင့် ဆီဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းရခြင်းသည် အချိန် ၄/၅နာရီဝန်းကျင်အထိ ကြာ
မြင့်တတ်ပြီး ဆီတန်းစီသူတစ်ဦးသည် တစ်နေ့တာ၏ ၆ ပုံ ၁ ပုံ ခန့်ကို မလိုအပ်ပဲ လမ်းပေါ်တွင် အချိန်ကုန်နေကြရသည်။ဆီတန်းစီနေရခြင်းကြောင့်လုပ်ငန်းလည်ပတ်မှုများ ကြန့်ကြာရသလို၊ ကုန်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း အချိန်မီ မရောက်ရှိတော့တာကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုတွေ ရှိလာပါသည်။
စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခြင်းသည် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် (SMEs) များအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။ ဤ စီမံခန့်ခွဲမှုအမှား၏ ရိုက်ခတ်မှုသည်အခြေခံပြည်သူများ၏ စားဝတ်နေရေးအပေါ် တိုက်ရိုက် သက်
ရောက်နေသည်။
လွန်ခဲ့သော ၂၀၂၁ ခုနှစ် အစောပိုင်းက တစ်လီတာလျှင် ၈၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော စက်သုံးဆီဈေးသည် ယခု ၂၀၂၆ ခုနှစ်၊ မတ်လကုန်တွင် တစ်လီတာလျှင် ၅၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိသွားခဲ့သည်။ ၅ နှစ်ကျော်အတွင်း ဆီဈေးဟာ စံချိန်တင် ၆ ဆလောက် တက်သွားခဲ့ပြီး ဆီဈေးနှင့်အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း လိုက်ပါ မြင့်တက်လာသည်။ ဝင်ငွေက တိုးမလာဘဲ ကုန်ဈေးနှုန်းကသာ တရိပ်ရိပ် တက်နေသဖြင့် သာမန်ပြည်သူများမှာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။
နဂိုကတည်းကကိုဗစ်ကြောင့်၊ စစ်တပ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့ ခံစားခဲ့သည့် မြန်မာပြည်သူများ၏ အထွေထွေ အကြပ်အတည်းသည် ယခုအခါ မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုရိုးစကားလို ပို၍သာ ရုန်းကန်နေကြရတော့သည်။
သတင်းဌာနအချို့တွင်ဆီတန်းရင်းလူသေဆုံးခြင်း မူးဝေလဲကျခြင်းများကို ဖော်ပြနေကြပါသည်။ နွေအပူရှိန်အောက်တွင် နာရီပေါင်းများစွာ ဆီတန်းစီရင်း လူသေဆုံးမှုများအထိ ရှိလာနေခြင်းက လက်ရှိအခြေအနေ၏ ဆိုးရွားမှုကို ပြသနေသည်။
နိုင်ငံ၏ စီးပွားရေးယန္တရား ယိုယွင်းလာခြင်းနှင့်အတူစစ်ကောင်စီ၏ လွဲမှားသော စီမံခန့်ခွဲမှုများ၊ မူဝါဒများကြောင့် ပြည်သူများမှာ တပူပေါ် တပူဆင့်ကာ ဒုက္ခတွေကို ခါးစည်းခံစားနေကြရသည်။
စက်သုံးဆီ အကျပ်အတည်းနှင့် လွဲမှားသော မူဝါဒများ ရှိနေသမျှကတော့ ဦးမောင်တို့ အပေါင်းအသင်းတစ်သိုက် ပုံမှန်ဆုံနေကျ လက်ဖက်ရည်ဝိုင်းလေးမှာ ပြန်လည်ဆုံတွေ့နိုင်ဖို့ လွယ်ကူဦးမည် မဟုတ်ချေ။


















































