Connect with us

Hi, what are you looking for?

အတွေးအမြင်

လူပြက်စစ်ဗိုလ်ချုပ်တစ်​ယောက်ရဲ့ နိဂုံး

နှစ်အနည်းငယ်အတွင်း လူပြက်တစ်ယောက် ဖြစ်လာမယ့် စစ်ဗိုလ်ချုပ်တစ်ဦးက စစ်ရေးပြအခမ်းအနားတစ်ခုမှာ သူ့ကိုယ်သူ အရေးပါဆုံးလူတစ်ယောက်လို ပုံဖမ်းထားပါတယ်။

ယောနသံ/People’s Spring

နှစ်အနည်းငယ်အတွင်း လူပြက်တစ်ယောက် ဖြစ်လာမယ့် စစ်ဗိုလ်ချုပ်တစ်ဦးက စစ်ရေးပြအခမ်းအနားတစ်ခုမှာ သူ့ကိုယ်သူ အရေးပါဆုံးလူတစ်ယောက်လို ပုံဖမ်းထားပါတယ်။

အသားမဲမဲ၊အရပ်ပုပု၊ ဗိုက်ရွှဲရွှဲ ၊ ​ဘောလုံးပုံစံမျက်နှာ နဲ့ အဲ့ဒီစစ်ဗိုလ်ချုပ်ဟာ ဧည့်သည်တော်တွေနဲ့ လေ့လာသူတွေကြားမှာ မျက်စိနောက်လောက်အောင်ဖြတ်သွားဖြတ်တာလုပ်နေပါတယ်။ လက်အောက်ငယ်သားတွေကို ဟိန်းဟောက်ခိုင်းစေတတ်ပါတယ်။ အဲဒီအချိန်သူ့အကြည့်တွေဟာ ဂနာမငြိမ်ဘဲ ယောက်ယက်ခပ်နေတတ်ပါတယ်။

အထက်အရာရှိတွေရှေ့ရောက်ပြီဆိုရင်တော့ အမြီးကုတ်သွားတဲ့သတ္တဝါတစ်ကောင်လို ငြိမ်သက်သွားပါတယ်။ လူမိသွားတဲ့သူခိုးတစ်ယောက်လို့ မချိပြုံးပြုံးတတ်ပါတယ်။အမှန်တော့ သူက စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းရဲ့ ခိုင်းဘက်အဆင့်ဆိုတာ စစ်အုပ်စုအတွင်းစည်းမှာ သိပြီးသား ကိစ္စဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ပြည့်နှစ်မတိုင်ခင်ကာလကနေပြည်တော်ရဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ စစ်ဗိုလ်ချုပ်ရဲ့ လျှပ်တပြက်ကောက်ကြောင်းပါ။ အသားမဲမဲ၊အရပ်ပုပု၊ ဗိုက်ရွှဲရွှဲဆိုတာတွေက ခန္တာကိုယ်ဖွဲ့စည်းပုံကို လှောင်ပြောင်ခြင်းမဟုတ်ပါဘူး။သူဟာ အမှန်တကယ် စစ်သူကြီးတစ်ယောက်နဲ့ လုံးဝမတူဘဲ ‌ပုပုညှက်ညှက်လူပြက်တစ်ဦးလို ဖြစ်နေတာပါ။ ဒါ့အပြင် စိတ်အထားအသို လူစဉ်မမီတာလည်း ဖုံးဖိလို့မရအောင် ထင်သာမြင်သာရှိပါတယ်။သူဟာ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့နောက်ပိုင်း မြို့တွေကို မီးလောင်တိုက်သွင်းခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အရပ်သားပြည်သူတွေနဲဲ့ စစ်တပ်ဆန့်ကျင်သူ ထောင်ချီပြီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေမှာ မြန်မာကို​ရော ၊ကမ္ဘာကိုပါ အဓိက လိမ်လည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အဲ့ဒီစစ်ဗိုလ်ချုပ်ဟာ ဘယ်သူပါလို့ အသိမပေးခင်မှာပဲ စာဖတ်သူသိပြီးသားဖြစ်တဲ့အထိ သူက နာမည်ကြီးသူဖြစ်ပါတယ်။ ကောင်းသောဂုဏ်သ
တင်းနဲ့နာမည်ကြီးတာတော့ မဟုတ်ပါဘူး။ ပြည်သူတွေက အော့နှလုံးနာပြီး ဇော်မဲလုံးလို့ အမည်ပေးထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းဖြစ်ပါတယ်။

လက်အောက်ငယ်သားကိုမာန်မဲဟိန်းဟောက်ပြီး အထက်အရာရှိကို မျက်နှာချိုသွေးတတ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ ၂၀၂၁ မတိုင်ခင်အထိစစ်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံရာထူးယူခဲ့ပါတယ်။ စစ်တပ်ကို အကာအကွယ်ပေးပြီး သတင်းတွေကို လိမ်လည် ထုတ်ပြန်ပါတယ်။ ပဒီးပတားတွေ ပြောပါဝယ်။ လိမ်ခိုင်းလို့ ကောင်းတဲ့ သူ့ကို အာဏာသိမ်းခေါင်းဆောင်က ရာထူး​တွေတိုး​ပေးပြီး ခိုင်းခဲ့ပါတယ်။

ဇော်မဲလုံးလို့ ပြည်သူတွေက ခေါ်ကြတဲ့ သူဟာ စစ်ကောင်စီကဖွဲ့စည်းတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ သတင်းအဖွဲ့ခေါင်းဆောင်၊ စစ်တပ်ရဲ့ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးတာဝန်တွေ ယူပြီး စစ်ရာဇဝတ်မှုတွေရဲ့တရားခံစစ်ကောင်စီကို အကာအကွယ်ပေးပါတယ်။ မုသာဝါဒကံကို ထမင်းစားရေသောက်သလို လွယ်လွယ်ကူကူ မျက်နှာပြောင်တိုက်ကျူးလွန်ပါတယ်။

သူက အာဏာသိမ်းစစ်တပ်ဟာ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ နဲ့အညီ လုပ်နေတာလို့ အာဂုံဆောင်ပြီး လူထုနဲ့နိုင်ငံတကာကိုလှည့်စားပါတယ်။ သူ့အားသာချက်ဖြစ်တဲ့ ကလိမ်စေ့ငြမ်းစင်ဖြေကြားချက်တွေက အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့တယ်။

သူတချိန်လုံး မုသာဝါဒ ဖောက်ပြားကျူးလွန်နေတဲ့အထဲက တချို့ကို ကြည့်ကြရအောင်။ ဒါတွေက လိမ်ညာရုံသက်သက်မဟုတ်ဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးငယ်တွေကို မြေပြင်မှာသေနတ်နဲ့ ပစ်သတ်တာဆိုရင် သူက သွေးစက်တွေကို ရှင်းလင်း ဖျောက်ဖျက် ပေးသူဖြစ်ပါတယ်။

ကလေးငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသတ်ဖြတ်မှုအပေါ် CNN သတင်းဌာနရဲ့ မေးမြန်းတဲ့အခါ PDFတွေက သတ်တာလို့ လိမ်ခဲ့ခြင်းဖြင့် စစ်ခေါင်းဆောင်ကို ကျေနပ်စေခဲ့တယ်။ စစ်ခေါင်းဆောင်လိုပဲ သူကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် တောက်လျှောက် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။၂၀၂၀ရွေးကောက်ပွဲမှာ မဲခိုးလို့ အာဏာထိန်းရတာလို့ အမြဲမပြတ်လိမ်ညာခဲ့တယ်။ပြည်သူလူထုကလည်း မင်း​အောင်လှိုင် နဲ့ ​ဇော်မင်းထွန်း ဆရာတပည့်နှစ်ယောက်ကို တစ်တန်းတစ်စားတည်းထားပြီး အော့နှလုံးနာမေတ္တာပို့ခဲ့တယ်။ တပ်ချုပ်၊ နိုင်ငံတော်သမ္မတ စသဖြင့် ကိုယ့်ဖဲကိုယ်ချိုးပြီး အာဏာရူးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်ကို မအလ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဇော်မဲလုံးဆိုပြီး ဆဲဆို လှောင်ပြောင်ခဲ့ကြတယ်။

ပဇီကြီးမှာ စစ်တပ်က ဗုံးကြဲပြီး ပြည်သူ ၂၀၀ ​လောက်အစုလိုက်အပြုံလိုက်သတ်တာကို PDF ​တွေ​ထောင်ထားတဲ့မိုင်း​တွေကွဲတာလို့သူကလိမ်ပါတယ် ။လက်ယက်ကုန်းကစာသင်​နေတဲ့က​လေး​တွေကို စစ်တပ်က ဗုံးကြဲသတ်တဲ့အခါ ​ကျောင်းမှာ PDF ​တွေက စစ်သင်တန်း​ပေး​နေလို့ ဆိုပြီးလိမ်ပြန်ပါတယ် ။ ကိုထိန်းလင်း ​ခေါ် ကင်အဲရစ် က မိခင်ဖြစ်သူကို ငါးနှစ်နီးပါးတိုင် မြင်​တွေ့ခွင့်မရအသံမကြားရလို့ သားဖြစ်သူရဲ့​​သောက နဲ့ မိခင်ဟာ စစ်တပ်လက်ထဲမှာ ကွယ်လွန်သွားတာ​တောင်ဖြစ်နိုင်ပြီး အသက်ရှင်လျက်ရှိ​ကြောင်း သက်​သေပြဖို့​တောင်းဆိုမှုကို ​ဇော်မင်းထွန်း က မတည်မငြိမ်ဖြစ်​အောင် နိုင်ငံ​ရေးအရ တိုက်ခိုက်တာလို့ စွပ်စွဲပုတ်ခက်ခဲ့ပါတယ် ။

စစ်ကောင်စီတပ်တွေကျူးလွန်သမျှ လိုက်ဖာရင်းလူပြက်လို ဖြစ်လာတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုအီရတ်ရဲ့ စစ်ဘုရင်ဆဒ္ဒန်ဟူစိန်လက်ထက်ပြန်
ကြားရေးတာဝန်ခံဘမိုဟာမက်ဆာယစ် အယ်လ်-ဆာဟတ်ဖ်နဲ့ သူ့ကို နှိုင်းယှဉ်သုံးသပ်လာကြတယ်။ ဆာဟတ်ဖ်ကဆဒ္ဒန်ဟူစိန်ကို သစ္စာခံပြီး သမိုင်းမလှခဲ့သလို ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သစ္စာခံပြီး မိုက်တွင်းနက်ခဲ့သူဖြစ်တယ်။

၂၀၀၃ နွေဦးတုန်းက Operation Iraqi Freedom စစ်ဆင်ရေးအမည်နဲ့အီရတ်နိုင်ငံကိုအမေရိကန် စစ်တပ်က ဝင်တိုက်နေချိန် ဆာဟတ်ဖ်က လက်တွေ့နဲ့ ကင်းကွာလွန်းတဲ့ လိမ်လည်ဝါဒဖြန့်မှုတွေနဲ့ ဆဒ္ဒန်ဟူစိန်ကို ကာဗာပေးခဲ့ပါတယ်။ သတင်းအမှားတွေနဲ့ဝါဒဖြန့်ရာမှာ ဇော်မဲလုံးနဲ့ ဆာဟတ်ဖ် တူညီတာတွေရှိခဲ့ပါတယ်။

အမေရိကန်တပ်တွေက ဘဂ္ဂဒက်မြို့ထဲကို ရောက်နေပြီး မြို့သိမ်းတော့မယ့် အခြေအနေမှာတောင် သူက ရုပ်မြင်သံကြားရှေ့မှာအေးအေးဆေးဆေးနဲ့ “ အမေရိကန်တွေ မြို့ထဲမရောက်သေးဘူး၊ သူတို့တွေ အသေအပျောက်များပြီး ဆုတ်ခွာနေရပြီ” လို့ ဝါဒဖြန့်ခဲ့တယ်။အမေရိကန်တင့်ကားတွေ ဘဂ္ဂဒက် လေဆိပ်ကို သိမ်းပိုက်ထားချိန်မှာ သူက “ လေဆိပ်မှာ အမေရိကန် တစ်ယောက်မှ မရှိဘူး၊ ကျူးကျော်သူတွေဟာ လေဆိပ်နားတောင် မကပ်နိုင်ပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ နောက်ဆုံးတော့ ဆဒ္ဒန်ဟူစိန်ကို အမေရိကန်စစ်သားတွေက ဖမ်းမိသွားပြီး တရားစွဲဆို ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်‌ဇော်မင်းထွန်းကလည်း ၅ နှစ်တာလုံး လိမ်ညာဝါဒဖြန့်နေခဲ့တာကနေ ရှေ့ကဖုံး နောက်ကပေါ် အဖြစ်နဲ့ သူခိုးလူမိသလိုဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ စစ်ခေါင်းဆောင်နဲ့တစ်သံတည်းထွက်တဲ့ NLDအစိုးရက မဲခိုးတယ်ဆိုတဲ့ကိစ္စပါ။ မဲခိုးတယ်ဆိုပြီး တတွတ်တွတ်ပြောတတ်တာကလွဲပြီး ဘာသက်သေမှ မပြနိုင်ပါဘူး။ ဒီလိုဖုံးဖိမှုကိုမရှက်တတ်ပေမယ့် ရှက်ဖွယ်ဖြစ်ရပ်က ရှိနေပါတယ်။မြန်မာစစ်တပ်ဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့လုံးဝမပတ်သက်ဘူးလို့တောက်လျှောက်လိမ်ညာနေခဲ့တာပါ။ ဒါပေမယ့် တရုတ်က ဖမ်းခိုင်းတဲ့အခါ စစ်အုပ်စုရဲ့ထိပ်တန်းအရာရှိတွေပါ ပြန်ဖမ်းရတဲ့အထိ ပရမ်းပတာဖြစ်ကုန်ပါတယ်။

အဲ့ဒီလိုနည်းနဲ့ စစ်ခေါင်းဆောင်ကိုမျက်နှာပြောင်တိုက်အကာအကွယ်ပေးရင်း ပြည်သူလူထုက သူ့ကို လူပြက်တစ်ယောက်လို မြင်လာပါတယ်။ သူပြောသမျှကို လှောင်ပြောင်ကြပါတယ်။ သူက အင်္ဂလိပ်ဘာသာနဲ့ ​ကောင်း​ကောင်းမ​ပြောတက်​ပေမယ့် အင်္ဂလိပ်လိုတွေ ကြားညှပ်ပြောရင်း လူရာဝင်ဖို့ ကြိုးစားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လက်ရှိအမေရိကန်သမ္မတ Donald Trump ပြောခဲ့တဲ့ “ Make America Great Again” ဆိုတာကို ဗိုလ်ချုပ်ဇော်မင်းထွန်းက လှည်းကျိုးမောင်းပျက်လေယူလေသိမ်းနဲ့တစ်တစ်ခွခွ ပြောခဲ့တာက လူမှုကွန်ယက်မှာ ဟားတိုက်စရာ ပြကွက်ဖြစ်ခဲ့ပါတယ် ။

ဒါပမယ့်သူက လူအများပြက်ရယ်ပြုစရာ ၊ ​လှောင်စရာဖြစ်လည်း အာဏာသိမ်း​ခေါင်း​​ဆောင်အတွက်အ​စွမ်းကုန် အမှုထမ်းခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သစ္စာခံခဲ့ပါတယ်။ ဒါပေမယ့် သစ္စာခံလူပြက်တစ်ယောက်ရဲ့ ဇာတ်သိမ်းဟာ မလှခဲ့ပါဘူး။

သူ့ကိုယ်သူ နိုင်ငံတော်သမ္မတရာထူးပေးပြီး လိုဘပြည့်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သစ္စာခံတပည့်ကျော် ဗိုက်ကလေးကို လမ်းခုလတ်မှာပဲ ကန်ထုတ်လိုက်ပါပြီ။

ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ မတ်လနှောင်းပိုင်းကစပြီး လူမြင်ကွင်းကနေ ရုတ်တရက်ပျောက်သွားပါတယ်။ သူနေရာကိုနောက်တစ်ဦးနဲ့အစားထိုးထားပါတယ်။ ​နေအိမ်အကျယ်ချုပ်နဲ့ စစ်​ဆေးခံထားရတဲ့လို့သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်ကောင်စီရဲ့ပွဲတကာမှာ လူလုံးပြနေကျ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာမတ်လ ၂၇ ရက် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်မှူးကြီးရာထူးကိုမဖြုတ်သေးဘဲ သမ္မတဘွဲ့ခံနေတဲ့စစ်ခေါင်းဆောင်က သူ့‌အပေါ် သစ္စာခံခဲ့သူတွေဆိုပြီး ဂုဏ်ပြုနေတဲ့အထဲမှာလည်း ဗိုလ်
ချုပ်ဇော်မင်းထွန်းမပါတော့ပါဘူး။ စစ်ကောင်စီကဖွဲ့စည်းတဲ့ဝန်ကြီးဌာနတွေမှာလည်း သူ့အမည်ပါဝင်လာခြင်းမရှိတော့ပါဘူး။သူ့အကြောင်း သတင်း
ထုတ်ပြန်အသိပေးခြင်းလည်းမရှိသေးပါဘူး။

မုသာဝါဒတွေနဲ့ကလိမ် စေ့ငြမ်းစင်တတ်တဲ့ရယ်စရာ လူပြက်တစ်ယောက်ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားတဲ့အပေါ် မှန်းဆချက်အမျိုးမျိုး၊သတင်းအဖုံဖုံထွက်ပေါ်နေပါတယ်။

အာဏာခေါင်းဆောင်ဟာ ခါးရိုးဆစ်ပေါင်းရောဂါကိုပြီးခဲ့တဲ့မတ်လ၂၀ရက်နေ့မှာ အိန္ဒိယဆရာဝန်တွေနဲ့ ၂ နာရီကြာ ခွဲစိတ်ကုသခဲ့ရပါတယ်။ အဲဒီသတင်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းကထုတ်ပြန်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ကျန်းမာရေးပြဿနာရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းအပေါ်ပြည်သူတွေက ဝမ်းသာအားရ မှတ်ချက်ပြုကြပါတယ်။

သတင်းထုတ်ပြန်ပုံက နိုင်ငံရေးအရ အရှုံးပြတယ်လို့ စစ်ခေါင်းဆောင်ကယုံကြည်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို အမြင်ကတ်သွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါအပြင်ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့သူ့မိန်းမက အဂတိလိုက်စားမှုတွေရှိနေလို့ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ သူခိုးကြီး ငတက်ပြားလက်​မြှောက်ရတဲ့ မင်း​အောင်လှိုင်ရဲ့သူခိုးကြီးများတပ်ဖွဲ့မှာအဂတိလှိုက်စားမှုဆိုတာ အမြင်ကတ်ပုဒ်မဖြစ်ပါတယ်။အာဏာသိမ်း​ခေါင်း​ဆောင်က အာဏာ
သိမ်း​ဖော်သိမ်းဖက် လူမိုက်​တွေကို အမြင်ကတ်လို့ အ​ရေးယူချင်ရင် သူခိုးအချင်းချင်း​တောင် အဂတိဆိုပြီးအ​ကြောင်းပြတာပါ။

အာဏာသိမ်းအုပ်စုရဲ့ ပြည်ထဲ​ရေးဝန်ကြီးဗိုလ်ချုပ်
စိုးထွဋ်ကစပြီး ဗိုလ်ချုပ်​ဇော်မဲထွန်းအထိ သူတို့ အချင်းချင်းကြား​နောက်​ကျောဓါးနဲ့ထိုးရင် အ​ကြောင်းပြတာက အဂတိမှုပဲဖြစ်ပါတယ် ။မင်း​အောင်လှိုင် မပြုတ်​သေးသမျှ ​ဇော်မင်းထွန်းက​နောက်ဆုံးဖြစ်မှာ မဟုတ်ပဲ ​ရှေ့မှာ သူ့အ​ဖော်​တွေထပ်တိုးလာဦးမှာပဲဖြစ်ပါတယ် ။

နောက်ထပ်ထွက်ပေါ်နေတဲ့သတင်းတစ်ခုကတော့ စစ်ခေါင်းဆောင်ကသူသစ္စာခံရတဲ့ တရုတ်အစိုးရကိုမလွန်ဆန်နိုင်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တရုတ်ကဖမ်းခိုင်းလို့ ဖမ်ရတယ်ဆိုတာပါ။ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ တရုတ်အစိုးရက ပြည်ပကို ရောင်းချခွင့်ပိတ်ထားတဲ့ ဒရုန်းတွေ မြန်မာကုမ္ပဏီတွေက တရားမဝင်ဝယ်ယူရာမှာ ပါဝင်ပတ်သက်နေတယ်လို့ တရုတ်အစိုးရကတိုင်ကြားလို့စစ်ဆေးနေတယ်လို့ ဧရာဝတီ သတင်းဌာနကဖော်ပြထားပါတယ်။

သုံးသပ်မှန်းဆချက်တွေ ဘယ်လိုပဲရှိရှိ လက်တွေ့ကျတာကတော့ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက သမ္မတရူးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဝါဒဖြန့်လိမ်လည်သစ္စာခံပြီး မျက်နှာပြောင်တိုက်လူတွင်ကျယ်လုပ်နေခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ လူမြင်ကွင်းကနေပျောက်ကွယ်သွားပြီး ပြန်ပေါ်မလာတော့တာပါပဲ။

မုသာဝါဒကို အာဂုံ​ဆောင်ပြီး အငြင်းသန်တဲ့ လူပြက်တစ်ယောက်ဟာ ဘယ်​ချောင်မှာကပ်နေလဲဆိုတာ ပြည်သူ​တွေအတွက် အရေးမပါလှပေမယ့် သူကြံရာပါကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပြန်ခံဖို့တော့ လူထုရှေ့မှောက် ပြန်ရောက်လာရပါအုံးမယ်။ဒါ​ကြောင့် မင်း​အောင်လှိုင်ရဲ့ အ​ရေးယူမှုဟာ သူ့အတွက်နိဂုံးမဟုတ်ပါဘူး။ ပြည်သူ​တွေရဲ့ အ​ရေးယူမှုကသာ သူ့အတွက်နိဂုံးဖြစ်ပါလိမ့်မယ် ။

အဲ့ဒီအချိန်ကျရင်တော့ ” အာ့ ကျကျ ” လို့အစချီပြီး လိမ်လည်ဖုံးကွယ်ခြင်းက အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

မနက်စာမစားရသေးရင်တော့ဒီဆောင်းပါးကိုမဖတ်ပါနဲ့ဦး။စားပြီးပြီဆိုရင်တော့အချိန်နည်းနည်းပေးပြီးဖတ်ကြည့်ပါ။

အတွေးအမြင်

ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေကြား အထိန်းနဲ့ အထေဆိုသလို အပြန်အလှန် ထိန်းကျောင်းတာဝန်ခံကြရတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဆက်သွယ်ပြန်ကြားရေး မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင် နဲ့ ပြည်သူလူထုဆိုတဲ့ ပဥ္စမ မဏ္ဍိုင်တွေဟာလည်းကျန်တဲ့ မဏ္ဍိုင်သုံးခုကို ပြင်ပကနေ ထိန်းကျောင်းဖို့ အားထုတ်ကြိုးပမ်းရတဲ့ တာဝန် ရှိပါတယ်။

အတွေးအမြင်

သင်္ကြန်ရောက်တော့မယ်လို့ ဆိုလိုက်တာနဲ့ စိတ်အာရုံထဲမှာ အလိုအလျောက် ပေါ်လာတတ်တာကတော့ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ၊ သင်္ကြန်သီချင်းတွေပဲ ဖြစ်ပါတယ်။

အတွေးအမြင်

လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်တစ်ယောက် သူအဓမ္မလုယူထားတဲ့ သမ္မတရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုရတော့မှာပါ။

Facebook