Connect with us

Hi, what are you looking for?

အတွေးအမြင်

ဗျူဟာနဲ့ လိုရာ ထပ်တူမကျသရွေ့

ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေကြား အထိန်းနဲ့ အထေဆိုသလို အပြန်အလှန် ထိန်းကျောင်းတာဝန်ခံကြရတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဆက်သွယ်ပြန်ကြားရေး မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင် နဲ့ ပြည်သူလူထုဆိုတဲ့ ပဥ္စမ မဏ္ဍိုင်တွေဟာလည်းကျန်တဲ့ မဏ္ဍိုင်သုံးခုကို ပြင်ပကနေ ထိန်းကျောင်းဖို့ အားထုတ်ကြိုးပမ်းရတဲ့ တာဝန် ရှိပါတယ်။

(စစ်တပ်ကနိုင်ငံတစ်ဝန်း ပြည်သူ့​အိမ်​တွေကိုမီးရှို့ဖျက်ဆီးထားမှု​ကြောင့်ပြည်သူ​တွေပူ​ဆွေး​ဝမ်းနည်း​နေရတာ​ကြောင့် မီး​လောင်ပြင်မှာ ပူပန်​သောက​ရောက်​နေရတဲ့ ​နောက်ခံနဲ့ "​ကြောက်တဲ့​ခေတ်ကို​မှောက်ပစ်မယ် မီးလျှံသံချပ်" ​ဖျော်​ဖြေ​နေစဥ်။ ဓါတ်ပုံ-The Spark-မီးလျှံ )

-မသီတာ-စမ်းချောင်း​ရေးသားသည်။

ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေကြား အထိန်းနဲ့ အထေဆိုသလို အပြန်အလှန် ထိန်းကျောင်းတာဝန်ခံကြရတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဆက်သွယ်ပြန်ကြားရေး မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင် နဲ့ ပြည်သူလူထုဆိုတဲ့ ပဥ္စမ မဏ္ဍိုင်တွေဟာလည်းကျန်တဲ့ မဏ္ဍိုင်သုံးခုကို ပြင်ပကနေ ထိန်းကျောင်းဖို့ အားထုတ်ကြိုးပမ်းရတဲ့ တာဝန် ရှိပါတယ်။

ရှိရှိသမျှ မဏ္ဍိုင်တွေမှာနေရာဝင်ယူပြီး အလုပ်လုပ်မယ်ဆိုရင် အဲဒါဟာ ဘယ်နည်းနဲ့မှ ဒီမိုကရေစီ မဖြစ်နိုင်တော့ပါဘူး။ မဏ္ဍိုင်တွေရဲ့ အလုပ်တွေ လုပ်ဆောင်ရာမှာ လူတချို့စိတ်ကြိုက် ဖြစ်အောင် လုပ်ပေးနိုင်ရုံ နဲ့ စစ်တပ်မှာ ကောင်းတဲ့လူ/အရာတွေ ရှိပါသေးတယ်လို့ ရှုမြင်တာဟာ ဒီမိုကရေစီဆိုတာကို နကန်းတစ်လုံးမှ နားမလည်ရာသာ ရောက်ပါမယ်။ စနစ်တွေမှာ ကောင်းခြင်း-ဆိုးခြင်းဆိုတဲ့ အမြင်နဲ့ ဆုံးဖြတ်ရတာ မဟုတ်ဘဲ ကျင့်ဝတ်နဲ့အညီ ဘယ်လိုအားထုတ် တာဝန်ကျေသလဲဆိုတဲ့ တိုင်းတာမှုနဲ့ လည်ပတ်ထိန်းကျောင်းရတာပါ။

ဒီမိုကရေစီမှာလူတိုင်းတစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်ဆိုတာ ဒီလိုသိနားလည်မှုတွေကို ဆိုလိုတာပါ။ ခေါင်းဆောင်ကောင်းရုံနဲ့ ဒီမိုကရေစီ မရနိုင်တာ ဒါကြောင့်ပါပဲ။ ကိုယ်ကတော့ နေချင်သလို နေမယ်၊ ကဲချင်တာ ကဲမယ်၊ ဆိုးချင်လည်း ဆိုးမယ်၊ ဒီမိုကရေစီခေါင်းဆောင်တွေ မဏ္ဍိုင်သုံးရပ်ထဲကလူတွေကတော့ တော်ကောင်းလိမ္မာ ရိုကျိုးအပြစ်ကင်းမှ ဖြစ်မယ်လို့ စဉ်းစားနေတာဟာ နိုင်ငံသားကောင်း မဟုတ်သူတွေ လုပ်တဲ့အလုပ်မျိုးသာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီမှာ လူထုထဲက လူတစ်ယောက်ချင်းစီရဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ့အရေးတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု၊ ကိုယ့်အခန်းကဏ္ဍအလိုက် ကိုယ့်တာဝန်ကိုယ် ကျေပွန်မှု၊ အာဏာသုံးရပ် ခွဲဝေကျင့်သုံးတဲ့စနစ်အပေါ် သက်ဝင်ယုံကြည်ပြီး ကိုယ့်ဘက်က လုပ်စရာရှိတာကိုလုပ်ဆောင်နိုင်မှု ဒါတွေဟာ သိပ်အရေးပါပါတယ်။

အချိန်ကြာလာတာနဲ့အမျှ နားလည်မှု လွဲမှားနေတာတစ်ခုကတော့ လူတိုင်းက နေရာတိုင်းမှာ အဆုံးအဖြတ်တွေ လိုက်ပေးပြီး ဘာမဆိုဝင်ပါ၊ ဝင်ဆရာလုပ်ကြတာကို ဒီမိုကရေစီရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်လို့ နားလည်နေကြတာမျိုးပါပဲ။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလူ့ရပိုင်ခွင့်ကိုကျင့်သုံးတဲ့အခါမှာတော့ တာဝန်ယူမှု တာဝန်ခံမှုနဲ့တကွ ကိုယ့်ကျွမ်းကျင်မှုကို အခြေခံတဲ့ နယ်နမိတ် အကန့်အသတ်ကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ကိုယ့်သက်မွေးပညာရပ်နဲ့ မဆိုင်တဲ့၊ နက်နဲတဲ့ နိုင်ငံရေးမဟာဗျူဟာလို ကိစ္စမျိုးတွေကို သေချာလေ့လာထားတာ မဟုတ်ဘဲ ကိုယ် နားလည်ချင်သလို နားလည်ထားတဲ့ အတွေးအမြင်မျိုးတွေနဲ့ စတုတ်တိုက်ပြီး မှတ်ချက်ပေး ဝေဖန်ပြောဆို ပွဲခံနေကြတာဟာနိုင်ငံ့အကျိုးလူ့အဖွဲ့အစည်းအကျိုးအတွက် အထောက်အကူကောင်း မဖြစ်စေပါဘူး။

အဲဒီလို ကိုယ်သိထားတဲ့ဗဟုသုတတချို့ကို အခြေခံပြီး ကိုယ် လိုရာဆွဲပြောတဲ့ လွတ်လပ်စွာ ထင်မြင်ပြောဆိုမှုတွေဟာ ကိုယ့်ထက် သိထားသူတွေဘက်က ကြည့်ရင် အထင်အမြင် သေးစရာ ဖြစ်ပေမဲ့ ကိုယ့်လောက် မသိထားသူတွေအတွက်တော့ အထင်ကြီးအားပေးစရာ ဖြစ်ကောင်းဖြစ်မှာပါ။ (မြန်မာ့လူ့ဘောင်ဟာ ကိုယ် ဘာမသိနေဘူးလဲဆိုတာကိုတောင် မသိကြတဲ့လူ့ဘောင်မျိုးဆိုတော့ လိုရာဆွဲပြောတတ်ရုံနဲ့ အထင်ကြီးအားပေးခံရနိုင်ခြေကလည်း များမှများပါပဲ။ ဒါ့အပြင် အများက အားပေးရုံနဲ့ ဒီမိုကရေစီကျကျ မှန်ကန်လေရဲ့လို့ တလွဲတွေးတာကလည်း အားကောင်းနေတုန်းကိုး) ဒါပေမဲ့ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကျင့်သုံးရတဲ့ ရည်ရွယ်ချက်ဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ကောင်းကျိုးအလို့ငှာသာ ဖြစ်ရမယ် မဟုတ်ပါလား။ ကိုယ့်စိတ်အဆာပြေရုံ၊ ကိုယ့်ကို ထောက်ခံအားပေးသူတွေ ရလာရုံအတွက် ဒီလွတ်လပ်ခွင့်တွေကို အသုံးချတယ်ဆိုတာဟာနိုင်ငံသားကောင်းရဲ့ လုပ်ရပ်မှ မဟုတ်ပါဘဲ။

နွေဦးတော်လှန်ရေးမှာလည်း ဦးဆောင်သူတွေကိုသာ ခြောက်ပြစ်ကင်းသဲလဲစင်ပြီး မဟာဗျူဟာတွေပြောင်မြောက်ကောင်းမွန်စေချင်ကြတာ ကိုယ်တိုင်မှာကျတော့ ပြောချင်သလိုပြော၊ နေချင်သလိုနေပြီး ဗျူဟာမဲ့ ထောက်ပို့တို့၊ ဗျူဟာကင်းစင် ဆိုရှယ်မီဒီယာတခွင် ထင်တိုင်းကြဲတို့ လုပ်နေကြတာတွေကို မြင်လာနေရပါတယ်။ ဒါဟာ တာဝန်သိ တက်ကြွသော လူသားတစ်ယောက်ရဲ့ လုပ်အပ်တဲ့ အလုပ်တွေ မဟုတ်ဘူးလေ။ စစ်သည်မှာ စစ်သည်ကျင့်ဝတ်ရှိသလို သာမန်နိုင်ငံသား/လူသားတစ်ယောက်မှာလည်း သက်ဆိုင်ရာ ကျင့်ဝတ်ဆိုတာတွေ ရှိပါတယ်။ အနည်းဆုံးကိုယ့်ကာယကံ၊ ဝစီကံတွေအပေါ် ကိုယ်တိုင်က တာဝန်ခံကြရမှာပါ။ တာဝန်ယူ-တာဝန်ခံမှုမှမပါရင်လွတ်လပ်မှုဆိုတာ ပရမ်းပတာဖြစ်မှုလို့ အနက်ပြန်နေရမှာပေါ့။

တော်လှန်ရေးကျတော့ တစုံလုံး တခုလုံး အမြန်ဆုံး အောင်မြင်ချင်တယ်။ အဲဒီလို အောင်မြင်ဖို့အတွက် မဟာဗျူဟာကိုလည်း ကောင်းစေချင်တယ်။ ဦးဆောင်သူတွေကို မဟာဗျူဟာကျကျ အလုပ်လုပ်တာမျိုးမြင်ချင်တယ်။ ဒါတွေကတကယ်ကောင်းတဲ့ စေတနာနဲ့ အတွေးတွေပဲ ဖြစ်ပါတယ်။ ခက်နေတာကတော့ ကိုယ့်ထောက်ပို့ဗျူဟာကျမှ ကိုယ့်စိတ်နဲ့ အဆင်ပြေတဲ့တပ်/အစုအဖွဲ့က လွဲရင် ကျန်တဲ့ ဘယ်တပ် ဘယ်အစုအဖွဲ့ ဘယ်ဦးဆောင်သူကိုမှ စိတ်ကူးနဲ့တောင် မကူဘူးကွဆိုတဲ့ ဗျူဟာ သုံးကြတာပဲ။ ကလေးကလား ဥပမာ ပေးရရင် စားချင်တာကတော့ ပီဇာတစ်ချပ်လုံးပဲ ငွေချေတဲ့အခါကျတော့ တစ်စိတ်ဖိုးပဲ ချေမယ်ဆိုရင် ပြန်ရမှာက တစ်ချပ်လုံးတော့ မဖြစ်နိုင်ဘူးလေ။ ကိုယ် လိုရာအတွက်ကိုက်ညီတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ လိုအပ်ပါတယ်။

အဲဒီလိုပါပဲ။ အနာဂတ်မြန်မာ့လူ့ဘောင်ကို လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျင့်သုံးတဲ့အခါ ဘာအန္တရာယ်မှ မကျရောက်နိုင်ဘူးလို့ စိတ်ချယုံကြည်ရတဲ့ အာမခံချက်ရှိတဲ့ လူ့ဘောင်အဖြစ် လိုချင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်သူတွေကို တံဆိပ်အမျိုးမျိုး တပ်ပြီး ရိသဲ့သဲ့ ပြော၊ နှိမ်ချချ ဆက်ဆံ၊ ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွာဆိုတာမျိုး ကျင့်သုံးနေကြတာဟာ တော်လှန်ရေး အလွန် ဆက်ဆံရေးနည်းနာ ဖြစ်နေပါပေါ့လား။

ဒီလိုကိုယ့်လွတ်လပ်ခွင့်ကို ကျင့်သုံးတာဟာ တာဝန်မဲ့တာအပြင် အမြော်အမြင်မဲ့တာလည်း ဖြစ်နေပါတယ်။ တော်လှန်ရေးရဲ့ လိုရာအနှစ်သာရပန်းတိုင်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အရေးကိစ္စမျိုးတွေ (ခုရက်ပိုင်းဆိုရင် သင်္ကြန်ပွဲ)ကို အကြောင်းပြုပြီး ဘက်တွေ ခွဲကြ၊ ပြည်တွင်းပြည်ပနယ်စပ် နေရာဒေသနဲ့ အနေအထားအလိုက် ငြင်းခုန်ပြစ်တင်ကြဆိုတာမျိုးကို လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ခေါင်းစဉ်အောက်မှာ အသုံးချနေကြတာဟာ ဘယ်လိုဗျူဟာမျိုးပါလိမ့်လို့ တွေးမရဖြစ်ရပါတယ်။ ဒီလို အမူအကျင့်မျိုးနဲ့ အနာဂတ်လူ့ဘောင်ကို စိတ်ချယုံကြည်အေးချမ်းတဲ့ လူ့ဘောင်အဖြစ် ဘယ်လိုမျိုး တည်ထောင်နိုင်ကြမှာပါလိမ့်။

အနာဂတ်လူ့ဘောင်ကို တည်ဆောက်ကြရမယ့်သူတွေဟာ တော်လှန်ရေးဦးသျှောင်တွေ လက်နက်ကိုင်တပ်တွေချည်းမှ မဟုတ်ဘဲ၊ လူ့ဘောင်ထဲက တစ်ဦးတစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေနဲ့ပဲ တည်ဆောက်ရမှာ မဟုတ်လား။ ပေါက်ချင်တာက ငွေကြေးသန်းပေါင်းများစွာရမယ့် ထီမျိုး။ ထီလက်မှတ်တော့ မဝယ်ချင်ဘူးဆိုသလို အနာဂတ်လူ့ဘောင်ကြီး အေးချမ်းတာတော့ လိုချင်တယ်၊ ငါတို့ကတော့ စိတ်အဆင်မပြေရင်စတုတ်တိုက်ပြစ်တင်၊ ဆဲရေး၊ ခြိမ်းခြောက်လေးလောက်မှ မလုပ်ဘဲ မနေနိုင်ပေါင်ဆိုတာမျိုး ဖြစ်နေကြပါရောလား။

ဒါ့အပြင် ဒီမိုကရေစီဆိုတာ အာဏာရှင်အစိုးရထဲက ဦးဆောင်သူတစ်ယောက်ယောက်ကို အပြတ်ရှင်းလိုက်ရုံနဲ့ ရလာမယောင် တွေးထင်နေကြတာဟာလည်း လိုရာနဲ့ ဗျူဟာ အလွဲပါပဲ။ ကိုယ့်အရေးမှာတင်မက နိုင်ငံတကာအရေးမှာပါ အဲဒီလို တွေးထင်နေကြတာကို သတိထားမိပါတယ်။ တရုတ်နဲ့ ပတ်သက်ရင် ကိုယ့်ကိစ္စမှာ ဝင်စွက်လို့ မကြိုက်ရာက တရုတ်ကို အပြုတ်ဆော်မယ်လို့ အာကျယ်တဲ့ အမေရိက သမ္မတကြီးက ဘာလုပ်လုပ် မှန်တယ်ဆိုပြီး တွေးလာကြတာမျိုးပေါ့။လိုရာကကိုယ့်နိုင်ငံက စစ်အာဏာရှင် ပြုတ်ကျစေချင်တာမှာ ရပ်မသွားဘူးဆိုတာကိုသဘောပေါက်ကြဖို့ လိုပါတယ်။ အာဏာရှင်မှန်သမျှ မပေါ်ပေါက်ရေးနဲ့ လူ့ဘောင်မှာ လူ့ရပိုင်ခွင့်နဲ့အညီ တန်းတူညီမျှ လွတ်လပ်လုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကသာ နွေဦးတော်လှန်ရေးရဲ့ လိုရာပန်းတိုင် ဖြစ်ပါတယ်။

အီရန်မှာ ခါမေနီ သေသွားပေမဲ့ အာဏာရှင်အစိုးရယန္တရားဟာ ပြုတ်မကျသေးသလို အီရန်ပြည်သူတွေက အဲဒီအစိုးရကိုဖြုတ်ချဖို့ထက်အမေရိက-အစ္စရေး စစ်ဗျူဟာကို ကန့်ကွက်ဖို့ဘက် လုပ်လာနေကြတာမျိုးပါ။ အီရန်က လူထုအရေး တက်ကြွသူတစ်ယောက် ပြောသလို အရင်က အာဏာရှင်ဆန့်ကျင်ရေးသမားတွေက လမ်းမတွေပေါ် ဆန္ဒပြခဲ့ကြပြီး အခုကျတော့ အာဏာရှင်ထောက်ခံသူတွေက လမ်းမတွေပေါ်မှာ ရောက်လာကာ အမေရိက-အစ္စရေးစစ်ဗျူဟာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်သူတွေ ဖြစ်လာနေတာမျိုးပါ။ ပြင်ပ ပယောဂတိုင်းဟာ ပြည်တွင်းက ပြည်သူတွေရဲ့ လိုရာအစစ်အမှန်ကို ဆောင်ကြဉ်းပေးနိုင်တာမျိုး မဟုတ်ဘူးဆိုတာ အီရန်နမူနာက ပြသနေပါတယ်။ အရေးကြီးတာက ပြည်သူလူထုရဲ့ နိုင်ငံရေးကိုယ်ခံအားနဲ့လိုရာနဲ့ကိုက်ညီတဲ့ဗျူဟာမြောက်ပြုမူပြောဆိုကျင့်ကြံမှုတွေပါ။

ဒါကြောင့် ပြင်ပစွက်ဖက်မှုနဲ့ ပတ်သက်ရင် ရန်သူလုပ်ဗျူဟာရော၊ ကယ်တင်ရှင်သတ်မှတ်ဗျူဟာပါ ပြည်တွင်းပြည်သူလူထုအတွက် အလုံးစုံ မှန်ကန်တဲ့ ဗျူဟာလို့ မသတ်မှတ်နိုင်တာကို သတိချပ်ကြရပါမယ်။ အဲဒီအစား ကိုယ့်လိုရာအစစ်အမှန်ဖြစ်တဲ့ ကိုယ့်လူ့ဘောင်အတွင်းဒီမိုကရေစီသဘောတရားနဲ့အညီ စိတ်ချလုံခြုံအေးချမ်းတဲ့ အနေအထားဖြစ်အောင် ကိုယ့်အပြုအမူ အပြောအဆို အကျင့်အကြံတွေကို ဗျူဟာမြောက် လုပ်ဆောင်ဖို့ကသာ အခရာ ကျ၊ အရေးကြီးလှပါတယ်။

လိုရာနဲ့ ဗျူဟာဟာတထပ်တည်းမကျနေရင်လိုရာက အမြန်မရောက်လာတာ မဆန်းကြယ်ဘူး မဟုတ်လား။ တော်လှန်ရေး ဦးဆောင်သူတွေမှာချည်းပဲ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရှိရမှာ မဟုတ်ပါဘူး။အားလုံးပတ်သက်နေသူ၊မြန်မာ့လူ့ဘောင်သူ လူ့ဘောင်သားအားလုံးမှာလည်း မဟာဗျူဟာ၊ နည်းဗျူဟာတွေအတိုင်း ပြုမူနေထိုင် ပြောဆိုကျင့်ကြံကြဖို့ လိုပါတယ်။ ကိုယ် စိတ်အဆင်ပြေတဲ့ အစုအဖွဲ့က လွဲရင် ကျန်သူတွေကို ပစ်ပယ်ခွဲခြားတိုက်ခိုက်တတ်တဲ့ ဗျူဟာကို သုံးပြီဆိုရင်တော့ တော်လှန်ရေးတစုံလုံးရဲ့ လိုရာပန်းတိုင်ဖြစ်တဲ့ ခွဲခြားဆက်ဆံမှု ကင်းစင်တဲ့၊ တန်းတူအခွင့်အရေးကို အာမခံတဲ့ အနာဂတ်လူ့ဘောင်ဟာ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပါဘူး။

ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီဟာ တော်လှန်ရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူကြတယ်ဆိုရင် ကိုယ့်ရဲ့ ပြောဆိုပြုမူကျင့်ကြံတဲ့ ဗျူဟာအသေးစိတ်ကို ပြန်လည် သုံးသပ်စိစစ်ကြဖို့ လိုပါတယ်။လိုရာ နဲ့ ကိုက်ညီတဲ့ ဗျူဟာကို သုံးနေတာမှ ဟုတ်ရဲ့လားလို့ ပြန်လည်ဆန်းစစ်ကြရပါမယ်။ဗျူဟာကတစ်မျိုးဆိုရင် လိုရာကလည်း တလွဲပြောင်းသွားမယ်ဆိုတဲ့ အသိနဲ့ တော်လှန်ရေးခရီး ဆက်နိုင်ကြပါစေ။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

မနက်စာမစားရသေးရင်တော့ဒီဆောင်းပါးကိုမဖတ်ပါနဲ့ဦး။စားပြီးပြီဆိုရင်တော့အချိန်နည်းနည်းပေးပြီးဖတ်ကြည့်ပါ။

အတွေးအမြင်

သင်္ကြန်ရောက်တော့မယ်လို့ ဆိုလိုက်တာနဲ့ စိတ်အာရုံထဲမှာ အလိုအလျောက် ပေါ်လာတတ်တာကတော့ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ၊ သင်္ကြန်သီချင်းတွေပဲ ဖြစ်ပါတယ်။

အတွေးအမြင်

နှစ်အနည်းငယ်အတွင်း လူပြက်တစ်ယောက် ဖြစ်လာမယ့် စစ်ဗိုလ်ချုပ်တစ်ဦးက စစ်ရေးပြအခမ်းအနားတစ်ခုမှာ သူ့ကိုယ်သူ အရေးပါဆုံးလူတစ်ယောက်လို ပုံဖမ်းထားပါတယ်။

အတွေးအမြင်

လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်တစ်ယောက် သူအဓမ္မလုယူထားတဲ့ သမ္မတရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုရတော့မှာပါ။

Facebook