-အမောင်ရေးသားသည်။
မနက်စာမစားရသေးရင်တော့ဒီဆောင်းပါးကိုမဖတ်ပါနဲ့ဦး။စားပြီးပြီဆိုရင်တော့အချိန်နည်းနည်းပေးပြီးဖတ်ကြည့်ပါ။
သင်ထမင်းငတ်ဖူးပါသလား။ပျော်စရာမကောင်းတဲ့မေးခွန်းဆိုတာစာရေးသူသိပါတယ်။
ငယ်ငယ်တုန်းကကျီးကန်း ပါးစပ်ဖြစ်တာ၊လက်သည်းတွေမှာအဖြူပွင့်ကလေးတွေ ထွက်လာတာတွေဖြစ်ဖူးပါသလား။ ကိုယ့်အတန်းထဲကသူငယ်ချင်းတချို့အခုလိုဖြစ်တာရောမှတ်မိပါသလား။စာရေးသူကတော့ ကိုယ်ကိုယ်တိုင်ကြုံဖူးသလိုသူငယ်ချင်းတွေရဲ့အဖြစ်ကိုလည်းမှတ်မိနေ ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက်ကြုံတွေ့ရတဲ့ဇာတ်လမ်းရှည်ပါ။ “မုဆိုးမလေးဂင်္ဂါ”ထက်အများကြီးပိုရှည်လျားပြီးအဆုံးမသတ်နိုင်တဲ့ဇါတ်လမ်းတွဲပါ။ရှင်းပါတယ်။ဒါဟာစားနပ်ရိက္ခာအဟာရမလုံလောက်မှုရဲ့လက္ခဏာတွေပါပဲ။
မြန်မာနိုင်ငံဟာကျွန်တော်တို့ငယ်ငယ်တုန်းကထက်ပိုကြမ်းတမ်းတဲ့အငတ်ဘေးကိုရင်ဆိုင်နေရပြီ၊ရင် ဆိုင်ရတော့မယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေကပြောနေပါပြီ။သတိပြုကြပါ။
ကမ္ဘာ့ဘဏ်ကတော့စားနပ်ရိက္ခာလုံလောက်မှု (Food Security)ကိုအချက် ၄ ချက်နဲ့တိုင်းတာပါတယ်။တစ်အချက်ကတော့လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးလမ်းကြောင်းရှိနေတာအပြင်ရိက္ခာသိုလောင်ထားမှုလည်းရှိတာဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အစားအစာကတော့ရှိနေတယ်၊ဒါပေမယ့်ကိုယ့်ဝင်ငွေ၊ကုန်ဈေးနှုန်းနဲ့ဈေးကွက်အခြေအနေအရလက်လှမ်းမှီရဲ့လားဆိုတဲ့အချက်ပါ။
တတိယအချက်ကတော့အဟာရကိစ္စပါပဲ။အစာတော့စားနေတယ်။ကိုယ်စားတဲ့အစာဟာခန္ဓာကိုယ်ကလိုအပ်တဲ့အဟာရဓါတ်တွေ၊စွမ်းအင်နဲ့ခွန်အားတွေပေးနိုင်သလားဆိုတဲ့အချက်ပါ။
စတုတ္ထအချက်ကတော့အထက်ကပြောထားတဲ့အချက်တွေပြည့်စုံတယ်ဆိုရင်တောင်မှဒီအခြေအနေဟာရေရှည်တည်တန့်နိုင်ပါ့မလားဆိုတဲ့အချက်ပါပဲ။ စစ်ဖြစ်တဲ့အခါ၊နိုင်ငံရေးကသောင်းကနင်းဖြစ်တဲ့အခါ၊နိုင်ငံမတည်ငြိမ်မှုတွေကြုံတွေ့ရတဲ့အခါဒီအခြေအနေတွေဟာတည်မြဲပါ့မလားဆိုတဲ့မေးခွန်းပါ။
မြန်မာနိုင်ငံအနေနဲ့ကတော့ဒီအချက်တွေတစ်ခုနဲ့မှမကိုက်ညီဘူးလို့ပြောရမှာပါ။ကုလသမဂ္ဂရဲ့အဖွဲ့ အစည်းကြီးတစ်ခုဖြစ်တဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program-WFP) အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအရှိန်ကြောင့်ကမ္ဘာ့တစ်လွှားမှာငတ်မွတ်နေတဲ့လူဦးရေဟာအခုထက်၄၅သန်းကျော်ပိုလာလိမ့်မယ်လိုဆိုပါတယ်။
အာရှပစိဖိတ်ဒေသမှာတော့စားနပ်ရိက္ခာပြတ်လပ်မှုဟာ၂၄ ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ခန့်မှန်းပါတယ်။
အရှေ့တောင်အာရှကတော့အပြင်းထန်ဆုံးထဲမှာပါနေပါတယ်။ကုန်ဈေးနှုန်းတွေမြှင့်တက်လာတာအပြင် ကြောက်စရာကောင်းတဲ့အယ်လ်နီညိုရဲ့အပူဒဏ်တွေကိုလည်းခံစားနေရပါတယ်။ဒီအထဲမှာမှ မြန်မာနိုင်ငံဟာအဆိုးဆုံးဖြစ်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းက Foreign Affairs မဂ္ဂဇင်းကြီးရဲ့ဆောင်းပါးမှာစာရေးသူ ဂျိုးဇက်ရာက့်မင်ကဆိုပါတယ်။
သူ့ဆောင်းပါးမှာမြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာလုံလောက်မှု (Food Security)ဟာကမ္ဘာမှာအဆိုးဆုံး နံပါတ်၅မှာရှိနေတယ်လို့WFPကိုကိုးကားပြီးသူကရေးပါတယ်။ “မုန်တိုင်းဝင်မွှေတော့မယ့် အခြေအနေပါပဲ”လို့ WFPရဲ့မြန်မာဌာနေဒါရိုက်တာမိုက်ကယ်ဒန်ဖော့ဒ်ကForeign Policy မဂ္ဂဇင်းကိုပြောပါတယ်။
မြန်မာနိုင်ငံမှာစားသောက်ကုန်ဈေးနှုန်းဟာပြီးခဲ့ဖေဖေါ်ဝါရီအကုန် နဲ့ မတ်လအကုန်တစ်လအတွင်းမှာ၉ ရာခိုင်နှုန်းမြင့်တက်သွားတယ်လို့WFPကဆိုပါတယ်။သမ္မတထရမ့်၊မစ္စတာနေတန်ညာဟု၊အီရန်က အရာတိုလာ နဲ့ မြန်မာကအာဏာသိမ်းအုပ်စုလူကြီးမင်းများကျေးဇူးပါ။ကျေးဇူးကိုဘယ်တော့မှမေ့မှာမဟုတ်ပါ။
သန်း၅၀ကျော်ရှိတဲ့မြန်မာ့လူဦးရေရဲ့၁၂.၄ သန်းဟာအင်မတန်ဆိုးရွားတဲ့အငတ်ဘေးနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂကပြောပါတယ်။ကလေးနဲ့မိခင် ၄ သိန်းဟာအဟာရချို့တဲ့မှုကိုခံစားနေရပါတယ်။
စစ်ပွဲတွေကြောင့်ကိုယ့်နေအိမ်ကနေစွန့်ခွါရတဲ့လူဦးရေဟာ ၄ သန်းရှိပါပြီတဲ့။အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားကြတဲ့ရိုဟင်ဂျာတွေရဲ့အရေအတွက်ကတစ်သန်းဝန်းကျင်ရှိပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ်မတ်လမှာလှုပ်တဲ့စစ်ကိုင်း၊မန္တလေးငလျင်ကြီးကဗူးလေးရာဖရုံဆင့်ပါပဲ။အပျက် အစီး၊အဆုံးအရှုံးအရမ်းများတဲ့အပြင်ပြည်သူတွေရဲ့စိတ်နှလုံးတွေမှာဒါဏ်ရာတွေရခဲ့ပါတယ်။စီးပွားရေးမှာနလန်ပြန်မထူနိုင်ပါဘူး။
စားနပ်ရိက္ခာဖူလုံရေးနဲ့ပက်သက်လို့သတင်းမီဒီယာတွေကအခုထက်ပိုပြီအာရုံစိုက်ဖေါ်ပြသင့်ပါတယ်။ဒီလောက်နဲ့တော့အားမရသေးပါဘူး။
လက်နက်ကိုင်တိုက်ပွဲတွေတစ်ခုထဲကပြည်သူတွေအတွက်အရေးကြီးတာမဟုတ်ပါ။ထမင်းစားပွဲပေါ်မှာပဲပြုတ်ရှိသေးလားဆိုတဲ့မေးခွန်းကိုမေးကြည့်ကြပါ။ အိုးထဲမှာ ဆန်ရှိသေးလား၊အဘိုးသောက်ဖို့သွေးကျဆေးရှိသေးလားမေးကြည့်ကြပါဦး။အခုပြည်တွင်းမှာကန်ဇွန်းရွက်တစ်စည်းဟာ ကျပ်၇၀၀ဖြစ်နေပါပြီ။ပဲဆီတစ်ပိဿာက၂၂,၀၀၀ ပါ။ကြက်သွန်နီတစ်ပိဿာက၆,၅၀၀ဖြစ်ပါတယ်။မုန့်ဟင်းခါးတစ်ပွဲက ၃,၅၀၀ပါ။
အမေရိကန်တော်လှန်ရေးသမားပက်ထရစ်ဟင်နရီကအခုလိုပြောခဲ့ပါတယ်။”ကျွှန်ုပ်ကိုလွတ်လပ်ခြင်းကိုပေးပါ၊ဒါမှမဟုတ်ရင်သေခြင်းကိုသာပေးပါတော့”။အခုတော့”ကျွန်ုပ်ကိုစားနပ်ရိက္ခာကိုပေးပါ မဟုတ်ရင် သေခြင်းကိုသာပေးပါတော့”လို့ပြောရတော့မှာပါ။
စိတ်မကောင်းပါဘူး။ဘဝတူပြည်သူပြည်သားများခင်ဗျား။နောက်ထပ်အင်မတန်ဆိုးရွားတဲ့စိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကြရအောင်ပါ။
နိုင်ဂျီးရီးယားစာရေးဆရာ ဘူချီအီမာချီတာကပြောခဲ့ဖူးပါတယ်။
“ဆာလောင်နေတဲ့လူဟာဒေါသထွက်နေတဲ့လူပါ”တဲ့။
ကျွန်တော်တို့အားလုံးဒေါသထွက်နေကြတယ်မဟုတ်ပါလား။ ။


















































