-လင်းဆက်ငြိမ်းချမ်း ရေးသားသည်။
ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။
၂၀၂၆၊မတ်လ၁၇ရက်နေ့။ “ကျန်းမာရေးကြောင့် Facebook နဲ့ ခဏဝေးနေခဲ့တယ်။စိတ်မကောင်းစရာကောင်းတာက အဲဒါကိုသတိထားမိတဲ့သူ မရှိသလောက်ပါပဲ”လို့ Ko Ko Gyi ဆိုတဲ့ သူ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ ပြောခဲ့တယ်။ပြီးတော့ အဲဒီပို့စ်ကလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် သူ နောက်ဆုံး ရေးသားခဲ့တာမို့ အားလုံးကို နှုတ်ဆက်ခဲ့တဲ့ နောက်ဆုံးစာသား။
မေ ၁၇ ရက်မတိုင်ခင် တစ်ပတ်၊၁၀ရက်လောက်ကပဲ ကျနော်နဲ့ အစ်ကိုတော်ကဗျာဆရာတစ်ယောက် ပင့်ကူမျှင်ကွန်ရက်ပေါ် စကားဆက်ခဲ့စဉ်က “ကိုမင်းထင်တစ်ယောက် နေမကောင်းဘူးထင် တယ်။လိုင်းပေါ် မတွေ့ရဘူး”လို့ ပြောဖြစ်ကာ သူ့အကြောင်း ဟိုတစ်စ ဒီတစ်စ ဖွဲ့နွဲ့မိကြသေး။

Public Service Announcement
ဒါပေ မဲ့၊ ကျနော်တို့၂ယောက်စလုံးက နှုတ်နည်းပြီး အများမြင်ပလက်ဖောင်းပေါ် စကားလုံးချွေတာတတ်သူတွေမို့ ‘မမေ့မလျော့ ကိုမင်းထင်အကြောင်း ပြောဖြစ်သေးတယ်’ဆိုတာမျိုး ကွန်မန့်တွေ ဘာတွေမှာ လည်း ထုတ်မရေးဖြစ်။
သူ့ကျန်းမာရေးအခြေအနေကိုသူဖေ့စ်ဘွတ်ခ်သုံး၊မသုံးဆိုတာနဲ့ တိုင်းတာရတယ်။ကိုမင်းထင်က အသည်းကင်ဆာနဲ့လုံးထွေးနေရတဲ့သူ။ သူ့နေထိုင်မှုဘဝမှာ လွန်တာကျွံတာ ဘာမှမရှိခဲ့ပေမဲ့ ဘီပိုးကနေ အသည်းကင်ဆာအထိ ဖြစ်သွားရတဲ့သူ။သူ့ညီလည်းဘီပိုးကနေအသည်းကင်ဆာ။ပြီးတော့ ကမ္ဘာကြီးရဲ့ ဟိုတစ်ဖက် အရင်ထွက်ခွာ။ ထား။
ကိုမင်းထင်ရဲ့ဒုတိယမြောက်နောက်ဆုံးပို့စ်ကိုဧပြီ ၂၃ ရက်က တင်ထားတာ တွေ့ရတယ်။ ဧရာဝတီမှာ ဖော်ပြထားတဲ့ ‘ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် သား ဖြစ်သူ တောင်းဆို” သတင်းကို ရှဲကာ အပေါ်မှာ သူ့ရဲ့ Captionက ‘အမေ’ တစ်လုံးတည်း။ကိုမင်း ထင်က ဒေါ်အောင်ဆန်းစုကြည် ကို အင်မတန်လေးစားချစ်ခင်တဲ့သူ။ပြီးတော့ အဲဒီအချိန်ကတည်းက စာတစ်ကြောင်းလောက် ရေးဖို့တောင် သူ့ဝေဒနာက ခွင့်မပြုတော့တဲ့ပုံ။
ဧပြီ၂၃ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေပျောက်သွားတာမို့ အသည်းကင်ဆာရဲ့ နောက်ဆုံးအ ဆင့် ထိုးနှက်တိုက်ခိုက်မှုဒဏ် သူအတော်ခံနေရတဲ့ပုံ။မေ ၁၇ရက်မှာ နောက်ဆုံးစာသား သူ ရေးသား ခဲ့ပြီးနောက် ဇွန်၂ရက်အထိ ဖုန်းလေးတစ်ချက် မကြည့်နိုင်တော့တဲ့အထိ။အသည်းကင်ဆာရဲ့ နောက် ဆုံးနေ့များ။
ကိုယ့်ကိုယ်ကိုယ် လူမှန်းသူမှန်းသိပြီး လူ့ဘဝအဓိပ္ပါယ်ကို ယုံကြည်မှုလည်း ရှိခဲ့ကြတဲ့ NLD အစိုးရလက်ထက်တုန်းက ကင်ဆာအမြစ်တွေ တွယ်နေတဲ့ သူ့အသည်းတစ်စိတ်တစ်ပိုင်းကိုစင်ကာပူ ထွက်ပြီး လှီးထုတ်ပစ်ခဲ့တယ်။ပြီးတော့ ဘယ်ကြာလိမ့်မလဲ။အခြေခံဥပဒေပြင်ဆင်ရေး ‘နွားသို့မေ တ္တာစာ’လို့ ခေါင်းစဉ်တပ်ကာ စစ်တပ်ကို ခပ်ပြင်းပြင်းဝေဖန်။ နှာနုဖြတ်ရိုက်ခံလိုက်ရတဲ့ စစ်တပ်မခံမရပ်နိုင်ဖြစ်ကာတရားစွဲဆို။အဲဒီကာလက အလွယ်တကူ တိမ်းရှောင်လို့ရပေမဲ့ အေးအေးဆေးဆေးပဲ ကိုမင်းထင် အဖမ်းခံခဲ့တယ်။
ပြီးတော့သူ့ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်ထားတဲ့ နွားသို့မေတ္တာစာကြောင့် လူလိုမတွေးနိုင်စွမ်း တဲ့ စစ်တပ်ကလက်ထိပ်ခတ်မှန်းသိလျက် အဲဒီပိုစ့်ကိုလည်း ပြန်မဖျက်။တရားခွင်ထဲမှာလည်း အဲဒီ ပို့စ်ကို သူရေးသားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုကာ အကြောတင်းလှတဲ့ ကဗျာဆရာတစ်ဦးရဲ့ မာဂုဏ် ကို သက်သေထူခဲ့ တယ်။
အသည်းလှီးထုတ်ထားမှုအခြေအနေ စင်ကာပူဆေးရုံ ပြန်ပြဖို့ ရက်ချိန်းကရောက်လာပေမဲ့ ထောင်ထဲ ရောက်နေတော့လည်း ဘယ်ပြနိုင်မလဲ။၂၀၂၀မှာ ထောင်ကနေ ပြန်ထွက်လာတော့ စင် ကာပူထွက် ဆေးရုံပြန်ပြဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲက အပိတ်အဆို့ အထစ်အ ငေါ့တွေကြောင့် အဆင်မပြေ။
မိစ္ဆာတွေ ဂျိုကြွတဲ့ ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်ရောက်တော့ညသန်းခေါင် ၁၂နာရီကျော်က တည်းကကိုမင်းထင်ရဲ့အိမ်ကိုစစ်တပ်ကဝိုင်းလိုက်တယ်။မနက်လင်းအားကြီးအချိန်ရောက်တော့ အင်းစိန်ထောင်သို့ ဒုတိယအကြိမ်မြောက် အလည်တစ်ခေါက်နဲ့ တတိယအကြိမ်မြောက်ဖမ်းဆီးခံရခြင်း။
၂၀၀၇ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဂျပန်သတင်းထောက်ကို စစ်တပ်က ပစ်သတ် တဲ့နေ့မှာပဲ ကိုမင်းထင်သည်လည်း ဗိုလ်ချုပ်ဈေးနားမှာ ၈ချက်ချုပ်ရတဲ့အထိ သေနတ်ဒင်နဲ့ ခေါင်း ရိုက်ခွဲခံရကာ အင်းစိန်မှာနေပြီး ဂျီတီအိုင်ကျောင်းဆင်းခဲ့သူတစ်ဦးကို အင်းစိန်ဂျီတီအိုင်ကျောင်းပို့ ယာယီ ဖမ်းချုပ်ခြင်းခံခဲ့ရဖူး။အဲဒါက ပထမဆုံးအကြိမ် စစ်တပ်ရဲ့ အကြမ်းဖက်မှု။
ဒုတိယအကြိမ်မြောက် အင်းစိန်ထောင်ရောက်တော့ ဆေးကုသခွင့်မရှိတဲ့ အသည်းကင်ဆာနဲ့ သောက်သောက်လဲ အသေကြမ်းခဲ့တဲ့ တတိယလှိုင်းကိုဗစ်နဲ့။မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်မှာ ကူ သူကယ်သူမဲ့ ဖြတ်သန်းခဲ့ရပေမဲ့ ဒင်းတို့ထောင်ထဲမှာ အသေမခံနိုင်တဲ့ ကိုမင်းထင် ၂၀၂၂ နိုဝင်ဘာမှာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်။
ဒါပေမဲ့၊ထောင်ကနေ ပြန်ထွက်လာပြီး မကြာခင် ဝရမ်းကပ်ခံရပြန်တော့ ရန်ကုန်မြို့မှာပဲ လှည့်ပတ် တိမ်းရှောင် သိုသိုသိပ်သိပ်။အသည်းကင်ဆာက လုံးဝကျွမ်းသွားပြီမို့ ဘဝဆိုတာ သိပ်မ ကြာတော့ပါဘူးဆိုတဲ့ အသိကိုလည်း နက်နက်ရှိုင်းရှိုင်း ပွေ့ဖက်ကာ အရွေ့တစ်ခုဟာ ညင်သာဖို့ ဆေးထိုး ဆေးသောက် ဆေးရုံသို့ အခေါက်ခေါက်။ ကျမယ်ဆို စိတ်ဓာတ်က မြေကြီးအောက် ၂မိုင်၊ ၃မိုင်မက ရောက်နိုင်ပေမဲ့ မင်းထင်ကိုကိုကြီး ဆိုတာ သွေးကြီးတဲ့ကဗျာဆရာမို့ သေခြင်းတရားကို ခေါက်ကာ သူ့ဖေ့စ်ဘွတ်ခ်ပေါ်ကနေ စစ် အာဏာရှင်ကို ဆက်စိန်ခေါ်တယ်။
သူ့ဆီ တရွေ့ရွေ့လှမ်းလာနေတဲ့ သေမင်းရဲ့ ခြေလှမ်းတွေကို မြင်နေရပေမဲ့ သူ့ကဗျာသူ ဆက် ရေးတယ်။နေရထိုင်ရ မဆိုးတဲ့ရက်တွေမှာ သူ့ရဲ့ပရော်ဖယ်ရှင်နယ် ဇာတ်ညွှန်းပညာ သင်ကြားရေးကို အွန်လိုင်းပေါ်ကနေ လုပ်တယ်။ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ကြည့်လိုက်၊ ရံဖန်ရံခါ သူ့ဘဝရဲ့ တစ်ခု တည်းသော ကြိုးတစ်မျှင် သမီးလေး မယ်မင်းထင်အကြောင်း တင်ဖြစ်တာကလွဲလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုတာချည်း။ မသေမချင်း စစ်အာဏာရှင်တွေကို တိုက်မယ်ဆိုတဲ့ သူ့ရည်မှန်းချက်၊ လှမ်းလာနေတဲ့ သေခြင်းတရားက သူ့ လက်သီးဆုပ်တွေကို ဖြည်ထုတ်လို့ မရခဲ့တာ ကျနော်တို့ တ လေးတစား ငေးခဲ့ရတယ်။
၂၀၂၅ နှစ်ကုန်တဲ့ရက် သူ့အကြောင်း သူ့စာမျက်နှာပေါ် ရှားရှားပါးပါး တက်လာလို့ ဖတ်ကြည့် မိတယ်။ “ မနက်ဖြန်ဆို ၂၀၂၆ ဖြစ်ပြီ။ဒီနေ့ကတော့ ၂၀၂၅ ရဲ့ နောက်ဆုံးနေ့ပေါ့။ ၂၀၂၅ က ကျွန် တော့်အတွက် နည်းနည်း ထူးခြားခဲ့ပါတယ်။ ၂၀၁၈ မှာ အသည်းကင်ဆာ စဖြစ်တယ်။ တစ်ခါမှ လစ်ရတော့မယ်ထင်တယ်လို့ မခံစားခဲ့ရဘူး။ ဒါပေမဲ့ ၂၀၂၅ ထဲမှာတော့ လစ်ရတော့မယ်လို့ ခံစားခဲ့ရတယ်။ အသည်းလဲလည်း မထူးတော့ဘူးတို့၊ ကင်ဆာက ပျံ့နေပြီတို့၊ stage 4 ရောက်နေပြီတို့၊ ထပ်ခွဲရင် လည်း အသည်းပြန်ပြည့်ဖို့ မလွယ်တော့ဘူးတို့။ အမျိုးမျိုး အထွေထွေ။ငါတော့ လစ်ရတော့မယ်လို့ ထင်မိတယ်။ အဲဒီလိုနဲ့ပဲ ၂၀၂၅ ရဲ့ နောက်ဆုံးနေ့ကို ရောက်ခဲ့ပြီ။ ဒီနေ့ည ၁၂ နာရီကျော်ရင်တော့ ၂၀၂၆ထဲ ရောက်မယ်ပေါ့။သိပ်ကြီးတော့ မဆိုးလှပါဘူး”တဲ့။
အဲဒီလိုအများသူငါ အကြောက်ကြီးကြောက်ကြတဲ့ သေခြင်းတရားဆိုတာကြီးကိုသက်သောင့်သက်သာရှိလှတဲ့ အရေးအသားနဲ့ ဖွဲ့နွဲ့ပြတော့ ကျနော်တို့ ရှေ့ဆောင် ကဗျာဆရာ မောင် ချောနွယ်ရဲ့ ကဗျာတစ်စကို သတိရ။ “သေခြင်းတရားဆိုတာ လေယာဉ်ပျံတစ်စင်းကနေ လေယာဉ် ပျံတစ်စင်း ပြောင်းစီးသလောက်ပါကွာ တဲ့…”။
၂၀၂၅တုန်းကပဲ အသည်းကင်ဆာနဲ့ ရွေ့သွားတဲ့ ဗိုလ်ကွန်(ကဗျာဆရာကွန်စစ်ကောင်း)ရဲ့ ပုံရိပ်တွေလည်း ကျနော့်အာရုံထဲ ပြေးဝင်လာခဲ့တယ်။ ဗိုလ်ကွန်ဆိုရင်လည်း အဆင်မပြေမှုတွေ ပတ် လည်ဝိုင်းနေပေမဲ့ တစ်ချက်မညည်းဘဲ အေးအေးဆေးဆေးသေပြသွားခဲ့တဲ့သူ။
ပြီးတော့ကျနော်တို့ရဲ့အစ်ကိုတော် ကဗျာဆရာလှသန်း။သေတော့မယ်ဆိုတာ အသေအချာ သိနေပေမဲ့ မထီမဲ့မြင် ခပ်ရင့်ရင့် သူ့စတိုင် နည်းနည်းလေးတောင် လျော့မသွား။ ‘သေရဲမှ လှသန်းကို ဖတ်’လို့ ခေါင်းစဉ်တပ်ကာ ကဗျာတစ်ပုဒ် ကျနော်ရေးဖြစ်ခဲ့တဲ့အထိ၊ ကျနော်တို့ သေရဲအောင် သေပြ သွားလေသလားလို့ အံ့အားသင့်ရတဲ့အထိ။
အခုကိုမင်းထင်ဆိုရင်လည်း သူ့နောက်ဆုံးအချိန်ထိ သေခြင်းတရားရှေ့ ဒူးမထောက်။ခံ စားခဲ့ရသမျှ ဝေဒနာအကြောင်း တစ်ချက်ညီးညူမပြဘဲ ဇွန်၂ရက်မှာ ခပ်ဆိတ်ဆိတ်နေတတ်တဲ့ သူ့ စတိုင်အတိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်ခွာသွားတယ်။
ရောက်အောင်လာကြတဲ့ သူ့မိတ်ဆွေ ကဗျာဆရာနည်းနည်းလေးနဲ့ပဲ ရေဝေးမှာ သူ့နောက် ဆုံးခရီးဟာ ပြီးမြောက်ခဲ့တယ်။ဆေးရုံကနေ ရောက်လာတဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ တန်းထည့်လိုက်တာမို့ သူ့အမှာ သူ့သေတမ်းစာကိုလည်း အမှတ်ရမိတယ်။
သေတမ်းစာ
=======================
သေတမ်းစာကို ပုလင်းထဲထည့်မျှောလိုက်ရတယ်
မင်းထင်ကိုကိုကြီးသေပြီ
အလောင်းကို ဓာတ်ပုံမရိုက်ရ
မလွတ်လပ်မချင်း သရဏဂုံမတင်ရ
အမျှမဝေရ
ဆုပ်ထားတဲ့ လက်သီးမဖြည်ရ
မငိုရ ။
မင်းထင်ကိုကိုကြီး ( ၁၇ အောက်တိုဘာ ၂၀၂၃ )
တစ်ချိန်မှာ နွေဦးတော်လှန်ရေးထဲက သွေးကြီးခဲ့တဲ့ ကဗျာဆရာတွေအကြောင်း ပြောကြရင် မင်းထင်ကိုကိုကြီး ကို အရေးတကြီးထည့်ပြောရမယ်လို့ ကျနော် ယုံကြည်တယ်။ ။


















































