Connect with us

Hi, what are you looking for?

ဆောင်းပါး

မီးတင်ရှို့ခံနေရတဲ့ စစ်ကိုင်းလွင်ပြင်

အာဏာသိမ်းပြီးတဲ့နောက် ခုခံတော်လှန်ကြတဲ့ဒေသတွေ ကို မီးရှို့ဖျက်ဆီးတာဟာ ပြီးခဲ့တဲ့ နှစ် မေလနှောင်းပိုင်းနဲ့ ဇွန်လမှာ စတင်လာခဲ့ပြီး မီးရှို့ခံရတဲ့အကြိမ်ရေအများဆုံးလကတော့ ဒီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဖြစ်ပါတယ်။နန

◾️ အကုန်သတ်၊ အကုန်မီးရှို့၊ အကုန်လုယက် ဖက်စစ်နည်းအကုန်သုံးနေတဲ့ တိုင်းမှုး သစ်

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက တိုင်းမှူး အပြောင်းအလဲလုပ်လာပြီးတဲ့နောက် ကျေးရွာတွေကို မီးတင်ရှို့တာတွေခပ်စိတ်စိတ်ဖြစ်လာတာတွေ့ရပါတယ်။

ခုခံတော်လှန်မှုအမြင့်မားဆုံး စစ်ကိုင်းလွင်ပြင်ကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်တဲ့အတွက် စစ်ကောင်စီဟာ ယခင်တိုင်းမှူးနေရာမှာ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် တပ်မမှူး ဗိုလ်ချုပ် သန်းထိုက်ကို တိုင်းမှူးအဖြစ်ပြောင်းခန့်လိုက်တာပါ။

တိုင်းမှူးအပြောင်းအလဲကိုတော့ ဒီနှစ် ဇန်နဝါရီလ အတွင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ ရွာတွေမီးတင်ရှို့ခံရတာ ဟာ ဆက်တိုက်ဆိုသလိုပဲဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အနီးစပ်ဆုံးဖြစ်စဉ်ကိုပြောရရင် ဒီလ ဖေဖော်ဝါရီလဆန်းပိုင်းမှာတင် စစ်ကိုင်းတိုင်းထဲက ကျေးရွာ ၅ ရွာ၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပါတယ်။

အဲဒီရွာတွေဟာ ရွာကြီးတွေဖြစ်တဲ့ ဘင်ရွာ၊ ပန်းရွာ ၊မွေ့တုံရွာ၊ လှော်ကားကြီးရွာနဲ့ ကိုင်းတွင်းရွာတွေ ဖြစ်ပါတယ်။

ဒီလို မီးတင်ရှို့ခံရတဲ့ရွာတွေဟာ ဗိုလ်နဂါးဦးဆောင်ပြီး စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ပုလဲနယ်ထဲ က ရွာအများစုပါဝင်တာကို တွေ့ရပါတယ်။ ပုလဲနယ်ဟာစစ်ကောင်စီတပ် မြေပြင်မှာအထိနာနေတဲ့ဒေသတစ်ခုပါ။

စစ်ကောင်စီက ရွာတွေမီးရှို့နေပြီး အခြေအနေတော်တော်မကောင်းဘူးလို့ ဗိုလ်နဂါးက လူထုနွေဦးကို ဖေဖော်ဝါရီလဆန်းက ပြောပါတယ်။

စစ်ကောင်စီ တပ်ဟာ ရွာတွေကို မီးရှို့တဲ့အပြင် ဒေသခံပြည်သူတွေကိုလည်း မီးရှို့သတ်ဖြတ်တာတွေကိုတဆက်တည်း လုပ်ဆောင်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်ကဆို ကင်းဝန်မင်းကြီးရဲ့ ဇာတိဖြစ်တဲ့ ပုလဲနယ်ထဲက မင်းတိုင်ပင်ရွာကို ဝင်စီးပြီး ရွာသား သုံဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ရွာထဲကို ဝင်မွှေပြီး ရွာသားတွေပိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အတင်းအဓမ္မယူကြပါသေးတယ်။

စစ်ကောင်စီရဲ့ ဗျုဟာကိုစောင့်ကြည့်သုံးသပ်ကြသူတွေကတော့ စစ်ကောင်စီဟာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည်မှာ ဖက်ဆစ်ဂျပန်တွေသုံးခဲ့တဲ့ မူကို ကျင့်သုံးနေတယ်လို့ ဆိုကြပါတယ်။

အဲဒီမူကတော့ Three Alls Policy ဖြစ်ပြီး အကုန်သတ်၊ အကုန်မီးရှို့၊ အကုန်လုယက် ဆိုတဲ့ ဖက်ဆစ်နည်းနာတွေ ဖြစ်ပါတယ်။

ဒီဖက်ဆစ်နည်းကို လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကျေးလက်မှာသာနေထိုင်တဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက လက်တွေ့ကျင့်သုံးနေတာပါ။

ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေအနက် နေအိမ်အလုံး ၅၀ အောက်မီးရှို့ခံရတဲ့ကျေးရွာပေါင်းက ၇၀ ကျော်လောက်ရှိတယ်လို့ Data for Myanmar အဖွဲ့က စာရင်းပြုစုထားပါတယ်။

နေအိမ် အလုံး ၅၀ အထက် မီးတင်ရှို့ခံရတဲ့ ရွာတွေကတော့ မင်းကင်းမြို့နယ်ထဲက ဘင်ရွာ၊ တန့်ဆည်မြို့နယ်ထဲက ကာပေါင်းကျရွာ၊ အရာတော်မြို့နယ်ထဲက ကဲဘာရွာ၊ ပုလဲမြို့နယ်ထဲက မွေ့တုံရွာနဲ့ ပန်းရွာ၊ ရွှေဘိုမြို့နယ်ထဲက ပေါက်ချိုင်ရွာ၊ ရေဦးမြို့နယ်ထဲက ရေမြက်ရွာ၊ ကန့်ဘလူမြို့နယ်ထဲက ရီဒွေးရွာ တွေဖြစ်တယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ခုခံတော်လှန်ကြတဲ့ဒေသတွေ ကို မီးရှို့ဖျက်ဆီးတာဟာ ပြီးခဲ့တဲ့ နှစ် မေလနှောင်းပိုင်းနဲ့ ဇွန်လမှာ စတင်လာခဲ့ပြီး မီးရှို့ခံရတဲ့အကြိမ်ရေအများဆုံးလကတော့ ဒီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီရဲ့အကြမ်းဖက် လုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာရသူပြည်သူဦးရေဟာ စစ်ကိုင်းတိုင်းထဲမှာတင် တသိန်းခွဲနီးပါးလောက်ရှိလာပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။