ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သာ ကုမ္ပဏီ (YUPT)ရဲ့ YBS လိုင်းတွေ ယာဉ်စီးခတိုးမြှင့်ကောက်ခံနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေကြပါတယ်။
YUPT ရဲ့ YBS ယာဉ်လိုင်းတွေက ကဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ဂိတ်စ၊ ဂိတ်ဆုံး လေးရာကျပ် ကောက်ခံနေတာပါ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ YBS ယာဥ်လိုင်းကုမ္ပဏီဆယ်ခုကျော်ရှိပါတယ်။ အဲဒီကုမ္ပဏီတွေထဲကမှ YUPT ရဲ့ YBS ယာဥ်လိုင်းတွေဖြစ်တဲ့ ၂၊ ၃ ၊ ၄ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၅ ၊ ၁၇ ၊ ၂၄ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ၊ ၃၆ ၊ ၄၀ ၊ ၅၉ ၊ ၆၅ ၊ ၈၄ စတဲ့ ယာဥ်လိုင်းတွေကပဲယာဥ်စီးခတိုးမြှင့်ကောက်ခံနေတာဖြစ်ပါတယ်။
စျေးတိုးကောက်တာကို ကားပေါ်မှာ စာကပ်ထားတာမျိုးမရှိဘဲ သမိုင်းမှတ်တိုင်ကျော်ရင် ၄၀၀ ကျပ်ကျသင့်တယ်လို့ ယာဥ်မောင်းက အော်ဟစ်အသိပေးနေတာမျိုးပဲ ရှိတယ်လို့ တာမွေကနေ YBS (၆၅) စီးနင်းတဲ့ ခရီးသည်တစ်ဦးကပြောပါတယ်။

Public Service Announcement
YUPT ကုမ္ပဏီကို အဲဒီ့ကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့အခါ မှာတော့ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး စျေးတိုးကောက်ဖို့ ညွှန်ကြားထားတယ်လို့အတည်ပြုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC) ကတော့ ကော်မတီအနေနဲ့ ညွှန်ကြားထားတာမရှိဘဲ ယာဥ်စီးခ တိုးမြှင့်ကောက်ခံလို့ တိုင်ကြားတာတွေရှိနေတာကြောင့် သက်ဆိုင်ရာကုမ္ပဏီတွေကို အကြောင်းကြားထားတယ်လို့ဆိုပါတယ်။
YBS ယာဥ်လိုင်းအများစုဟာ အာဏာသိမ်းခံရပြီးတဲ့နောက် ယာဥ်စီးခတွေကို ငွေကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ YURT ရဲ့ ယာဥ်တွေက ဂိတ်စ ဂိတ်ဆုံး လေးရာအထိကောက်ခံနေခြင်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ နေ့စဥ် YBS အစီးရေ တစ်ရာကျော်ပြေးဆွဲနေပြီး ခရီးသည် ငါးသိန်းကျော် စီးနင်းသွားလာလျက်ရှိတယ်လို့ YRTC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
