ရုရှား စစ်တပ်ရဲ့ မဟာဗျူဟာ စစ်ရေးလေ့ကျင့်မှု တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကွပ်ကဲခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းနဲ့ ဆက်ဆံရေး အခြေအနေ အတင်းမာဆုံး အဆင့်ထိ ရောက်ရှိနေချိန် ဖေဖော်ဝါရီ ၁၉ ရက်မှာ ရုရှားက နောက်ထပ် စစ်အင်အား အကြီးစား ပြသတဲ့ အခင်းအကျင်း တစ်ခုကို ဖော်ဆောင်ခဲ့တာပါ။ ဒီလေ့ကျင့်မှုမှာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေပါ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှား သမ္မတ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပြီး နာရီပိုင်း အကြာမှာ ပူတင်က အခု စစ်ရေးလေ့ကျင့်မှုကို ကိုယ်တိုင် ကွပ်ကဲခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဂျာမနီကို သွားရောက်ပြီး အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေရဲ့ ထောက်ပံ့ ကူညီမှုတွေ ပိုမိုရရှိဖို့ ဆွေးနွေးနေပါတယ်။ လောလောဆယ် ရုရှားနဲ့ ယူကရိန်း စစ်မဖြစ်သေးပေမယ့် ရုရှားက ထောက်ပံ့ ကူညီနေတဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကတော့ နယ်စပ်မှာ ပိုမို လှုပ်ရှားလာပါတယ်။

Public Service Announcement
အမေရိကန်က ရုရှားဟာ ယူကရိန်းနဲ့ နယ်စပ်အနီးတဝိုက်မှာ စစ်သည် ၁ သိန်းခွဲလောက်ထိ ဖြန့်ကျက်ထားတယ်လို့ ပြောပေမယ့် ရုရှားကတော့ လေ့ကျင့်ရေး အစီအစဉ်တွေအပြီး တပ်ဖွဲ့တချို့ကို အခြေစိုက် စခန်းတွေဆီ ပြန်ပို့ထားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး ပူတင်က ရုရှားအနေနဲ့ ယူကရိန်းကို ဝင်တိုက်ဖို့ လုံးဝ အစီအစဉ် မရှိဘူးလို့ ငြင်းချက်ထုတ်ပြီး အမေရိကန်ကသာ အခြေအနေတွေ ရှုပ်ထွေးအောင် လှုံ့ဆော်နေတာလို့ စွပ်စွဲထားပါတယ်။
ဘိုင်ဒင်က ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ ရှောင်လွှဲနိုင်ဖွယ် မရှိတော့ဘဲ ရက်ပိုင်းအတွင်း၊ ဒါမှမဟုတ် နောက်တစ်ပတ်လောက်မှာတင် အစပြုလာနိုင်ကြောင်း ပြောပါတယ်။ ပြီးတော့ ရုရှားဟာ အပြစ်မဲ့ပြည်သူ ၂.၈ သန်းလောက်ရဲ့ အသက်ကို မငဲ့ဘဲ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကိုပါ ပစ်မှတ်ထားလာနိုင်တယ်လို့ ဘိုင်ဒန်က သတိပေးထားပါတယ်။


















































