တစ်နှစ်ကျော်ကာလအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဘက်ပေါင်းစုံက ကျူးလွန်နေတဲ့စစ်ကောင်စီကို နိုင်ငံတကာခုံရုံးတွေကနေ အရေးယူနိုင်ဖို့ ဘယ်လောက်ကြာနိုင်ပါသလဲ၊ အဲဒီအတွက် ဘာတွေပြင်နေပါသလဲဆိုတာတွေနဲ့ပတ်သက်လို့ NUG လူ့အခွင့်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို လူထုနွေးဦးသတင်းဌာနက မေးမြန်းထားတာဖြစ်ပါတယ်။
️ ဝန်ကြီးကို ပထမဆုံးမေးချင်တဲ့မေးခွန်းကတော့ ဝန်ကြီးတို့ဌာနအနေနဲ့ တိုင်းပြည်အတွင်း စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဒီတစ်နှစ်ကျော်အတွင်းမှာ ဥပဒေကြောင်းအရ ဘာတွေပြင်ဆင်နိုင်ခဲ့ပါသလဲ၊ ဘယ်လောက်ခရီး ပေါက်နေပါပြီလဲ။
စစ်ကောင်စီက အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတာ တကယ်ကိုဆိုးရွားတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ တကယ်ကို တစ်ဦးတစ်ယောက်ချင်းရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတင်မကဘဲနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ချိုးဖောက်တဲ့ ရာဇဝတ်မှုမျိုး ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက် အပြုံလိုက်သေကြေပျက်စီးအောင် လုပ်ဆောင်တဲ့အရာတွေ၊ ဒါကိုအမိန့်ပေးပြီးတော့ လုပ်ဆောင်တဲ့သဘောမျိုးဖြစ်တဲ့အတွက် အရမ်းကိုဆိုးရွားတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ ပြီးတော့ လက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေမှာ ဥပဒေကြောင်းအရ ပြင်ဆင်ဖို့က အရမ်းကိုခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားစီရင်မဏ္ဍိုင်ကိုယ်တိုင်ကိုက တကယ့်ကို ပျက်စီးနေတယ်။ ယိုယွင်းနေတယ်။ ပြိုလဲနေတယ်။ နောက်တစ်ခါ စစ်ကောင်စီကိုယ်တိုင်က စစ်ခုံရုံးကိုအသုံးချပြီးတော့ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် လူတွေတော်တော်များများကို သေဒဏ်ချမှတ်တဲ့အထိ လုပ်ဆောင်နေတဲ့အတွက် ပြည်တွင်းရဲ့တရားစီရင်ရေးပုံစံက ဘယ်လိုမှ အားကိုးလို့မရနိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းရဲ့ တရားစီရင်ရေး ခိုင်မာအောင်လုပ်ဆောင်ဖို့အတွက်က အကြမ်းဖက်စစ်ကောင်စီကို အာဏာကနေဖယ်ရှားနိုင်မှ ဖြစ်မယ်။ တစ်ဖက်တည်းမှာပဲ နိုင်ငံတကာရဲ့တာဝန်ရှိမှုနဲ့ နိုင်ငံတကာရဲ့ တရားစီရင်မှုအပိုင်းကို ပိုမိုပြီးတော့ ကျွန်တော်တို့ ဦးစားပေးလုပ်ဆောင်နေပါတယ်။ လုပ်ဆောင်နေတဲ့ ကိစ္စတစ်ခုက ကျွန်တော်တို့ ပထမဦးဆုံးတစ်ခုက ဒီလိုမျိုးဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ခိုင်ခိုင်လုံလုံတိတိကျကျနဲ့ ထိထိရောက်ရောက်အရေးယူနိုင်ဖို့အတွက် ဥပဒေလမ်းကြောင်းတွေ ဖော်ဆောင်ပါတယ်။ ဒါကြောင့်မို့ ICJ ၊ ICC နောင်တစ်ခါ အာဂျင်တီးနားတို့မှာ ရှိနေတဲ့ တရားခုံရုံးတွေကတဆင့် အရေးယူနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ တချိန်တည်းမှာပဲ ဒီလိုမျိုးလုပ်ဆောင်တဲ့အခါမှာ ခိုင်မာတဲ့သက်သေအထောက်အထားတွေဖြစ်ဖို့အတွက် တိတိကျကျစုဆောင်းပြီးတော့ လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေ၊ စစ်ကောင်စီက စစ်တပ်တင်မကတော့ဘဲ လက်နက်တွေကိုအသုံးပြုပြီးတော့ လုပ်ဆောင်နေတဲ့အကြမ်းဖက်တပ်ဖွဲ့ ဖြစ်နေပြီ။ အကြမ်းဖက်အဖွဲ့ဖြစ်နေပြီဆိုတဲ့အထိကို ကမ္ဘာက လက်ခံလာအောင် တရားဥပဒေဖော်ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်နေလျှက်ရှိပါတယ်ခင်ဗျ။

️ ကရင်နီပြည် ဖရူဆိုမှာ ရွာသူ၊ ရွာသား ၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကစလို့ အလောင်းတွေကို သယ်ထုတ်ပြီး DNA စစ်ဆေးချက်တွေ၊ သေဆုံးမှုအကြောင်းအရင်းသက်သေခံ ရယူတာတွေ လုပ်တာတွေ့ရပါတယ်။ စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်မှုတွေတိုင်းကို ဒီလိုမျိုးတိကျတဲ့ သက်သေအထောက်အထားစုဆောင်းနိုင်တဲ့အနေအထားရှိပါသလား။

Public Service Announcement
ဖရူဆိုရွာကတော့ ကရင်နီဒေသမှာဖြစ်ပွားတဲ့ အကြောင်းအရာပေါ့နော်။ အဲဒီမှာ တကယ့်ကို ခိုင်လုံတဲ့အချက်တွေရရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအလောင်းတွေကို ကျွန်တော်တို့ ဆေးပညာရှင်တွေ ဆရာဝန်တွေကနေ စစ်ဆေးပြီးတော့ ခိုင်မာတဲ့အချက်တွေထွက်လာတာ။ ဒါက အဲဒီဒေသမှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေရဲ့ ထွက်ဆိုချက်က ပိုပြီးတော့ခိုင်မာတဲ့အချက်ဖြစ်ပါတယ် ။ ဒါပေမယ့်ဖရူဆိုမှာတင်မကဘူးဗျ။ ကျွန်တော်တို့ဖြစ်နေတာက နေရာတိုင်းမှာဖြစ်နေတာ။ စစ်ကိုင်းတိုင်းမှာ ဆိုရင် လူသေမှုက အရမ်းကိုများပြားနေတာ။ သတ်ဖြတ်မှုတွေအရမ်းများပြားနေတာ။ အဲလိုကိစ္စမျိုးတွေကို ရနိုင်သရွှေ့စုဆောင်းနေတာရှိတယ်။ ဆေးပညာနဲ့သက်သေခံနိုင်တဲ့ ရင်ခွဲချက်တွေ၊ ဆေးမှတ်တမ်းတွေမရရှိသည့်တိုင်အောင် သေဆုံးတဲ့အလောင်း ၊သေဆုံးပုံသေဆုံးနည်း၊ သေဆုံးတဲ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်လို ဒဏ်ရာဒဏ်ချက်နဲ့ ဘယ်လိုမျိုးနည်းနဲ့သေဆုံးလဲ ဆိုတဲ့အချက်တွေကို ကျွန်တော်တို့ကွင်းပြင်မှာရှိတဲ့ သူတွေဆီက သေချာစစ်ဆေးပါတယ်။ မှတ်တမ်းတင်ပါတယ်။ အဲဒီတော့အများကြီးရှိပါတယ်။ ဖြစ်ပျက်နေတဲ့အရာက ရင်နဲ့မချိလောက်အောင်ဖြစ်ပျက်နေတာဖြစ်တယ် ။ဒါပေမယ့် စိတ်မကောင်းရုံတင်မကဘဲ သက်သေခံဖြစ်ဖို့အတွက် အဲဒီဒေသမှာရှိတဲ့လေ့ကျင့်ထားတဲ့အချက်အလက်စုဆောင်းတဲ့သူတွေ၊ သူတို့ကပေးပို့တဲ့ဗီဒီယိုတွေ၊ မှတ်တမ်းတွေဟာ ကျွန်တော်တို့ဆီမှာအရမ်းကိုခိုင်လုံတဲ့အကြောင်းအရာဖြစ်ပါတယ်။ နောက်တစ်ခုက အခုကာလမှာ ခေတ်မီနည်းလမ်းနဲ့သတင်းပေးပို့မှုတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရွာထဲမှာဖြစ်ပျက်တဲ့ကိစ္စ၊ မီးရှို့ခံရပြီးသတ်ခံထိတဲ့အလောင်းတွေကိစ္စ အကုန်လုံးကို ကျွန်တော်တို့အချိန်နဲ့တပြေးညီ စုဆောင်းနိုင်ခဲ့တယ်။ ဒါတွေဟာ တချိန်ချိန်ကျရင်အမှန်တရားကိုဖော်ထုတ်နိုင်မယ့် အကောင်းဆုံးသော သက်သေခံချက်အထောက်အထားများဖြစ်ပါလိမ့်မယ်ခင်ဗျ။

️ လတ်တလောယင်းမာပင်မှာ ကလေးတွေ ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်မှုအနေနဲ့အရေးယူနိုင်ဖို့ ဝန်ကြီးတို့ဌာနက တိုက်တွန်းထားတာလည်းတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့လည်းပြောပါဦီး။
စစ်ပွဲဆိုရင်တော့ လက်နက်ကိုင်တဲ့တပ်ဖွဲ့တွေက တိုက်ခိုက်တာပါပဲ။ ဒါပေမယ့် ဘယ်တပ်ဖွဲ့ ပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်နေတဲ့ဒေသအတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေကို မထိခိုက်အောင် ကာကွယ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့အခြေအနေက အကြမ်းဖက်တပ်ဖွဲ့ပုံစံနည်းတူ တွေ့သမျှ လူကိုသတ်၊ ရွာတွေအားလုံးကိုဖျက်ဆီးပြီးတော့ အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာဖြစ်တယ်။ ပိုဆိုးတာက ကလေးငယ်တွေ၊ အမျိုးသမီးတွေက ပိုပြီးတော့ကာကွယ်ပေးရမယ့် ထဲပါပါတယ်။ သက်ကြီးရွယ်အိုတွေလည်းပါပါတယ်။ မသန်စွမ်းတဲ့သူတွေလည်းပါပါတယ်။ ဒါပေမယ့်သာမန်ပြည်သူလူထုကိုတိုက်ခိုက်နေတဲ့ကြားမှာ စောစောက လိုမျိုးကလေးငယ်တွေ၊ အမျိုးသမီးငယ်တွေ၊ မသန်စွမ်းတဲ့သူတွေ ၊ သက်ကြီးရွယ်အိုတွေကို လုပ်ဆောင်မှုက ပိုပြီးတော့ဆိုးသွားပါပြီ။ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စဆိုရင် ကလေးတွေက သုံးနှစ်ကနေ ခုနှစ်နှစ်အထိ ကလေးငယ်တွေဖြစ်ပါတယ်။ ဒီကလေးတွေဆိုတာ မူကြိုတက်နေတဲ့ကလေးငယ်တွေဖြစ်တယ်။ ဒီလိုမျိုးကလေးငယ်တွေကို ဓားစာခံပုံစံမျိုးနဲ့ ဖမ်းဆီးခြင်းက အရမ်းကို ရက်စက် ယုတ်မာသွားပြီ။ သာမန်လူ့အခွင့်အရေးချိုးဖောက်မှုတင်မကတော့ဘဲနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ကလေးတွေကို ကာကွယ်ပေးရမယ်ဆိုပြီးအထူးပြဌာန်းထားတဲ့ ကလေးသူငယ် ဆိုင်ရာ နောက်တစ်ခါ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေ အကုန်လုံးကို ထင်ထင်ရှားရှားချိုးဖောက်လိုက်တာဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထုတ်ပြန်ထားသလိုပဲ အပြင်းအထန်ရှုတ်ချတယ်။ ဒါမျိုးကိစ္စကို ကျွန်တော်တို့ဘယ်လိုမှ လုပ်လို့မရဘူး၊။ ဘယ်အဖွဲ့မှ လုပ်ဖို့မသင့်ဘူး။ ဒါတွေကိုအထူးကာကွယ်ပေးဖို့ ကျုးလွန်နေတဲ့သူတွေကိုလည်း ကုလသမဂ္ဂရဲ့ယန္တယားအပါအဝင် နိုင်ငံတကာက ဒါကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီး အရေးယူဖို့ ကျွန်တော်တို့ တိုက်တွန်းလှုံဆော်ထားတာလည်းအားလုံးအသိပဲဖြစ်ပါတယ်။

️ ဒီလို အရေးယူနိုင်ဖို့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သက်သေခံမှတ်တမ်းမှတ်ရာရရှိဖို့ ကလေးတွေ မိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းထားတာတွေရော ရှိပါသလား။
ကျွန်တော်တို့အခုရွာထဲမှာက သူတို့တပ်ကတော့ ဆုတ်ခွာသွားပါပြီ ။ဒါပေမယ့် ရွာသူရွာသားတွေက ရွာထဲကိုပြန်လာဖို့အတွက် အခက်အခဲရှိနေတယ်။ အင်တာနက် ၊ ဖုန်းလိုင်းအဆက်အသွယ်အရမ်းခက်ခဲနေတယ်။ ဒါကြောင့်မို့သူတို့နဲ့ တိုက်ရိုက်တော့ ကျွန်တော်တို့ မတွေ့သေးဘူး။ ကျွန်တော်တို့ရသမျှသတင်းအရတော့ကလေးတွေကတော့ပြန်ပြီးတော့ လွတ်သွားပါတယ်။ မိဘတွေနဲ့ပြန်တွေ့နိုင်လား၊မတွေ့နိုင်လား လက်ရှိနောက်ပိုင်း အခြေအနေကိုတော့ ကျွန်တော်တို့ ထပ်ပြီးတော့ စုံစမ်းဆဲပါ။ ဒါပေမယ့် ဒီလိုမျိုးရွာတွေမှာ သူတို့ထွက်သွားတာနဲ့တပြိုင်နက် ဖျက်ဆီးသွားတဲ့အလောင်းတွေ၊ ဖျက်ဆီးသွားတဲ့အိမ်တွေ အဲဒီစာရင်းတွေတော့ ကျွန်တော်တို့ ရရှိပါပြီခင်ဗျ။

️ အင်တာနက်ဖြတ်တာ၊ မီးတွေဖြတ်တောက်ထားတာ၊ ဖုန်းလိုင်းတွေဖြတ်တောက်တာစတာတွေရှိတဲ့အခါမှာ သက်သေအထောက်အထားအချက်အလက်တွေရဖို့ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
အခက်အခဲမပြောခင် အခု အချိန်မှာ ကျွန်တော်တို့အားကောင်းတဲ့အချက်ကတော့ အချိန်နဲ့ တပြေးညီ ကျွန်တော်တို့ရရှိနိုင်တယ်။ လူထုကိုယ်တိုင်က နာကျင်မှုနဲ့အတူ အများသိအောင်၊ ကမ္ဘာသိအောင် ကျွန်တော်တို့ဆီပေးပို့မှုက အရမ်းပူးပေါင်းဆောင်ရွက်မှု အရမ်းအားကောင်းပါတယ်။ ခေတ်မီနည်းလမ်းအရ ကျွန်တော်တို့ ဒီအင်တာနက်၊ ဖုန်း၊ ဗီဒီယို ဒါတွေကို ပေးပို့နိုင်ခြင်းက အားကောင်းတဲ့အချက်ဖြစ်ပါတယ်။ အားနည်းမှုက တော့ စိန်ခေါ်မှုတွေပေါ့။ ဒီလိုမျိုးသတင်းတွေရဲ့ စီးဆင်းမှု၊ အချက်အလက်တွေရဲ့လျှင်မြန်မှုကြောင့် ဖြစ်ပျက်မှုကိုကမ္ဘာက သိရှိတာကြောင့် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်တွေကို ဖြတ်တောက်တာ၊ နောက်တစ်ခါ လူတိုင်းကနေ သတင်းတွေပေးပို့နိုင်မှုမရှိအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်တာ ၊ ဒီသတင်းတွေပေးပို့မယ်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးမှုတွေရှိပါတယ်။ ဒါတွေက စိန်ခေါ်မှုပါ။ အဲလိုမျိုးတချို့သော နေရာတွေမှာအင်တာနက်ဖြတ်ထားတဲ့အတွက် လူတွေက ချက်ချင်းလက်ငင်းပြောဆိုနိုင်တာမဟုတ်တဲ့အတွက် အင်တာနက်ရတဲ့နေရာကိုသွားရတာမျိုး တွေရှိပါတယ်။ နောက်ထပ်တစ်ခုကတော့အချက်အလက်တွေကို ဖျက်ဆီးတာပါ ။ဥပမာ သေဆုံးတဲ့နေရာတွေမှာ တကယ့်ကို ရုပ်ပျက်ဆင်းပျက်နဲ့သေဆုံးပြီးတော့ ဘယ်သူမှန်းမသိအောင်ဖျက်ဆီးတာမျိုး၊ ဒါမျိုးတွေကျွန်တော်တို့ ဖြစ်နေတာ ဒါတွေက စိန်ခေါ်မှုအပိုင်းဖြစ်ပါတယ် ။ ဒါပေမယ့်အားကောင်းမှုကတော့ ရန်သူကနေ၊ ဒီစစ်ကောင်စီကနေ လူထုကို ထိတ်လန့်အောင် ခြိမ်းခြောက်နေပေမယ့် လူထုက ကြောက်လန့်သွားတာမရှိဘူး။သန်းကောင်ထက်အပြင် ညမနက်တော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်လက်ပြီးတော့တွန်းလှန်နေတာ၊ သတင်းတွေကို ပေးပို့နေတာ တွေဟာ စစ်ကောင်စီက ဘယ်လိုမှမခန့်မှန်းထားနိုင်တဲ့၊ အထင်သေးထားတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်လိုတဲ့ စိတ်ပြင်းထန်တာပဲဖြစ်ပါတယ်။

️ ဝန်ကြီးအနေနဲ့ နိုင်ငံတကာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တောက်လျောက်တွေ့နေရပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ မြေပြင်အခြေအနေအထားကို နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုနားလည်ထားပါသလဲ။ သူတို့ အမြင်က နွေဦးတော်လှန်ရေးအစပိုင်းကာလနဲ့ ဘယ်လိုကွာခြားမှုရှိပါသလဲ။
ကျွန်တော်အနေနဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ လက်ရှိအခြေအနေမှာ ဖြစ်ပျက်နေတာတွေကို တင်ပြပါတယ် ။အဲဒီတော့အများစုကတော့ စစ်ကောင်စီက တကယ့်ဆိုးရွားတဲ့ရာဇဝတ်မှုကိုကျုးလွန်တယ်ဆိုတာ အားလုံးက ယုံမှားသံသယမရှိ အကုန်လုံးက လက်ခံပါတယ်။ လက်မခံလိုလဲ မရပါဘူး။ ကျွန်တော်တို့ပေးပို့နေတဲ့အချက်အလက် ဒါတွေ က အများကြီးရှိတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ကမ္ဘာ့သတင်းမီဒီယာတွေမှာ အရင်တုန်းက နွေဦးတော်လှန်ရေး လမ်းပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတုန်းက သတ်ဖြတ်မှု သတင်းတွေတက်လာပေမယ့် နောက်ပိုင်းမှာ စစ်ကိုင်တိုင်း၊ ချင်းပြည်နယ်၊ ကရင်နီဒေသ၊ နောက်တစ်ခါ တခြားသောဒေသတွေမှာ သတ်ဖြတ်မှုတွေက နေ့တဓူဝဖြစ်ပျက်နေပေမယ့် ကမ္ဘာ့သတင်းမီဒီယာ ကိုလွှမ်းခြုံမှုကအားနည်းနေတယ်။ ဒါကြောင့်မို့ ဖြစ်ပျက်နေတာသိပေမယ့်အရင်ကထက် ပိုပြီးတော့ အာရုံစိုက်မှုတွေ ရရှိဖို့တော်တော်ကြိုးစားရပါတယ်။ အဲဒီတော့ လက်ရှိအခြေအနေက စစ်အာဏာရှင်က အာဏာသိမ်းဖို့ကြိုးစားပေမယ့် အခုအချိန်ထိမအောင်မြင်သေးဘူး။ ပြည်သူလူထုတွေဆက်လက်ပြီးတော့ တွန်းလှန်နေတာရှိတဲ့အတွက် ရက်စက်မှုက အရမ်းကို ကမ်းကုန်သွားပြီ။ အဲလိုမျိုးကိစ္စမျိုးမှာ ကျွန်တော်တို့က သနားရုံတင်မကဘဲ ဒီလိုမျိုးလက်နက်တွေကိုမတရားအသုံးချပြီးတော့ ပြည်သူလူထုကိုသတ်ဖြတ်နေတဲ့စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို ရပ်တန့်ဖို့ အမြန်ဆုံးလုပ်ဆောင်ဖို့ တာဝန်ရှိတယ်ဆိုတာ ကျွန်တော်တို့အမြဲတမ်း ပြောကြားပါတယ်။ သေဆုံးသွားတဲ့သူတွေကိုဝမ်းနည်းတယ်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ သေဆုံးသွားမှုတွေကို စိတ်မကောင်းဖြစ်တယ်၊ မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့မရဘဲနဲ့ အခုချိန်ထိ အသံမတိတ်အလံမလိပ်ဘဲနဲ့ ဆက်လက်ပြီးတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေဟာ ယူကရိန်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့တန်းတူ တိုက်ပွဲဝင်နေတာရှိတယ်။ ယူကရိန်းမှာကျုးကျော်မှု ဖြစ်ပွားနေတဲ့ပုံစံအတိုင်းပဲ ကျွန်တော်တို့တိုင်းပြည်မှာလည်း တခြားသောရာဇဝတ်မှုတွေဖြစ်ပွားနေပါတယ်ဆိုတာ ကို ပိုမိုပြီးတော့ ထပ်လောင်းပြီးပြောဆိုပြီး အရေးယူဆောင်ရွက်မှုတွေဖြစ်အောင် ကျွန်တော်တို့တော်တော်လုပ်ဆောင်နေရတာရှိပါတယ်။

️ နောက်ပြီးတော့ ICJ နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ စစ်ကောင်စီ ရဲ့ ICJ မှာ လျှောက်လဲချက်ကို ဝန်ကြီး ဘယ်လိုရှုမြင်ပါသလဲ။ ICJ မှာ ၂၀၁၉ ခုနှစ်က NLD အစိုးရ လျှောက်လဲချက်နဲ့ စစ်ကောင်စီရဲ့လျှောက်လဲချက် ဘာကွာခြားမှု ရှိပါသလဲ။
အရင်တစ်ခါ NLD အစိုးရလက်ထက်က သွားရောက်ပြီးလျှောက်လဲတဲ့ကိစ္စ က ဒီလိုမျိုးရာဇဝတ်မှုတွေ မရှိဘူးဆိုတာ မဟုတ်ပါဘူး၊ ရှိနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာရှိတဲ့တရားစီရင်မှု အပိုင်းနဲ့ပဲ စီရင်ဖို့ ၊ ICJ ထိ စီရင်မှုကိုလက်ခံစရာမလိုဘူးဆိုတဲ့ အကြောင်းအရာကိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ကိုယ်စားပြုပြီး စေလွှတ်လိုက်တဲ့သူတွေက တင်ပြလိုက်တဲ့ကိစ္စတစ်ခုက ဂမ်ဘီယာက ဒါနဲ့ပတ်သက်ပြီးတော့ အခုလိုမျိုးလုပ်ဆောင်တာဟာ စွဲဆိုပိုင်ခွင့်မရှိဘူး ဆိုတဲ့အကြောင်းကိုပြောင်းသွားတဲ့အရာမျိုး ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ NUG ဘက်ကတော့ရှင်းရှင်းလေးပါ။ အရင်တုန်းက ကာလအရ ဒီလိုမျိုးကိစ္စတွေကို ပြည်တွင်းမှာအရေးယူမယ်၊ စုံစမ်းစစ်ဆေးမယ်ဆိုတာ ဖြစ်နိုင်ကောင်းဖြစ်နိုင်ပေမယ့် အခုချိန်မှာ မဖြစ်နိုင်ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားမြင်နိုင်ပါလိမ့်မယ်။ ဒါကြောင့်လဲဆိုတော့ တရားစီရင်မှု မဏ္ဍိုင်၊ စုံစမ်းစစ်ဆေးမှု ယန္တယား ဘာတစ်ခုမှ မရှိတော့ဘူး။ အဲဒါကြောင့်မို့ပြည်တွင်းမှာအားမကောင်းတဲ့အတွက် ICJ လို တရားစီရင်မှုအပိုင်းကို ကျွန်တော်တို့ဘက်က လက်ခံတယ်။ လာရောက်ပြီးတော့စုံစမ်းပါ။ စီရင်ပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဘက်က အဖြစ်မှန်တွေပေါ်ပေါက်ဖို့အတွက် တတ်နိုင်သရွှေ့ပူးပေါင်းဆောင်ရွက်မယ်။ ICJ ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့လက်ခံပါမယ်ဆိုပြီး အကြောင်းအရာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကစေလွှတ်လိုက်တဲ့သူတွေကတော့ ICJ မှာ စီရင်ခွင့်မရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမယ်ဆိုတာမဟုတ်ဘူး။ ဒါကြောင့်မို့လက်ရှိလုပ်ဆောင်နေတဲ့ ICJ မှာ တရားစီရင်ပိုင်ခွင့်ရှိလား မရှိလားဆိုတဲ့ ဆုံးဖြတ်ချက်က ပိုပြီးတော့ကြာမယ်။ အခုချိန်မှာတောင် ဒါမျိုးဖြစ်တဲ့အတွက် အဖြစ်မှန်ကိုပေါ်ပေါက်ဖို့အတွက် အမှန်တရားကိုပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်တဲ့ကာလမှာ ပိုမိုပြီးတော့ရှည်ကြာသွားမယ့်အခြေအနေမျိုးတော့ဆိုက်ရောက်မှာတွေ့နိုင်ပါတယ်။

️ ICJ မှာ နိုင်ငံကိုယ်စားပြု တရားရင်ဆိုင်ဖို့ NUG ဘက်ကလည်း ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီက တရားရင်းဆိုင်ခွင့်ရတာတွေ့ရပါတယ်။ ဒီအကျိုးဆက်က ဘာတွေဆက်ဖြစ်လာနိုင်လဲ။
အကျိုးဆက်ကတော့ ခုဏ သူတို့က (စစ်ကောင်စီ) ကိုယ်စားပြုပြီး သွားရောက်တဲ့အခါမှာ ICJ ရဲ့စီရင်ပိုင်ခွင့်ကိုလက်မခံဘူးဆိုကတည်းက အမှန်တရားကို ဖော်ထုတ်ဖို့အတွက် လမ်းကြောင်းတဆင့်ကြာသွားတာပေါ့။ တစ်ချိန်တည်းမှာ တင် ဒါကိုလက်မခံတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိချင်မှ ရှိပါလိမ့်မယ်။ ဒါဆိုရင် တကယ့်ကို ထိခိုက်နစ်နာခဲ့ကြတဲ့ ပြည်သူတွေ၊ ICJ မှာဆိုရင် ရိုဟင်ဂျာတွေပေါ့၊ ရိုဟင်ဂျာတွေအပေါ်မှာ အမှန်တရားဖော်ထုတ်ဖို့ အချိန်ကြာသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာက တကယ့်ကို အဖြစ်မှန်ကို ဖြစ်ခဲ့တာဟာကို စုံစမ်းမယ် ၊စစ်ဆေးမယ်၊ အဲဒီအတိုင်းစီရင်တာကိုလက်ခံမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ငြင်းပယ်မယ်၊ မဖြစ်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် တကယ့် လုပ်ငန်းစဉ်က တရားရေးကဏ္ဍဖြစ်တဲ့အတွက် ကြာမြင့်လေလေ ငြင်းဆန်မှုကြောင့် ပိုမိုကြာမြင့်တဲ့အခြေအနေဖြစ်သွားမှာ သေချာပါတယ်။

️ တရားရေးလမ်းကြောင်းအရသွားရတာ အချိန်ကာလအတိုင်းတာတစ်ခုကြာမြင့်တယ်ဆိုတာရှိပေမယ့် အာဏာသိမ်းပြီးတဲ့ကာလတလျောက် သွေးမြေကျခဲ့ရ၊ လူ့အခွင့်ရေးချိုးဖောက်မှုမျိုးစုံခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းနိုင်ဖို့ အချက်အလက်တွေ စုဆောင်းဖို့ အချိန်ကာလဘယ်လောက်လောက်ထိကြာဦးမှာပါလဲ။
အဲဒီတော့ တရားစီရင်မှုအပိုင်းမှာ ကျွန်တော်တို့ကြည်တဲ့အခါမှာ ခုဏလို ဥပဒေပိုင်းဆိုင်ရာအရ ဖော်ဆောင်မှု Justice ဆိုတဲ့အပိုင်းက အကောင်းဆုံးဖြစ်ပါတယ်။ဒါပေမယ့်အချိန်က ကြာပါတယ်။ ကျုးလွန်တဲ့သူတွေအားလုံးကိုအပြစ်ပေးအရေးယူနိုင်ဖို့ အတွက် ကာလတစ်ခုတော့ မဖြစ်မနေ ကျွန်တော်တို့ဖြတ်သန်းရမှာဖြစ်ပါတယ် ။ဒါကြောင့်မို့ ဒီကိစ္စတစ်ခုကို ကျွန်တော်တို့ လုပ်ဆောင်နေရုံတင်မကဘဲ တခြားသော တရားမျှတမှုဖော်ဆောင်တဲ့နည်းလမ်းတွေကိုလည်း အခုကတည်းက လုပ်ဆောင်ထားလို့ရပါတယ်။ ဒါတွေကတော့ ဘာတွေဖြစ်နိုင်လဲဆိုရင် အခုသေဆုံးသွားတဲ့သူတွေ၊ ရာဇဝတ်မှုချိုးဖောက်ခံရတဲ့သူတွေကို သူတို့ဆန္ဒတွေကိုအခုကတည်းက ယူထားပြီးတော့ သူတို့ရဲ့မိသားစုတွေနဲ့တွေ့ဆုံပြီးတော့ သူတို့ဘယ်လိုမျိုးဖြစ်ချင်လဲ ဆိုတဲ့အကြောင်းအရာတွေ ခုကတည်းက နားထောင်ထား၊ ဖြစ်ရတဲ့သူတွေကိုအခုကတည်းက ကျန်းမာရေး၊နစ်နာကြေး၊ သူတို့ထိခိုက်နစ်နာသွားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးအပ်တာ၊ ဒါတွေ လည်းကျွန်တော်တို့လုပ်လို့ရတယ်။ ကျုးလွန်တဲ့သူတွေ၊ တာဝန်ရှိတဲ့သူတွေက သူတို့အပေါ်မှာ ကိုယ်ရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဝန်ခံပြီးတော့ တောင်းပန်စကားဆိုတာ ဒါမျိုးလည်းလုပ်လို့ရတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုမျိုးကိစ္စတွေက နောက်တစ်ခါဘယ်တော့မှမဖြစ်အောင် လုပ်ဆောင်ပေးပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ကျန်တဲ့ဥပဒေတွေလည်းပြောင်းသင့်တာပြောင်း၊ ပြင်သင့်တာပြင်၊ အသစ်ဖွဲ့သင့်တာတွေဖွဲ့ပြီးတော့ အခုကတည်းက ကျွန်တော်တို့က နောက်ထပ်အနာဂတ်မှာ ဒါမျိုးမဖြစ်ရအောင် အာမခံပေးတာကလည်း တရားဥပဒေဖော်ဆောင်ပေးတဲ့အပိုင်းဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုမျိုးနည်းပေါင်းစုံဖြစ်အောင် ကျွန်တော်တို့လုပ်ဆောင်နေလျှက်ရှိပါတယ်။ ဝန်ကြီးဌာနအလိုက် ဝန်ကြီးဌာနအလိုက် သူလုပ်နိုင်တဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ပြီးတော့ ခုဏလိုမျိုး လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့သူ၊ ရာဇဝတ်မှုကျုးလွန်ခံရတဲ့သူနဲ့ ကျန်ရစ်တဲ့မိသားစုတွေ၊ သူတို့ရဲ့ကိုယ်စားတင်ပြလာတဲ့သူတွေ နဲ့တိုင်ပင်ပြီးတော့ လုပ်ဆောင်တဲ့ဟာတွေ ၊တိုက်ရိုက်ကူညီမှုအစီအစဉ်တွေ၊ တစ်ချိန်တည်းမှာတင် အနာဂတ်မှာဒါမျိုး မဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုအပိုင်းတွေ ဒါတွေလည်း တစ်ချိန်တည်းမှာလုပ်ဆောင်နေလျှက်ရှိပါတယ်။


















































