လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေကို မြန်မာနှစ်ဆန်းတစ်ရက်မှာဖွင့်ဖို့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
လက်ရှိအချိန်အထိတော့ ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတွေမှာ ပြန်ဖွင့်ဖို့ ပြင်ဆင်တာတွေမတွေ့ရသေးပါဘူး။
သမ္မတရုပ်ရှင်ရုံမှာတော့ ရုံတွေမပိတ်ခင်အချိန်အထိ ရုံတင်ပြသခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပိတောက်ကတဲ့ဂီတနဲ့ နောက်ထပ်ရုံတင်မယ့် အော်ရဂျင်နယ်ဂန်းစတား ရုပ်ရှင်ပိုစတာတွေက နှစ်နှစ်ကျော်တဲ့တိုင် နေရာယူနေဆဲပါ။
ရုပ်ရှင်ရုံကို ပိတ်ထားသလို အရင်က ရုံရှေ့က ဖြတ်လျှောက်လို့ရတဲ့ လမ်းကိုတောင် အကာအရံတွေနဲ့ပိတ်ထားတာတွေ့ရပါတယ်။

Public Service Announcement
ဆူးလေဘုရားလမ်းပေါ်မှာရှိတဲ့ နေပြည်တော်နဲ့ ရှေ့ဆောင် ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ထားတာတွေ့ရပြီး နောက်ဆုံးရုံတင်ခဲ့တဲ့ ဇာတ်ကားပိုစတာတွေကတော့ ရုံတွေပေါ်မှာနေရာယူနေဆဲပါ။
၃၅ လမ်းထိပ်မှာရှိတဲ့ သွင်ရုပ်ရှင်ရုံကတော့ ရုပ်ရှင်ဇာတ်ကားပိုစတာတွေတောင် ဖြုတ်ထားတာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်က မတရားပုဒ်မတပ်ဖမ်းဆီးပြီးထောင်ချထားတဲ့ အနုပညာရှင်တွေကို လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ခဲ့တဲ့ စစ်ကောင်စီက ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ ခြေလှမ်းနေတာတော့ ကြာပြီဆိုတော့ ဒီတစ်ကြိမ် မရရအောင် ပြန်ဖွင့်ဖို့အလားအလာရှိနေပါတယ်။
ရုပ်ရှင်ရုံတွေပြန်ဖွင့်တဲ့ အချိန်မှာ ပုံမှန်တန်းစီဇယားအရ ပြသမယ်ဆိုရင်တော့ မြင့်မြတ်နဲ့ ယုန်လေးတို့ရဲ့ အော်ရဂျင်နယ်ဂန်းစတား ဇာတ်ကားပြသရမှာပါ။
ဒါပေမယ့်လည်း အခုချိန်ထိတော့ ရုံတင်ပြသမယ့် ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တစ်ချို့ လွတ်မြောက်လာပေမယ့် စစ်ကောင်စီရဲ့ မတရားပုဒ်မတပ် ဖမ်းဆီးမှုတွေကြောင့် ရှောင်တိမ်းနေရသူတွေလည်းရှိနေဆဲပါ။
ဒီလိုကာလမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ့်အပေါ် ဝေဖန်မှုတွေရှိနေသလို နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ မပါဝင်ခဲ့တဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေရုံတင်ရင် Social Punishment ပြုလုပ်ဖို့တိုက်တွန်းထားတာတွေလည်းရှိနေပါတယ်။
ပုံမှန်အတိုင်း တန်းစီစနစ်အရသာ ရုံတင်မယ်ဆိုရင် စစ်ကောင်စီကို ထောက်ခံမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ယုန်လေးရဲ့ ရုပ်ရှင်ရုံတင်မှာပါ။
စစ်ကောင်စီကပြုလုပ်တဲ့ ပွဲတွေကို တက်ရဲခဲ့တဲ့ ယုန်လေး ရုံတွေဖွင့်ရင်ရော စစ်ကောင်စီအလိုကျ သူ့ကားကို ရုံတင်ရဲမလားဆိုတာကတော့ စောင့်ကြည့်နေရမှာပါ။


















































