မေလ ၁၄ ရက် ပေါက်ကွဲမှုဟာ အီးဒ်ကာလအတွင်း အပစ်အခတ် ရပ်စဲထားရေး သဘောတူညီချက်ကို ထိခိုက် လှုပ်ခတ်လာစေပါတယ်။ ပေါက်ကွဲမှုကြောင့် ဝတ်ပြုနေသူတွေ အပါအဝင် နောက်ထပ် ထိခိုက် ဒဏ်ရာရသူ အနည်းဆုံး ၁၅ ဦးလောက် ရှိခဲ့ပါတယ်။
ဗလီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖာဒေါစ် ဖာရာမက်ဇ်က ဗုံးကွဲမှုအတွင်းမှာ ဗလီ အကြီးအကဲ မော့ဖ်တီ နိုင်မန်လည်း သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ကြေညာတာမျိုး မရှိသေးပါဘူး။
မျက်မြင်တွေရဲ့ အဆိုအရ သောကြာနေ့ ဝတ်ပြုမှု အစီအစဉ် စတင်ပြီး မကြာခင်မှာပဲ ဗုံးထပေါက်ခဲ့တာလို့ သိရပါတယ်။ မူဟီဘူလာ ဆာဟက်ဘ်ဇာဒါ ဗလီကို လာရောက် ဝတ်ပြုပြီး အသက်ဘေးကနေ ကပ်လွတ်ခဲ့သူ တစ်ဦးကတော့ ထိခိုက် သေကြေသူတွေထဲမှာ ကလေးတွေပါ ပါဝင်ခဲ့ကြောင်း ပြောပါတယ်။ ဗုံးပေါက်ကွဲပြီးချိန်မှာ ဗလီရဲ့ အစိတ်အပိုင်း တချို့ ပြိုကျသွားပြီး မီးခိုးတွေ ဖုံးသွားတယ်လို့ ဆိုပါတယ်။
အာဖဂန်မှာ အစိုးရနဲ့ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို အိုင်အက်စ် အကြမ်းဖက် အုပ်စုနဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း လှုပ်ရှားနေပါတယ်။ တာလီဘန်တွေကတော့ ဗလီ ဗုံးခွဲမှုဟာ သူတို့နဲ့ လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။
အရင်က အာဖဂန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တာလီဘန်တွေကြား အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲခဲ့ကြပါတယ်။ အီးဒ်ကာလမှာတော့ သုံးရကကြာ အပစ်အခတ် ရပ်စဲမယ်လို့ တာလီဘန်ရော၊ အာဖဂန် အစိုးရကပါ အသီးသီး ကြေညာခဲ့ပေမယ့် ဒုတိယမြောက်နေ့မှာ အခုလို ဗုံးကွဲခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကဘူးလ်က ကျောင်းတစ်ကျောင်းနားမှာ ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသူ မိန်းကလေးငယ် အများစု အပါအဝင် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ပါတယ်။