နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၈ ရက်နေ့တုန်းက ပါကစ္စတန် အနောက်ဖက် နယ်စပ်နဲ့ ထိစပ်နေတဲ့ အာဖဂန် ပြည်နယ်တွေထဲမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ အာဖဂန်မှာရှိတဲ့ တာလီဘန် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ တစ်ဖက်သတ် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေကြေ ဒဏ်ရာရခဲ့ကြောင်း၊ ဒီလုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း တာလီဘန်တွေက ပြောပါတယ်။
ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အတ္တူလာ တာရာကတော့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နယ်စပ်တလျှောက် ပုန်းအောင်းနေတဲ့ စစ်သွေးကြွ စခန်းတွေကို ဖျက်ဆီးဖို့သာ ရည်ရွယ်ကြောင်း၊ အဲဒီ စစ်ဆင်ရေးအတွက် စစ်သွေးကြွ ၂၉ ဦးထက်မနည်းကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement
ပါကစ္စတန်က အာဖဂန် တာလီဘန် အစိုးရဟာ ပါကစ္စတန်ကို ဆန့်ကျင်နေတဲ့ စစ်သွေးကြွတွေကို နယ်စပ်မှာ ခိုလှုံခွင့် ပေးထားကြောင်း ကာလရှည်ကြာ စွပ်စွဲထားသလို တာလီဘန်တွေကလည်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အရင်ကလည်း နယ်စပ်မှာ ပါကစ္စတန်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပြီး နှစ်နိုင်ငံကြား နောက်ဆက်တွဲ စစ်ရေး ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပါကစ္စတန်ကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်သွေးကြွ ပစ်မှတ်တွေကို ချေမှုန်းဖို့ပဲ ရည်ရွယ်ကြောင်း ပြောဆိုထားပါတယ်။
အလားတူ အခြေအနေတွေကြောင့် အာဖဂန်နဲ့ ပါကစ္စတန်ကြား သီတင်းပတ်တချို့ ကြာမြင့်တဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရာက အောက်တိုဘာလမှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ အပစ်ရပ် သဘောတူညီမှုလည်း ပျက်ပြယ်ခဲ့ပါတယ်။
တာလီဘန်တွေက ဇွန်လ ၂၈ ရက်နေ့ ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ပြောပါတယ်။ ပါကစ္စတန်ကတော့ အာဖဂန်ရဲ့ ပက်ခ်တီရာ၊ ပက်ခ်တီကာနဲ့ ကူနာ ပြည်နယ်တွေထဲက စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာသာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဖဂန် တာလီဘန်တွေက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အရင်ကတော့ အဲဒီလို အခြေအနေတွေမှာ အာဖဂန်ဖက်ကလည်း လက်တုံ့ပြန်ရာက နောက်ဆက်တွဲ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေကြောင့် လူတွေ ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။ မတ်လမှာတော့ အာဖဂန်ရဲ့ မြို့တော် ကဘူးလ်မှာရှိတဲ့ မူးယစ်ဆေးဖြတ် စခန်းတစ်ခုကို ပါကစ္စတန်က တိုက်ခိုက်ခဲ့ရာက လူတွေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
ဇွန်လဆန်းမှာ ပါကစ္စတန်က အာဖဂန် ပိုင်နက်ထဲ လေကြောင်းစစ်ဆင်ရေးတွေ ဆင်နွှဲပြီး စစ်သွေးကြွ ၂၆ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အာဖဂန် တာလီဘန် အစိုးရကတော့ အဲဒီ တိုက်ခိုက်မှုတွေထဲမှာ ကလေးတွေ အများစု အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ကိုးကား: BBC


















































