အခု သီတင်းပတ်ကုန်က နိုင်ငံမြောက်ပိုင်း၊ ဆိုလ်ဟန်မှာရှိတဲ့ ရွာတစ်ခုကို အမည်မသိ အဖွဲ့အစည်း တစ်ခုရဲ့ သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ကြေညာပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှလည်း တာဝန်ခံ ကြေညာတာမျိုး မရှိသေးပါဘူး။
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က ဒီလုပ်ရပ်မျိုးဟာ စက်ဆုပ်စရာ ရာဇဝတ်မှုမျိုး ဖြစ်တယ်လို့ ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အာဖရိကမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ လျော့ပါးလာစေရေးအတွက် နှစ်ဆတိုး အားထုတ် ကူညီကြဖို့ ဂူတာရက်ဇ်က တိုက်တွန်းခဲ့ပါတယ်။
ဘာကီနာဖာဆို သမ္မတ ရော့ချ်ကာဘောက ဒီဖြစ်စဉ်အတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု ကာလကို ၃ ရက်ကြာ သတ်မှတ်ကြောင်း ထုတ်ပြန်ပါတယ်။ ပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြစ်မှု ကျူးလွန်သူတွေကို လိုက်လံ ရှာဖွေနေတယ်လို့လည်း သမ္မတက ပြောပါတယ်။
အာဖရိကတိုက် အလယ်ပိုင်း နိုင်ငံတွေမှာ လက်နက်ကိုင် အကြမ်းဖက် လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတဲ့အပေါ် ဒေသခံ အစိုးရတွေ အနေနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ အခက်ကြုံနေရပါတယ်။ အခုသီတင်းပတ်ထဲမှာပဲ နိုက်ဂျီးရီးယားမှာလည်း လက်နက်ကိုင် အကြမ်းဖက်သမားတွေ ပစ်ခတ်လို့ ဒေသခံ ၈၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဘာကီနာဖာဆိုမှာ ဇွန်လ ၄ ရက်ကလည်း ကျေးရွာတစ်ခုမှာ လူရမ်းကားတွေ ဝင်ရောက် ပစ်ခတ်လို့ လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ဘာကီနာဖာဆို အရှေ့ပိုင်းမှာလည်း တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
