Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကာကွယ်ဆေး ၃ မျိုးဟာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို ဟန့်တားနိုင်စွမ်း အားကောင်းဆဲလို့ဆို

ဗြိတိန်မှာ သုတေသနပြု လေ့လာမှု တစ်ခုအရ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး ၃ မျိုးဟာ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို ရာခိုင်နှုန်း မြင့်မြင့်မားမား ဟန့်တားနိုင်စွမ်း ရှိနေဆဲလို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီ Pfizer နဲ့ ဂျာမန် ဇီဝသိပ္ပံဌာန BioNTech တို့ ပူးပေါင်း ဖန်တီးထားတဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်အပြည့် ထိုးထားပြီးပြီဆိုရင် Delta မျိုးကွဲ ဗိုင်းရပ်စ်ကို အတော်ကြီး ထိထိရောက်ရောက် တားဆီးထားနိုင်တယ်လို့ ဆိုပါတယ်။

အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ မူလက Pfizer ရဲ့ ဆေးလောက် Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်စွမ်း မရှိဘူးလို့ ယူဆထားပေမယ့် ထိရောက်တဲ့ အာနိသင်မျိုး ရှိနေဆဲလို့ သုတေသီတွေက ပြောပါတယ်။ ဒီဆေးကို အိန္ဒိယ ကုမ္ပဏီ Serum Institute ကလည်း လိုင်စင်ယူပြီး Covishield ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်နေပါတယ်။

ဒီဆေး နှစ်မျိုးစလုံးရဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်စွမ်းဟာ Alpha မျိုးကွဲကို တားဆီးနိုင်တဲ့ အချိုးအစားနဲ့ ယှဉ်ရင်တော့ လျော့ကျသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီက ဗြိတိန်ဟာ Alpha မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် Covid-19 ကပ်ရောဂါ တကျော့ပြန် ခေါင်းထောင်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

အမေရိကန် ကုမ္ပဏီ Moderna က ထုတ်လုပ်တဲ့ ကာကွယ်ဆေးရဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ်ကို ဟန့်တားနိုင်စွမ်းကို မထုတ်ပြန်သေးပေမယ့် တခြားဆေးနှစ်ခုနည်းတူ အာနိသင် ထက်မြက်မှု မြင့်မြင့်မားမား ရှိနေလိမ့်မယ်လို့ ဗြိတိန် သုတေသီတွေက ယူဆနေပါတယ်။

အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ အမျိုးသား အချက်အလက် ဦးစီးဌာနတို့က ဦးဆောင်တဲ့ ပညာရှင်တွေ ပူးပေါင်းပြီး ဗြိတိန် ပြည်သူ ၇ သိန်း ၄ သောင်းကျော်ဆီက ကာကွယ် ဆေးထိုးနှံမှုနဲ့ ရောဂါ ကူးစက်မှု မှတ်တမ်းတွေကို လေ့လာ ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို သုတေသနပြု လေ့လာမှုမျိုးဟာ ဗြိတိန်မှာတော့ အတိုင်းအတာ ပမာဏ အကြီးမားဆုံး ဖြစ်လာပါတယ်။

Pfizer ရဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ် ထိုးနှံပြီး အနည်းဆုံး ၅ လအတွင်း Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် Covid-19 ရောဂါ လက္ခဏာတွေ ပြသမလာအောင် ဟန့်တားနိုင်စွမ်း ၉၃ ရာခိုင်နှုန်းလောက်ထိ မြင့်မားနေဆဲလို့ ဆိုပါတယ်။ AstraZeneca ရဲ့ ဆေးက နှစ်ကြိမ် ထိုးထားရင် Delta မျိုးကွဲကြောင့် ရောဂါ ဖြစ်နိုင်ခြေကနေ ၇၁ ရာခိုင်နှုန်းလောက် လျော့ကျသွားစေနိုင်တယ်လို့ အချက်အလက်တွေက ညွှန်ပြနေပါတယ်။

လောလောဆယ်တော့ ဗြိတိန် သုတေသီတွေဟာ Delta မျိုးကွဲ ဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေး ၃ မျိုးရဲ့ ဟန့်တားနိုင်စွမ်းကိုပဲ စမ်းသပ်နေတာပါ။ Delta မျိုးကွဲဟာ တခြား မျိုးကွဲတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်က ပရိုတိန်း အတက်အလက်တွေရဲ့ ပုံသဏ္ဍန်နဲ့ ဓာတု ဖွဲ့စည်းပုံ အပြောင်းအလဲတွေ ရှိလာတဲ့ သန္ဓေပြောင်း ဗိုင်းရပ်စ် ဖြစ်ပါတယ်။ Delta မျိုးကွဲဟာ ကူးစက်နှုန်း ပိုမြန်ဆန်တာကြောင့် ဒီဗိုင်းရပ်စ် ပျံ့နှံ့လာပြီဆိုရင် နိုင်ငံအလိုက် အသေအပျောက် စာရင်းလည်း မြင့်တက်လာနိုင်ပါတယ်။

Delta မျိုးကွဲ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ကာကွယ်ဆေး ထိုးထားသူတွေပါ ရောဂါ ကူးစက်ခံရတဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နှစ်သစ်ကူးကို အကြောင်းပြုပြီး ဒေသတချို့မှာ ရောဂါ ဖြစ်ပွားနှုန်း တိုးလာတာမျိုး ကြုံကောင်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ နောက်တစ်ကြိမ် ကိုဗစ်ကူးစက်မှုလှိုင်း အကြီးအကျယ် ရိုက်ခတ်တာမျိုးကတော့ လာမယ့် လပိုင်းတွေအတွင်း မဖြစ်နိုင်လောက်တော့ကြောင်း ဝူက မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် အာဏာပိုင်တွေကတော့ အခုအခါမှာ ကိုဗစ် ကူးစက်မှုနှုန်းဟာ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ခဲ့ပြီးပြီလို့ ယုံကြည်ယူဆကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron ဆင့်ကဲမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးရဲ့ ဒဏ်ကို ခံနေရတာပါ။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။