ဆွီဒင်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ရွေးချယ် ခံရတဲ့ မက်ဂ်ဒါလီနာ အန်ဒါဆန်ဟာ တစ်ရက် အကြာမှာပဲ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
သူဟာ နိုဝင်ဘာ ၂၃ ရက်က ညွန့်ပေါင်း အစိုးရ ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီ အင်အားစုမှာ ဝန်ကြီးချုပ်သစ်အဖြစ် မဲပေး ရွေးချယ် ခံခဲ့ရပါတယ်။ ဆွီဒင်နိုင်ငံ သမိုင်းမှာ အရင်က အမျိုးသမီးတစ်ဦး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရတာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ နောက်တစ်ရက် အကြာမှာပဲ အန်ဒါဆန်က ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ကြောင်း Twitterကနေတဆင့် အတည်ပြု ကြေညာခဲ့ပါတယ်။ သူဟာ ဆွီဒင် ဘုရင်ဆီက တရားဝင် အသိအမှတ်ပြု ခန့်အပ်မှု မခံရသေးခင်မှာပဲ နုတ်ထွက်သွားခဲ့တာပါ။
ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ ပါတီတွေ ကွဲထွက်ကုန်တာနဲ့ ပတ်သက်လို့ အန်ဒါဆန်က ရာထူးက နုတ်ထွက်ခဲ့တာလို့ ယုံကြည်ရပါတယ်။ လွှတ်တော်မှာ ညွန့်ပေါင်း အစိုးရက ဘတ်ဂျတ် အဆိုတစ်ရပ် အရေးနိမ့်ပြီး နာရီပိုင်း အကြာမှာ အန်ဒါဆန်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ တစ်ဖက်မှာ ဂရင်းပါတီက ညွန့်ပေါင်း အစိုးရ အဖွဲ့ကနေ ခွဲထွက်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement
အသက် ၅၄ နှစ်အရွယ် အန်ဒါဆန်က သူဟာ ဝန်ကြီးချုပ် ရာထူးကို ပြန်လည် ရယူဖို့ မျှော်လင့်ထားကြောင်း၊ ဒါပေမဲ့ ညွန့်ပေါင်း အစိုးရကို ကိုယ်စားပြုတာ မဟုတ်ဘဲ ဆိုရှယ် ဒီမိုကရက်ပါတီရဲ့ အကြီးအကဲ အနေနဲ့ ဝန်ကြီးချုပ် ဖြစ်လာဖို့ ရည်ရွယ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌဆီ ပြောကြားခဲ့ပါတယ်။
စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေးနဲ့ အိုက်စ်လန်တို့မှာ အမျိုးသမီး ဝန်ကြီးချုပ်တွေ ခန့်အပ်ခဲ့ဖူးပေမယ့် ဆွီဒင်မှာတော့ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ အန်ဒါဆန်ဟာ ဗဟို လက်ဝဲယိမ်း ဆိုရှယ် ဒီမိုကရက် ပါတီကို ဦးဆောင်ခွင့်ရတဲ့ ဒုတိယမြောက် အမျိုးသမီး ပါတီ ခေါင်းဆောင် အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။
အတိုက်အခံ ပါတီ သုံးခုက ဘတ်ဂျတ် အဆိုနဲ့ ပတ်သက်လို့ အန်ဒါဆန်ရဲ့ အစိုးရကို ဆန့်ကျင် ရပ်တည်ခဲ့ပြီး လက်ဝဲယိမ်း ဝါဒစွဲ အစိုးရမျိုးအတွက် ထောက်ခံ မပေးလိုကြောင်း စင်တာပါတီ အကြီးအကဲ အန်နီ လုဖ်က ဆိုပါတယ်။ ဆွီဒင် ဝန်ကြီးချုပ်ဟောင်း စတီဖန် လော့ဖ်ဗန်ဟာ အခုလ အစောပိုင်းမှာ ဆိုရှယ် ဒီမိုကရက် ပါတီ အကြီးအကဲနဲ့ ဝန်ကြီးချုပ် ရာထူးတွေက နုတ်ထွက်ခဲ့ပြီး အန်ဒါဆန်နဲ့ ကိုယ်စားပြု ပါတီအပေါ် လူထု ထောက်ခံမှု မြင့်တက်အောင် လမ်းဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။


















































