Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အယ်လ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်ကို အမေရိကန်က ဒရုန်းစစ်ဆင်ရေးနဲ့ သုတ်သင်

၂၀၂၀ ပြည့်နှစ်မှာ အာဖဂန်က အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဘေးရန်ကင်းကင်း ပြန်လည် ရုပ်သိမ်းဖို့ သဘောတူညီချက် အနေနဲ့ တာလီဘန်တွေက အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ ကူညီမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်ဒါတွေဟာ မဟာမိတ်တွေအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပြီးသားပါ။

အယ်လ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်ကို အမေရိကန်က ဒရုန်းစစ်ဆင်ရေးနဲ့ သုတ်သင်
အယ်လ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်ကို အမေရိကန်က ဒရုန်းစစ်ဆင်ရေးနဲ့ သုတ်သင်

အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဒရုန်း တိုက်ခိုက်မှု တစ်ခုနဲ့ သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီကို အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ ရှင်းလင်း သုတ်သင်လိုက်ပြီလို့ အတည်ပြုသွားပါတယ်။ CIA ထောက်လှမ်းရေး ဌာနက ကြီးမှူးတဲ့ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေး တစ်ရပ်မှာ ဇာဝါဟီရီ သေဆုံးသွားခဲ့တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဇာဝါဟီရီဟာ ကမ္ဘာကျော် 9/11 အကြမ်းဖက်မှုကြီးကို အကောင်အထည် ဖော်ခဲ့သူ အိုစမာ ဘင်လာဒင် သေဆုံးခဲ့ပြီးနောက်ပိုင်း အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဖြစ်လာသူပါ။

ဘိုင်ဒန်က ဇာဝါဟီရီဟာ အမေရိကန် ပြည်သူတွေအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုတွေ အပါအဝင် ပြစ်ချက် အမြောက်အမြား ရှိနေသူလို့ ဘိုင်ဒန်က ဆိုပါတယ်။ အခုအခါ တရားမျှတမှုကို ဆောင်ယူနိုင်ခဲ့ပြီဖြစ်ပြီး အကြမ်းဖက် ခေါင်းဆောင်ဟာ လူ့လောကမှာ ရှိမနေတော့ဘူးလို့လည်း သူက ကြေညာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့တွေက သုတ်သင် ရှင်းလင်းလိုက်တဲ့နောက် ဇာဝါဟီရီက အယ်လ်ကိုင်ဒါ အဖွဲ့ကို ဆက်ပြီး ဦးဆောင်နေခဲ့ပါတယ်။ သူဟာ 9/11 အကြမ်းဖက်မှုကြီးကို ဘင်လာဒင်နဲ့ ပူးပေါင်း ကြံစည်ခဲ့သူလို့လည်း အမေရိကန် ထောက်လှမ်းရေးက ပြောပါတယ်။ ဇာဝါဟီရီဟာ အမေရိကန် အလိုအရှိဆုံး အကြမ်းဖက်သမား တစ်ဦးလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်မှာ အာဖဂန်က အမေရိကန်တပ်တွေ မရုပ်သိမ်းခင် တာလီဘန် စစ်သွေးကြွတွေနဲ့ ဆွေးနွေးခဲ့တုန်းက တာလီဘန်တွေ အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို လက်ခံမထားဘူးလို့ ကတိပြုခဲ့ပါတယ်။ အခုတော့ တာလီဘန် အစိုးရ ရုံးစိုက်ရာ ကဘူးလ်မြို့က အိမ်ကြီးအိမ်ကောင်း တစ်လုံးမှာ ဇာဝါဟီရီက အခန့်သား နေထိုင်နေတဲ့အတွက် တာလီဘန်တွေ ကတိချိုးဖောက်ခဲ့တယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။

အမေရိကန် ထောက်လှမ်းရေး သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဇာဝါဟီရီဟာ ပြတင်းပေါက် လေသာဆောင်ကို ခဏထွက်နေတဲ့အချိန် ဒရုန်းကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်း တည့်တည့်ထိမှန် ခံခဲ့ရတာလို့ သိရပါတယ်။ အဲဒီ ဒုံးကျည်တွေက ပေါက်ကွဲ မီးလောင်တာမျိုး မဟုတ်ဘဲ ပစ်မှတ် တစ်ခုတည်းကိုသာ ဘေးထွက် ထိခိုက်မှု အနည်းဆုံးနဲ့ တိတိကျကျ ချေမှုန်းနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ Hellfire မျိုးကွဲတွေလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အိမ်ထဲမှာ သူ့မိသားစုဝင်တွေလည်း ရှိနေပေမယ့် ဇာဝါဟီရီ တစ်ယောက်ပဲ သေဆုံးခဲ့တယ်လို့လည်း အမေရိကန် အစိုးရက ပြောပါတယ်။

ဘိုင်ဒန်က ဇာဝါဟီရီရဲ့ တည်နေရာကို စုံစမ်း သိရှိခဲ့တဲ့နောက် သူ့ကို သုတ်သင် ရှင်းလင်းဖို့ လပေါင်းများစွာ အချိန်ယူ ပြင်ဆင်ခဲ့တယ်လို့လည်း အတည်ပြုသွားပါတယ်။ နောက်တော့ အသက် ၇၁ နှစ်အရွယ် အီဂျစ်နိုင်ငံသားကို အပြီးသတ် သုတ်သင်ဖို့ သူကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့တာလို့ ဘိုင်ဒန်က ဆိုတယ်။ ဇာဝါဟီရီဟာ 9/11 အကြမ်းဖက်မှုကြီးအပြင် တခြား တိုက်ခိုက်မှုတွေကိုပါ ကျူးလွန်ခဲ့သေးတယ်လို့လည်း ဘိုင်ဒန်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေး သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန် ရေတပ်သား ၁၇ ဦး သေဆုံးခဲ့တဲ့ USS Cole စစ်သင်္ဘော ဗုံးကွဲမှု၊ ၁၉၉၈ ခုနှစ်တုန်းက လူပေါင်း ၂၂၃ ဦး သေဆုံးခဲ့တဲ့ ကင်ညာနဲ့ တန်ဇန်းနီးယားက အမေရိကန် သံရုံးတွေ တိုက်ခိုက်ခံရမှုတွေမှာ ဇာဝါဟီရီက နောက်ကွယ်ကနေ ကြိုးကိုင်သူအဖြစ် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဘိုင်ဒန်က အမေရိကန် တပ်တွေကို အာဖဂန်ကနေ ပြန်ရုပ်သိမ်းစေခဲ့တယ် ဆိုပေမယ့် အဲဒီနိုင်ငံဟာ အကြမ်းဖက်သမားတွေ ဘေးကင်းကင်း ခိုလှုံနိုင်တဲ့ အိုအေစစ်တော့ ဘယ်တော့မှ ဖြစ်မလာစေရဘူးလို့လည်း ကြုံးဝါးခဲ့ပါတယ်။ တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအပေါ် ပြောင်ပြောင်တင်းတင်း စည်းဖောက်လိုက်တာလို့ ဝေဖန်ခဲ့ပေမယ့် ဇာဝါဟီရီ အကြောင်းကိုတော့ ထည့်သွင်း မှတ်ချက် ပေးမသွားခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ်မှာ အာဖဂန်က အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဘေးရန်ကင်းကင်း ပြန်လည် ရုပ်သိမ်းဖို့ သဘောတူညီချက် အနေနဲ့ တာလီဘန်တွေက အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ ကူညီမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်ဒါတွေဟာ မဟာမိတ်တွေအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပြီးသားပါ။

အခု ဒရုန်းတိုက်ခိုက်မှုဟာ အာဖဂန် အခြေစိုက် တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းပြီးနောက်ပိုင်း အမေရိကန်က ကဘူးလ်မြို့ထဲမှာ ပထမဆုံးအကြိမ် လူသိရှင်ကြား ဆင်နွှဲတဲ့ စစ်ဆင်ရေးလည်း ဖြစ်လာခဲ့ပါတယ်။ အမေရိကန် တပ်တွေ မရုပ်သိမ်းခင် ရက်ပိုင်း အလိုတုန်းကတော့ တွက်ချက်မှု မှားယွင်းသွားတဲ့ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် ကဘူးလ်မှာ ကလေးငယ် ၇ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဖူးပါတယ်။ အမေရိကန်က သူတို့ရဲ့ စစ်ဆင်ရေးဟာ ဒေသခံ အိုင်အက်စ် အကြမ်းဖက် စခန်းငယ် တစ်ခုကို ပစ်မှတ်ထားခဲ့ပေမယ့် ဆိုးရွားတဲ့ အမှားအယွင်းတစ်ခု စိတ်မကောင်းစရာ ကြုံတွေ့သွားခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။