Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အရာရှိတွေ ထိုင်ဝမ်ကို သွားရောက်တာကို တရုတ် တားဆီးခွင့် မရှိဘူးလို့ ပလော့စီပြော

တရုတ် အစိုးရ မီဒီယာတွေကတော့ တရုတ် စစ်တပ်ဟာ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာလည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်ရေး လေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေး ကြေညာထားပါတယ်။

အမေရိကန် အရာရှိတွေ ထိုင်ဝမ်ကို သွားရောက်တာကို တရုတ် တားဆီးခွင့် မရှိဘူးလို့ ပလော့စီပြော
အမေရိကန် အရာရှိတွေ ထိုင်ဝမ်ကို သွားရောက်တာကို တရုတ် တားဆီးခွင့် မရှိဘူးလို့ ပလော့စီပြော

အမေရိကန် အစိုးရ အရာရှိတွေ ထိုင်ဝမ်ကို သွားရောက်တာနဲ့ ပတ်သက်လို့ တရုတ် အစိုးရမှာ ကန့်သတ်တားဆီးပိုင်ခွင့် မရှိဘူးလို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ပြောကြားလိုက်ပါတယ်။

ပလော့စီဟာ အခု သီတင်းပတ် အစောပိုင်းမှာ ထိုင်ဝမ်ကို တစ်ညအိပ် ခရီးစဉ် အလည်အပတ် သွားရောက်ခဲ့တဲ့နောက် တရုတ်ဆီက ပြင်းပြင်းထန်ထန် တုံ့ပြန် ကန့်ကွက်မှုတွေ ထွက်ပေါ်လာပါတယ်။ တရုတ် အစိုးရက ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ရဲ့ သံတမန်ရေး လွတ်လပ်ခွင့်တွေကိုလည်း ချုပ်ကိုင်ဖို့ ကြိုးစားနေပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာမှာ ထိုင်ဝမ်အနေနဲ့ ပိုမို အထီးကျန်လာပြီး တရုတ်ရဲ့ ကြီးစိုးမှုကို လက်ခံလာရစေဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ဩဂုတ် ၂ ရက်မှာ အတန်တန် ဖိအားပေး တားမြစ်နေမှုတွေကို မျက်ကွယ်ပြုပြီး ပလော့စီက ထိုင်ဝမ်ကို ကိုယ်တိုင် သွားရောက်ခဲ့ခြင်းက တရုတ်အတွက် အကြီးအကျယ် သိက္ခာကျစေခဲ့ပါတယ်။ ဒီကိစ္စကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ဟာ ထိုင်ဝမ်ကျွန်း တဝိုက်မှာ စစ်တပ်တွေ ဖြန့်ကျက် အင်အားပြနေပြီး စစ်ရေး လေ့ကျင့်မှုတွေလည်း နေ့စဉ်ရက်ဆက် လုပ်ဆောင်ပြနေပါတယ်။

အာရှ ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေချိန်မှာ ပလော့စီက တရုတ် အစိုးရ နောက်တစ်ကြိမ် ဆွေ့ဆွေ့ခုန်သွားစေမယ့် မှတ်ချက်စကားကို ထပ်ပြောခဲ့ပါတယ်။ တရုတ် အနေနဲ့ ထိုင်ဝမ်ကို တချို့သော ကိစ္စတွေမှာ လိုက်လံ ပိတ်ပင်နေလို့ ရကောင်းရမှာ ဖြစ်ပေမယ့် အမေရိကန် အစိုးရ အရာရှိတွေ မသွားရောက်ရဘူးလို့ တားဆီးနိုင်မှာတော့ မဟုတ်ကြောင်း ပလော့စီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ထိုင်ဝမ် ခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ တရားဝင် ရပ်တည်မှုနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ဖြစ်လာအောင် ရည်ရွယ်တာမျိုး မဟုတ်ဘဲ ထိုင်ဝမ် ရေလက်ကြား ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းစေဖို့သာ ဖြစ်တယ်လို့လည်း ပလော့စီက ပြောကြားသွားပါတယ်။

ပလော့စီဟာ ထိုင်ဝမ်ကို ၂၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ သူဟာ လွှတ်တော် အဖွဲ့ဝင် ၅ ဦးနဲ့အတူ အာရှနိုင်ငံ ၄ ခုစီ လှည့်လည်သွားလာရင်း ထိုင်ဝမ်ကို တစ်ရက်ကြာ ခြေချခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ရှိနေစဉ်အတွင်း ပလော့စီဟာ သမ္မတ ဆိုင်အင်ဝမ် အပါအဝင် အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

သူ့ရဲ့ ခရီးစဉ်အပြီး တရုတ်ဖက်က လိုအပ်လာရင် ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်နိုင်တယ် ဆိုတာမျိုး ခြိမ်းခြောက်လာတဲ့အပေါ် ပလော့စီက တရုတ်ဟာ ထိုင်ဝမ်ကို တိုက်ခိုက်ချင်နေတာ ကြာလှပြီဖြစ်ပြီး ဒီခရီးစဉ်ကို ဆင်ခြေအနေနဲ့ အသုံးချတာသာ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်သွားပါတယ်။

ပလော့စီ ရောက်ရှိနေချိန် အတောအတွင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကတော့ တရုတ် အနေနဲ့ ထိုင်ဝမ်ကျွန်း တဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် ဆောင်ရွက်နေတာကို အမြန်ဆုံး ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပြီး ဒီအခြေအနေတွေက ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုအတွက် ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပလော့စီ ဦးဆောင်တဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နဲ့ မနက်စာ အတူသုံးဆောင် ပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာ ကီရှီဒါက တရုတ် ဒုံးကျည်တွေကို ထိုင်ဝမ် ရေလက်ကြားဆီ ဖောဖောသီသီ ပစ်ခတ်ပြနေတာတွေ ချက်ချင်း ရပ်တန့်ဖို့ လိုနေပြီလို့ မှတ်ချက် ပေးသွားပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီကလည်း တရုတ် ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၅ စင်းဟာ ဂျပန်ပိုင် ဟာတာရူမာကျွန်းရဲ့ ကမ်းလွန် အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်ထဲ ကျရောက်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။ နောက်ပြီး တရုတ်ပိုင် ဖူကျန်းဒေသက ပစ်လွှတ်လိုက်တဲ့ နောက်ထပ် ဒုံးကျည် ၄ စင်းထက် မနည်းဟာ ထိုင်ဝမ် လေပိုင်နက်ကို ဖြတ်ကျော်သွားတယ်လို့ ယုံကြည်ရကြောင်းလည်း ကီရှီက ဆိုပါတယ်။

တရုတ် အစိုးရ မီဒီယာတွေကတော့ တရုတ် စစ်တပ်ဟာ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာလည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်ရေး လေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေး ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။