Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လစ်ဗျားရဲ့ မြို့တော်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်ရာက လူ ၂၃ ဦးထက်မနည်း သေဆုံး

ဩဂုတ် ၂၇ ရက်ကစပြီး ထရီပိုလီ မြို့ထဲက နေရာတချို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေလည်း ကြားနေခဲ့ရပါတယ်။

လစ်ဗျားရဲ့ မြို့တော်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်ရာက လူ ၂၃ ဦးထက်မနည်း သေဆုံး
လစ်ဗျားရဲ့ မြို့တော်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်ရာက လူ ၂၃ ဦးထက်မနည်း သေဆုံး

လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီမှာ ပြိုင်ဘက် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့တွေချင်း အပြင်းအထန် စစ်ခင်း တိုက်ခိုက်မှုတွေကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးပြီး ၁၄၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၂၇ ရက်ကစပြီး ထရီပိုလီ မြို့ထဲက နေရာတချို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေလည်း ကြားနေခဲ့ရပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေအရ လူနေအိမ်တွေ အပါအဝင် အဆောက်အအုံတချို့ ပျက်စီးနေပြီး မီးလောင်နေတဲ့ ကားတွေကိုလည်း တွေ့ရပါတယ်။

၂၀၁၁ ခုနှစ်က အာဏာရှင် မိုအာမာ ကဒါဖီကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှုကြီးအပြီး လစ်ဗျားနိုင်ငံမှာ အပြန်အလှန် စစ်ခင်းနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမြောက်အမြား ထွက်ပေါ်လာပါတယ်။ ပြည်သူ့စစ် နာမည်ခံထားတဲ့ လက်နက်ကိုင် အင်အားစုတွေဟာ အချင်းချင်းလည်း ယှဉ်ပြိုင် တိုက်ခိုက်နေကြပြန်ပါတယ်။

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (GNU)ဟာ ပြည်သူ့စစ် အဖွဲ့အစည်းတွေ အားလုံးအပေါ် ဩဇာသက်ရောက် လွှမ်းမိုးနိုင်မှု မရှိသေးပါဘူး။ GNUရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ထားမှုအရ ဇာဝါရီ လမ်းမပေါ် ဖြတ်မောင်းသွားတဲ့ ယာဉ်တန်း တစ်ခုကို ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က ရမ်းသမ်း ပစ်ခတ်ရာက အခုလို တိုက်ပွဲတွေ စတင်လာတာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လစ်ဗျားမှာ လောလောဆယ် ပြိုင်ဘက် အစိုးရ အဖွဲ့အစည်း နှစ်ခုရှိနေပြီး နိုင်ငံ အနောက်ပိုင်းက ထရီပိုလီ မြို့တော်မှာ ယာယီ ဝန်ကြီးချုပ် အက်ဘ်ဒူလ်ဟာမစ်ဒ် ဘီဘားဦးဆောင်တဲ့ GNU အစိုးရ အခြေစိုက်ပါတယ်။ နိုင်ငံ အရှေ့ခြမ်းက တော့ဘရွတ်ခ်မြို့မှာရှိတဲ့ လွှတ်တော် အဆောက်အအုံမှာတော့ ဝန်ကြီးချုပ် ဖာသီ ဘာရှာဂါး ဦးဆောင်တဲ့ စင်ပြိုင် အစိုးရက ရုံးထိုင်နေပါတယ်။

ဘာရှာဂါးက GNUဟာ တရားမဝင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံရေးမှာ မပါသင့်ကြောင်း ဝေဖန် စွပ်စွဲခဲ့ပြီး ထရီပိုလီ မြို့တော်ထဲထိ သူ့ရဲ့ စစ်တပ်တွေ ထိုးဖောက်ဝင်ရောက် သိမ်းပိုက်ဖို့ အားထုတ်ခဲ့ဖူးပါတယ်။ GNUကတော့ အစိုးရ အဖွဲ့တစ်ခု အာဏာလွှဲပြောင်း ယူတာဟာ ရွေးကောက်ပွဲ နည်းလမ်းတွေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သင့်ပြီး စစ်အင်အားသုံး တိုက်ခိုက်တာမျိုးက လက်မခံသင့်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ထရီပိုလီမြို့တော်က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရစ်ချတ်ဒ် နော်လန်းကတော့ ထရီပိုလီမှာ လောလောဆယ် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ကြဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ လစ်ဗျား ကိုယ်စားလှယ် ရုံးကလည်း ထရီပိုလီမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေအတွက် အလေးအနက် စိုးရိမ်ကြောင်းနဲ့ လူနေထူထပ်ရာ ဧရိယာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဆေးရုံတွေ အပါအဝင် အရပ်ဖက် အဆောက်အအုံတွေ ဆုံးရှုံးတာ၊ အရပ်သား ပြည်သူတွေ သေကြေနေတာတွေကို ရှုတ်ချကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။