ရန်သူ ပစ်မှတ်တွေကို နျူကလီးယား လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက် ချေမှုန်းတဲ့ သရုပ်တူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။
KCNA သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တာ ကာလအတွင်း မြောက်ကိုရီးယား ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၇ စင်းဟာ ရန်သူနိုင်ငံရဲ့ စစ်ရေး မဟာဗျူဟာ ကွပ်ကဲရေးဌာန၊ ဆိပ်ကမ်းနဲ့ လေဆိပ်တွေကို တိုက်ခိုက်တဲ့ဟန် သရုပ်တူ လေ့ကျင့်ခဲ့တာဖြစ်ပြီး ထိရောက်တဲ့ အောင်မြင်မှု ရလဒ်တွေ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ကြေညာသွားပါတယ်။
ဒါ့အပြင် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို အဝေးကနေ စောင့်ကြည့် ကွပ်ကဲနေတဲ့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကိုလည်း KCNAက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား ရည်ညွှန်းတဲ့ ရန်သူပစ်မှတ် ဆိုတာဟာ တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်စခန်းတွေကို ရည်ညွှန်းဟန် ရှိပါတယ်။
မကြာသေးခင်က စမ်းသပ်ခဲ့တဲ့ ဒုံးကျည် အားလုံးဟာ မဟာဗျူဟာ ထိပ်ဖူးတပ်ဆင်ပြီး စစ်ဆင်ရေး ဆောင်ရွက်နိုင်တဲ့ အမျိုးအစားတွေ ဖြစ်ကြောင်း၊ ဒီလေ့ကျင့်မှုရဲ့ ရလဒ်တွေအရ မြောက်ကိုရီးယား နျူကလီးယား အထူးတပ်ဖွဲ့တွေဟာ ရန်သူရဲ့ ပစ်မှတ်တွေကို ဘယ်အချိန်၊ ဘယ်နေရာမဆို ချက်ချင်း တိုက်ခိုက်နိုင်စွမ်း ရှိနေပြီလို့ ယူဆနိုင်ကြောင်း KCNAက ကြေညာသွားပါတယ်။

Public Service Announcement
နောက်ပြီး ဒီလို စစ်ရေးလေ့ကျင့်မှုမျိုး ဆိုတာက မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို လက်တွေ့ကျကျ ဆန်းစစ်ကြည့်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်သလို ရန်သူတွေအတွက် ပြင်းထန်တဲ့ ရာဇသံတစ်ခု ပို့ဆောင်လိုက်တာလို့လည်း ယူဆနိုင်ကြောင်း KCNAက ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် ရေတပ်တွေ ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ်တဝိုက် စစ်ရေးလေ့ကျင့်နေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ အဆက်မပြတ် စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ မဟာမိတ် နှစ်နိုင်ငံရဲ့ အတူယှဉ်တွဲ စစ်ရေးလေ့ကျင့်မှုတွေကို ရန်စတဲ့ အပြုအမူလို့ မြောက်ကိုရီးယားက အစဉ်တစိုက် သတ်မှတ်လေ့ ရှိပါတယ်။
KCNAရဲ့ ဖော်ပြချက်အရ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို အခုနောက်ဆုံး စမ်းသပ်ခဲ့တဲ့ အစီအစဉ် အားလုံးကို ကင်မ်ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်းလည်း သိရပါတယ်။


















































