ယူကရိန်းရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ ပေးပို့ခဲ့ကြောင်း ဗြိတိန်က အတည်ပြုခဲ့ပါတယ်။
Strom Shadow အမျိုးအစား ခရုစ်ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၂၅၀ လောက်က ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်စွမ်းရှိပြီး ယူကရိန်း စစ်တပ်က လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေထက် ပိုပြီး ဝေးဝေး ပျံသန်းနိုင်ပါတယ်။ ယူကရိန်း လက်ထဲမှာ ရှိနေတဲ့ ဒုံးကျည်တွေမှာ အဝေးဆုံး ပစ်ခတ်နိုင်တာက ကီလိုမီတာ ၈၀ လောက်သာ ရှိတာကြောင့် ကျူးကျော်သူ ရုရှားတပ်တွေကို လက်နက်ကြီး စွမ်းရည်ချင်း ဘယ်လိုမှ မယှဉ်သာအောင် ဖြစ်ပါတယ်။
အမေရိကန်က ယူကရိန်းဆီ ထောက်ပံ့ပေးထားတဲ့ အတွဲလိုက်ပစ် Himars ဒုံးကျည်စနစ်ဟာ အကွာအဝေး ကီလိုမီတာ ၈၀ ဝန်းကျင်လောက်သာ ရောက်အောင် ကန့်သတ်ထားပါတယ်။ အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံ အများစုက သူတို့ရဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ယူကရိန်းက ရုရှားပိုင်နက်ထဲ တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် တာဝေးပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ဖို့ တွန့်ဆုတ်နေတာ ဖြစ်ပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကတော့ Strom Shadow ခရုစ်ဒုံးကျည်တွေဟာ ယူကရိန်းအတွက် ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ အကောင်းဆုံး အခွင့်အလမ်းတွေ ယူဆောင်ပေးနိုင်မယ်လို့ ပြောပါတယ်။ ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်ရတဲ့ ဒုံးကျည်တွေ ဖြစ်တာကြောင့် အဲဒီ ဒုံးကျည်တွေကို တိုက်လေယာဉ်တွေမှာ တပ်ဆင်ရမှာပါ။ Strom Shadowတွေ ပိုင်ဆိုင်လာတဲ့အခါ ယူကရိန်း လေယာဉ်မှူးတွေဟာ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ထူထပ်ရာ စစ်မြေပြင်နဲ့ နီးနီးကပ်ကပ်ထိ သွားစရာ မလိုဘဲ အဝေးကနေ တိုက်ခိုက်နိုင်တဲ့ အားသာချက်ပါ ရရှိလာမှာ ဖြစ်ပါတယ်။
Strom Shadow ဒုံးကျည်တွေဟာ လေယာဉ်ပေါ်က ပစ်ခတ်ပြီးတဲ့အခါ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းဖို့အတွက် နိမ့်နိမ့်ပျံသန်းပြီး အနီအောက် ရောင်ခြည်သုံး ပစ်မှတ်ရှာ စနစ်နဲ့ ရန်သူကို ခြေရာခံပြီး ချေမှုန်းနိုင်ပါတယ်။

Public Service Announcement
ယူကရိန်း လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဆိုဗီယက်ခေတ်သုံး တိုက်လေယာဉ်တွေမှာ Strom Shadow ဒုံးကျည်တွေကို တပ်ဆင် ပစ်ခတ်နိုင်မှာဖြစ်ပြီး အဲဒီလို ပြောင်းလွယ်ပြင်လွယ် အခြေအနေကို လက်တွေ့ ဖန်တီးပေးခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ နည်းပညာရှင်တွေကိုလည်း ချီးကျူးသင့်ကြောင်းလည်း ဝေါလေ့စ်က ဆိုပါတယ်။
ဒါပေမဲ့ အခုဒုံးကျည်တွေဟာ ရုရှားက ပိုင်ဆိုင်ထားတဲ့ တချို့ ဒုံးကျည် အမျိုးအစားတွေကို မယှဉ်နိုင်ကြောင်း ဝန်ကြီးက အတိအလင်း သတိပေးခဲ့ပြီး ရုရှားမှာ ပိုဝေးဝေးရောက်တဲ့ ဒုံးကျည်တွေ ရှိနေကြောင်း ပြောကြားသွားပါတယ်။
အခုနှစ် အစောပိုင်းမှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီကော့ဗ်က တာဝေးပစ် ဒုံးကျည်တွေ ပိုမို ထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို တောင်းဆိုခဲ့ပြီး အဲဒီ တာဝေးပစ် လက်နက်တွေကို ရုရှားနိုင်ငံထဲက ပစ်မှတ်တွေဆီ ချိန်ရွယ် တိုက်ခိုက်တာမျိုး မလုပ်ဖို့ အာမခံကြောင်း ပြောကြားဖူးပါတယ်။
Storm Shadow ဒုံးကျည်တွေကို ဗြိတိန်နဲ့ ပြင်သစ် လေတပ်တွေက အသုံးပြုနေပြီး အဓိက ကွာဟချက် တစ်ခုကတော့ ပြင်သစ်ရဲ့ မျိုးကွဲတွေက တိုက်လေယာဉ်အပြင် သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေမှာပါ တပ်ဆင် အသုံးပြုနိုင်ကြောင်း သိရပါတယ်။
