ရုရှားမှာ လက်နက်ကိုင် ပုန်ကန်မှု တစ်ခုကို ဦးဆောင်ခဲ့ပြီး လပိုင်း အကြာမှာပဲ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယက်ဗ်ဂျနီ ပရစ်ဂေါ့ဇင် စီးနင်းလိုက်ပါသွားတဲ့ လေယာဉ် ပျက်ကျပြီး သေဆုံးသွားပြီလို့ ယုံကြည်ရပါတယ်။
ရုရှား မီဒီယာတွေမှာ ဖော်ပြချက်အရ စင်းလုံးငှား စီးပွားဖြစ် လုပ်ငန်းသုံး ဂျက်လေယာဉ်ဟာ မော်စကိုမြို့တော် အနောက်မြောက်ပိုင်း ဗားဒေသမှာ ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၀ ဦးလုံး သေဆုံးသွားကြောင်း သိရပါတယ်။ အဲဒီ လေယာဉ်ပေါ်မှာ ပါရှိသူတွေ စာရင်းမှာ ပရစ်ဂေါ့ဇင်ရဲ့ နာမည်လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တကယ်ပဲ လေယာဉ်ပေါ်မှာ သူလိုက်ပါသွားခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။
Embraer ကုမ္ပဏီပိုင် လေယာဉ်တစ်စီး ဗားဒေသမှာ ဩဂုတ် ၂၃ ရက် ညပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း၊ ခရီးစဉ် စာရင်းမှာတော့ ပရစ်ဂေါ့ဇင်ရဲ့ နာမည် ပါနေတာကို အတည်ပြုနိုင်ကြောင်း ရုရှား ဖက်ဒရယ် လေကြောင်း သယ်ယူပို့ဆောင်ရေး ဌာနက ပြောပါတယ်။
လေယာဉ်ဟာ မော်စကိုမြို့မျာရှိတဲ့ ရှာရီမက်ယီဗို လေဆိပ်ကနေ စိန့်ပီတာစဘာ့ဂ်မြို့ဆီ ဦးတည် ပျံသန်းနေတုန်း ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၂ နှစ်အရွယ် ပရစ်ဂေါ့ဇင်ဟာ ရက်စက်သလောက် တိုက်ရည်ခိုက်ရည် ထက်မြက်တယ်လို့ နာမည်ကျော်ကြားတဲ့ Wagner ကြေးစားတပ်ကို ခေါင်းဆောင်ပြီး ရုရှားရဲ့ ယူကရိန်း စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇွန်လ ၂၃ ရက်မှာတော့ သူက ရုရှား စစ်ဦးစီးတွေရဲ့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းတယ်လို့ စွပ်စွဲပြီး Wagner တပ်တွေကို မော်စကိုဆီ ချီတက်စေပြီး ပုန်ကန်ခဲ့ပါတယ်။ အဲဒီ ပုန်ကန်မှုဟာ တစ်ရက်သာ ကြာမြင့်ခဲ့တဲ့နောက် ဘီလားရုစ် အစိုးရရဲ့ ဝင်ရောက် ညှိနှိုင်း ဖြေရှင်းပေးမှုနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။
နောက်ပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပရစ်ဂေါ့ဇင်နဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးတာတွေထိ ရှိခဲ့ပေမယ့်လည်း နိုင်ငံရေး လေ့လာသူတွေနဲ့ ထောက်လှမ်းရေး အရာရှိဟောင်းတွေကတော့ ပူတင်ဟာ သူ့ကို အကြီးအကျယ် သိက္ခာကျစေခဲ့တဲ့ ပရစ်ဂေါ့ဇင်ကို အချိန်ကြာကြာ အရှင်ထားမှာ မဟုတ်ဘူးလို့ ထင်ကြေးတွေ ပေးခဲ့ဖူးပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် ပရစ်ဂေါ့ဇင် သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လောလောဆယ် ကရင်မလင် နန်းတော်ကတော့ တိတိကျကျ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အမေရိကန်မှာတော့ ဒီသတင်းကို သမ္မတ ဂျိုးဘိုင်ဒန်ဆီ အစီရင် ခံထားကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ဆိုပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အက်ဒရီယာနီ ဝတ်ဆန်က ဒီသတင်း အတည်ပြုနိုင်ပြီ ဆိုရင်လည်း ဘယ်သူမှ အံ့ဩမှာ မဟုတ်ကြောင်း၊ ပုဂ္ဂလိက စစ်တပ်တစ်ခုက မော်စကိုထိ ချီတက်ပြီး ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်မှာ ဒီလို အဆုံးသတ်မျိုးကိုပဲ ဦးတည်စေဖို့ ရုရှားက လိုလားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
မကြာသေးခင်က ရုရှားမှာ ပူတင်ကို ဝေဖန်မိတဲ့ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် တချို့လည်း အထပ်မြင့် ပြတင်းပေါက်တွေ၊ ဝရန်တာတွေကနေ ပြုတ်ကျတာမျိုး ပဟေဠိဆန်ဆန် ဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့ကြဖူးပါတယ်။
