Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကွယ်လွန်သွားတဲ့ အတိုက်အခံ ခေါင်းဆောင်ရဲ့ ကျန်ရစ်သူ ဇနီးကို ရုရှား ဖမ်းဝရမ်းထုတ်

မော်စကိုမြို့ တရားရုံးရဲ့ ဝရမ်းထုတ်ပြန်မှုကြောင့်တော့ သူဟာ ခင်ပွန်းဖြစ်သူ လျှောက်ခဲ့တဲ့လမ်းကို စွန့်ခွာမှာ မဟုတ်ကြောင်းလည်း ယူလီယာက ပြောကြားသွားပါတယ်။

ကွယ်လွန်သွားတဲ့ အတိုက်အခံ ခေါင်းဆောင်ရဲ့ ကျန်ရစ်သူ ဇနီးကို ရုရှား ဖမ်းဝရမ်းထုတ်
ကွယ်လွန်သွားတဲ့ အတိုက်အခံ ခေါင်းဆောင်ရဲ့ ကျန်ရစ်သူ ဇနီးကို ရုရှား ဖမ်းဝရမ်းထုတ်

ကွယ်လွန်သွားပြီဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် အလက်ဆီ နယ်ဗဲလ်ညီနဲ့ ကျန်ရစ်သူ ဇနီးကို ရုရှားက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ရုရှား တရားရုံး တစ်ခုက ယူလီယာ နယ်ဗဲလ်ညီဟာ အစွန်းရောက် အင်အားစုတွေနဲ့ ဆက်နွှယ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မျက်ကွယ်မှာ စွဲချက်တင်ပြီး ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ ယူလီယာဟာ လောလောဆယ် ရုရှားနိုင်ငံ ပြင်ပမှာ တိမ်းရှောင်နေသူပါ။

သူ့ရဲ့ခင်ပွန်း အလက်ဆီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ရုရှားမှာ အထင်ရှားဆုံး၊ လူသိအများဆုံး အတိုက်အခံ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလတုန်းက အာတိတ်စက်ဝိုင်းမှာ ရှိနေတဲ့ အကျဉ်းထောင် တစ်ခုမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ရုရှား အာဏာပိုင်တွေက သူ့ကွယ်လွန်မှုဟာ သဘာဝအတိုင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ယူလီယာကတော့ သူ့ခင်ပွန်း သေဆုံးခဲ့တာဟာ သွေးရိုးသားရိုး မဟုတ်ဘဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အလိုအတိုင်း အာဏာပိုင်တွေက နှိပ်စက်မှု၊ အစာရေစာ ဖြတ်တောက်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုတွေကြောင့်လို့ စွပ်စွဲထားပါတယ်။

အလက်ဆီဟာလည်း အစွန်းရောက်ဝါဒနဲ့ ဆက်စပ်ကြောင်း စွဲချက်ကြောင့် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီလို ထောင်ချမှုဟာ နိုင်ငံရေး နောက်ခံ အကြောင်းတရားတွေကြောင့်သာ ဖြစ်တယ်လို့ အများစုက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို ဖမ်းဝရမ်း ထုတ်လိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး ယူလီယာက လူမှုကွန်ရက် မီဒီယာမှာ ပြန်လည် မျှဝေတဲ့အခါ ဒီအကြောင်း သတင်းရေးကြမယ် ဆိုရင် ပူတင်က လူသတ်သမား၊ စစ်ရာဇဝတ်သား တစ်ယောက်ဆိုတဲ့ အချက်ကို မမေ့မလျော့ ထည့်သွင်း ဖော်ပြကြပါလို့ မှတ်ချက်ရေးထားခဲ့ပါတယ်။

သူက ပူတင် ရှိနေရမယ့် နေရာဟာ အကျဉ်းခန်း တစ်ခုထဲမှာ ဖြစ်ကြောင်း၊ ဟိဂ်မြို့က နိုင်ငံတကာ တရားရုံးက စီစဉ်ပေးတဲ့ နွေးထွေးပြီး TVကြည့်ရင်း ဇိမ်ကျနေမယ့် အကျဉ်းခန်းမျိုး မဟုတ်ဘဲ အလက်ဆီကို သူသတ်ခဲ့တဲ့ အလျား ၃ မီတာ၊ အနံ ၂ မီတာသာ ကျယ်ပြီး အေးစက်နေတဲ့ အခန်းလေးထဲမှာဖြစ်ကြောင်းလည်း ယူလီယာက ဆိုပါတယ်။

မော်စကိုမြို့ တရားရုံးရဲ့ ဝရမ်းထုတ်ပြန်မှုကြောင့်တော့ သူဟာ ခင်ပွန်းဖြစ်သူ လျှောက်ခဲ့တဲ့လမ်းကို စွန့်ခွာမှာ မဟုတ်ကြောင်းလည်း ယူလီယာက ပြောကြားသွားပါတယ်။

တရားရုံးရဲ့ ဝရမ်းထုတ်မှုကို ခံထားရတဲ့အတွက် ယူလီယာဟာ ရုရှားမြေမှာခြေချတာနဲ့ အဖမ်းခံရမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ယူလီယာဟာ မတ်လတုန်းက ခင်ပွန်းဖြစ်သူရဲ့ နာရေး အစီအစဉ်ကိုလည်း တည်ရောက်ခွင့် မရခဲ့ပါဘူး။ အလက်ဆီ သက်ရှိထင်ရှား ရှိတုန်းက ယူလီယာဟာ ခင်ပွန်းကို နောက်ကွယ်ကနေသာ အဓိက ပံ့ပိုးခဲ့ပေမယ့် အလက်ဆီ ကွယ်လွန်သွားတဲ့နောက် ခင်ပွန်းရဲ့ နိုင်ငံရေး ခံယူချက်ကို ပီပီပြင်ပြင် ဆက်ခံခဲ့သလို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်တချို့နဲ့ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အခုလထဲမှာတော့ ယူလီယာဟာ ကမ္ဘာအနှံ့ လူ့အခွင့်အရေး ကဏ္ဍတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားခဲ့တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုဒီက ရုရှားကို သူဆိုက်ရောက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ ရုရှား၊ အင်္ဂလိပ် နှစ်ဘာသာ စာညွှန်းရေးပြီး တင်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အွက်မက်ဒစ် ဆေးရုံဟာ ကင်ဆာလူနာတွေနဲ့ ကိုယ်တွင်းကလီစာ အစားထိုး ခွဲစိတ်မှုတွေကို လက်ခံ ကုသပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဆေးရုံရဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ အဆောင်မှာ ကလေးလူနာ ၂၀ လောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၇ လတုန်းကလည်း USS Carl Vinson ဦးဆောင်တဲ့ နောက်ထပ် အမေရိကန် CSG တစ်ခုဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြဖို့အတွက် တောင်ကိုရီးယားမှာ ကမ်းကပ်ခဲ့ဖူးပါတယ်။

နိုင်ငံတကာ

လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ အနက်ရောင်တွေ ဝတ်ထားပြီး ချေမှုန်းရေး ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ သေနတ်သမားတွေက ရဲကားတွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်နေတာ တွေ့ရပါတယ်။