Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မော်စကိုမြို့ ဖျော်ဖြေပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူ ၄ ဦးကို ရုရှား စွဲချက်တင်

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

မော်စကိုမြို့ ဖျော်ဖြေပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူ ၄ ဦးကို ရုရှား စွဲချက်တင်
မော်စကိုမြို့ ဖျော်ဖြေပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူ ၄ ဦးကို ရုရှား စွဲချက်တင်

မော်စကိုမြို့တော်က ဂီတဖျော်ဖြေပွဲရုံကို အကြမ်းဖက် တိုက်ခိုက်ခဲ့သူ ၄ ဦးကို ရုရှားက ဖမ်းဆီးပြီး စွဲချက်တင်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မော်စကို တရားရုံးမှာ ဖျော်ဖြေပွဲရုံကို လက်နက်ကိုင် စီးနင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ၄ ဦးကို ရုံးထုတ်ပြီး အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ တရားရုံးကို ဘီးတပ်ကုလားထိုင်နဲ့ ရောက်လာတာ တွေ့ရပါတယ်။ ရုရှား အာဏာပိုင်တွေက Crocus City Hall ဖျော်ဖြေပွဲခန်းမ စီးနင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ သေနတ်သမား ၄ ယောက် အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့က ဖျော်ဖြေပွဲတစ်ခု မစတင်ခင်မှာ အဲဒီနေရာကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးတွေပါ ဖောက်ခွဲခဲ့တာကြောင့် အဆောက်အအုံ မီးလောင်မှု ဖြစ်ပွားပြီး လူ၁၃၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ နောက်ထပ် ၂၀၀ နီးပါးလောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အာရှတိုက် အလယ်ပိုင်း ဒေသတွေမှာ ဖြန့်ကျက်လှုပ်ရှားနေတဲ့ အိုင်အက်စ် အဖွဲ့ခွဲ တစ်ခုက ကျူးလွန်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ရုရှားဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ သမ္မတ ဘာရှာအယ်လ်အာဆတ်ဖက်က ကူညီစွက်ဖက်ပေးခဲ့ချိန် ကတည်းက အိုင်အက်စ်နဲ့ ကျောင်းတော်က ရန်စတွေ ရှိခဲ့ပါတယ်။ အခုကိစ္စမှာတော့ အိုင်အက်စ်နဲ့အတူ ယူကရိန်း အစိုးရကပါ နောက်ကွယ်ကနေ စွက်ဖက်ခဲ့တယ်လို့ ရုရှားက ဘာအထောက်အထားမှ မပြသနိုင်ဘဲ စွပ်စွဲနေပြီး ယူကရိန်းကတော့ ယတိပြတ် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ဒါလာဇွန် မာဇိုယက်ဗ်၊ ဆိုင်ဒါကရာမီ မူရိုဒါလီ ရာချာဘာလီဇိုဒါ၊ ရှမ်ဆီဒင် ဖာရီဒူနီနဲ့ မူဟာမက်ဆိုဘာ ဖေဇော့ဗ်တို့ ၄ ဦးဟာ အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေး လွတ်မြောက်သွားပေမယ့် ဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ တရားရုံးကို ခေါ်ဆောင်လာချိန်မှာတော့ ၄ ဦးစလုံး ဒဏ်ရာတွေ ရရှိထားတယ်ဆိုတာ တွေ့ရပါတယ်။ ဖာရီဒူနီဆိုရင် ဘီးတပ်ကုလားထိုင်နဲ့ တရားရုံးဆီ ရောက်လာချိန်မှာ မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေပြီး မျက်လုံးတစ်ဖက် ပျက်စီးနေတယ်လို့ ယုံကြည်ရပါတယ်။

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

အမေရိကန် အစိုးရက မော်စကိုမှာ အစွန်းရောက် ဝါဒစွဲ အကြမ်းဖက် အင်အားစုတွေ စိမ့်ဝင်နေပြီး လူစည်ကားရာ ဧရိယာတွေကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကို ပြီးခဲ့တဲ့ လပိုင်းကတည်းက ရုရှားဆီ ပေးပို့ခဲ့ဖူးကြောင်း ပြောပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရကတော့ အမေရိကန်ရဲ့ သတင်းပေးပို့မှုတွေဟာ အခုလထဲမှာ ကျင်းပခဲ့တဲ့ ရုရှားရွေးကောက်ပွဲကို စွက်ဖက်ဖို့ လှည့်စားတာဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်က အခု အကြမ်းဖက်မှုဟာ အိုင်အက်စ်ရဲ့ လုပ်ရပ်ဆိုတာ သံသယရှိဖို့ လုံးဝ မလိုကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းက ပါဝင်ပတ်သက်နိုင်တယ်ဆိုတဲ့ ရုရှား စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ အခု တိုက်ခိုက်မှုကို ကျူးလွန်တဲ့ အိုင်အက်စ်-ကေ အဖွဲ့ခွဲဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း အီဂျစ်ကောင်းကင်ယံမှာ ရုရှားနိုင်ငံသား အများစု အပါအဝင် လူ ၂၂၄ ယောက် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ် ဗုံးခွဲမှုကို ကျူးလွန်ခဲ့ကြောင်း ကြေညာဖူးပါတယ်။ ဒါ့အပြင် ၂၀၁၇ တုန်းကလည်း စိန့်ပီတာစဘက်ဂ်မြို့က မြေအောက်ရထား ဘူတာတစ်ခုမှာ လူ ၁၅ ဦး သေဆုံးခဲ့တဲ့ ဗုံးခွဲမှုအတွက် တာဝန်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆီးရီးယား စစ်ပွဲမှာ အာဆက်ဒ်ကို ကူညီပြီး အိုင်အက်စ် အခြေစိုက် စခန်းတွေကို ဖျက်ဆီးခဲ့တာ၊ ချေချင်းညာ ဒေသမှာ မွတ်ဆလင်တွေကို ရုရှားအစိုးရက ရက်ရက်စက်စက် ဖိနှိပ်ခဲ့တာ၊ ဆိုဗီယက် ပြည်ထောင်စု ခေတ်တုန်းက အာဖဂန် နစ္စတန်နိုင်ငံကို ကျူးကျော် တိုက်ခိုက်ခဲ့တာမျိုး အကြောင်းတရားတွေကြောင့်လည်း ရုရှားဟာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အင်အားစုတွေရဲ့ မုန်းတီးမှု စက်ကွင်းအောက် ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်-ကေဟာ အာဖဂန်၊ ပါကစ္စတန်နဲ့ အာရှအလယ်ပိုင်း နယ်မြေတွေမှာ ဖြန့်ကျက် လှုပ်ရှားနေပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း အမေရိကန်တပ်တွေ အာဖဂန်က ရုပ်သိမ်းချိန် ကဘူးလ်လေဆိပ်မှာ လူအများ ရုတ်ရုတ်သည်းသည်းနဲ့ ရှုပ်ထွေးနေတဲ့အချိန် ဗုံးခွဲမှုတွေ ကျူးလွန်ခဲ့တာကြောင့် အရပ်သား ရာဂဏန်းအပြင် အမေရိကန် တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။