ရုရှားဆီ တပ်ကူတွေ ပေးပို့နေကြောင်း အထောက်အထား ခိုင်ခိုင်မာမာနဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေကို ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံတမန် အသိုက်အဝန်းက ငြင်းဆိုသွားပါတယ်။
မြောက်ကိုရီးယား စစ်သည် ၁၅၀၀ လောက်ဟာ ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ဖို့အတွက် ရုရှားနိုင်ငံ အရှေ့ပိုင်းကို စတင်ရောက်ရှိနေပြီး လက်နက်တပ်ဆင်မှု၊ စစ်သင်တန်းပေးမှုတွေ ခံယူနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက စွပ်စွဲထားပါတယ်။ ပြီးတော့ အဲဒီ မြောက်ကိုရီးယား စစ်သားတွေ စုဝေးနေကြတဲ့ ဓာတ်ပုံ မှတ်တမ်းတွေလည်း ထွက်ပေါ်လာပါတယ်။
ယူကရိန်း အစိုးရကလည်း မြောက်ကိုရီးယား စစ်သားတွေ ရုရှားကို စတင်ရောက်ရှိနေပြီး မကြာခင် စစ်မြေပြင်မှာ ပါဝင် တိုက်ခိုက်လာနိုင်ကြောင်း ပြောကြားခဲ့သလို ဒီကိစ္စအပေါ် အနောက်မဟာမိတ် နိုင်ငံတွေက ထိထိရောက်ရောက် ကူညီ အရေးယူပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
ယူကရိန်းရော၊ တောင်ကိုရီးယားကပါ မြောက်ကိုရီးယားဟာ ရုရှားကို စစ်ကူပေးဖို့ စုစုပေါင်း တပ်ဖွဲ့ဝင် ၁၂၀၀၀ လောက် စေလွှတ်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံမှာတော့ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက မြောက်ကိုရီးယား သံအရာရှိ တစ်ဦးက အဲဒီ ပြောဆိုမှုတွေ အားလုံးဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ တုံ့ပြန်သွားခဲ့ပါတယ်။ ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းတွေကို ကြားမိကြောင်း၊ အဲဒီလိုမျိုး အခြေအမြစ် ကင်းမဲ့ပြီး သံသယ လွန်ကဲတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား သံအဖွဲ့အနေနဲ့ တကူးတက ဖြေရှင်းချက် ပေးနေစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ ယူကရိန်းတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ မြောက်ကိုရီးယားတပ်တွေ ရုရှားကို ရောက်နေပါတယ်လို့ အတိအကျ မစွပ်စွဲပေမယ့် အခြေအနေကို လေ့လာနေပြီး အဲဒီကိစ္စ တကယ်သာဆိုရင် အန္တရာယ် များလွန်းတယ်လို့ ဝေဖန် သတိပေးထားပါတယ်။
ရုရှားက အိမ်နီးချင်း ယူကရိန်းကို ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ကျူးကျော်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကလည်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံကြား ပြည်ပ ကျူးကျော်မှု တွန်းလှန်ရေးဆိုင်ရာ ကာကွယ်ရေး စာချုပ်တစ်ခုကို သဘောတူ လက်မှတ် ရေးထိုးခဲ့သလို အစောပိုင်းတုန်းကလည်း မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေ ရုရှားကို ပို့ဆောင်ပေးနေကြောင်း တောင်ကိုရီးယားက စွပ်စွဲခဲ့ဖူးပါတယ်။
တောင်ကိုရီးယားဟာ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ရာမှာ ရုရှားသံအမတ်က မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေက တောင်ကိုရီးယားအတွက် ဘာနစ်နာစရာမှ မရှိနိုင်ဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။
ကိုးကား: AFP