စစ်အုပ်ချုပ်ရေး အမိန့်ကို သမ္မတက ရုပ်သိမ်းပြီး စစ်တပ်တွေ ပြန်လည် ဆုတ်ခွာစေခဲ့ရတဲ့နောက် တောင်ကိုရီးယား လွှတ်တော်ရှေ့မှာ စုဝေးနေတဲ့ ပြည်သူတွေ အောင်ပွဲခံခဲ့ကြပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ညမှာ သမ္မတ ယွန်ဆွတ်ခ်ယိုလ်က စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန် ကြေညာလိုက်တဲ့နောက် မြို့တော် ဆိုးလ်မှာ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သမ္မတက နိုင်ငံရဲ့ အကျိုး ပျက်စီးစေလိုသူတွေ၊ မြောက်ကိုရီးယားနဲ့ နီးစပ်သူတွေရဲ့ အကြံအစည်တွေကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြောင်း ညသန်းခေါင် အချိန်လောက်မှာ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေအပြင် လက်ရှိ အာဏာရ ပါတီကပါ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ဖီဆန်ပြီး လွှတ်တော်မှာ စုဝေးခဲ့ကြပါတယ်။ တောင်ကိုရီးယား ဖွဲ့စည်းပုံ ဥပဒေအရ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်ထဲမှာ မဲအသာစီးယူ ဆုံးဖြတ်မှုနဲ့ ပယ်ဖျက်ခွင့်ရှိပြီး လွှတ်တော်ကို ညတွင်းချင်း ရောက်လာတဲ့ အမတ် ၁၉၀ စလုံးက အဲဒီအမိန့် ပယ်ဖျက်ဖို့ တညီတညွတ်တည်း မဲပေးခဲ့ကြပါတယ်။
စစ်အုပ်ချုပ်ရေး ကာလမှာ လွှတ်တော် ခေါ်ယူခွင့်နဲ့ နိုင်ငံရေး ကိစ္စတွေကို တားမြစ်ထားသလို တောင်ကိုရီးယား စစ်တပ်နဲ့ ရဲတွေက သမ္မတရဲ့ အမိန့်အတိုင်း လွှတ်တော်ကို စီးနင်းဝင်ရောက်ဖို့ ကြိုးစားပေမယ့် လွှတ်တော် ဝန်ထမ်းတွေ၊ အရပ်သားတွေက စုပေါင်း တားဆီးပြီး လွှတ်တော် မဲခွဲမှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအတောအတွင်း ထိတွေ့မှု ပဋိပက္ခ အနည်းအကျဉ်း ရှိခဲ့ပေမယ့် မဲခွဲမှု ရလဒ်ကို ကြေညာပြီးတဲ့နောက် စစ်တပ်နဲ့ ရဲတွေဟာ လွှတ်တော်ကနေ စတင် ထွက်ခွာခဲ့ပါတယ်။
ဒါပေမဲ့ လွှတ်တော် ထုတ်ပြန်ချက်ကို သမ္မတက လက်ခံ သဘောတူမှု မရှိသေးတဲ့အတွက် ပြည်သူတွေက စိုးရိမ်ပြီး အိမ်မပြန်ကြဘဲ ဇွဲကြီးကြီးနဲ့ ဆက်စောင့်ဆိုင်းနေခဲ့ပါတယ်။ စစ်သားတွေကလည်း စည်းမျဉ်းတွေအရ သမ္မတဆီကနေ ရုပ်သိမ်းအမိန့် ထပ်ထွက်မလာမချင်း စစ်အုပ်ချုပ်ရေးက အကျုံးဝင်နေဆဲလို့ ပြည်သူတွေဆီ အသိပေးထားခဲ့ပါတယ်။ နာရီပေါင်း အတော်ကြာပြီးတဲ့ အခါမှာတော့ ယွန်က စစ်အုပ်ချုပ်ရေး အမိန့်ကို ရုပ်သိမ်းခဲ့ပြီး တပ်တွေကိုလည်း တန်းလျားပြန်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီအခါမှ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ ပြည်သူ တစ်ရပ်လုံးကိုရော၊ ယွန်ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီကိုပါ အငိုက်မိသွားစေခဲ့ပါတယ်။ ဒါပေမဲ့ ယွန်ရဲ့ ပါတီကပါ သမ္မတရဲ့ အမိန့်ကို ဖီဆန်ပြီး အတိုက်အခံတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်နိုင်အောင် အားထုတ်ခဲ့တဲ့ လှပတဲ့ သမိုင်းကြောင်းကို ရေးသားနိုင်ခဲ့ပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ထဲမှာ နိုင်ငံရေး စုဝေးမှုနဲ့ ပါတီနိုင်ငံရေးကို ပိတ်ပင်တာ၊ သတင်းမှားတွေ ဖြန့်ဝေမှုကို ပိတ်ပင်တာ၊ ဆန္ဒပြခွင့်ကို တားဆီးတာ၊ လူထုအုံကြွမှု ဖြစ်စေမယ့် စုဝေးမှုတွေကို တားဆီးတာတွေ ပါဝင်ပါတယ်။ ယွန်က အတိုက်အခံ အင်အားစုတွေဟာ နိုင်ငံကို ပျက်စီးစေလိုတဲ့ အကြံအစည်မျိုးနဲ့ အစိုးရကို လုပ်ငန်းလည်ပတ်နိုင်စွမ်း မရှိအောင် ရည်ရွယ်ချက်ရှိရှိ ကြံဆောင်နေတယ်လို့ စွပ်စွဲပြီး စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမိန့်ထဲမှာ အစိုးရ လက်အောက်ခံ မီဒီယာနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ၄၈ နာရီအတွင်း အလုပ်ခွင် ပြန်ဝင်ရမယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ အစိုးရကို မူဝါဒရေးရာ မကျေနပ်မှု တစ်ခုကြောင့် ဆရာဝန် အများအပြားက အလုပ်ခွင် မဝင်ဘဲ သပိတ်မှောက်နေခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကို လွှတ်တော် ဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်ခွင့် ရှိပေမယ့် အဲဒီ လွှတ်တော် ဆုံးဖြတ်ချက်ကို သမ္မတက လက်ခံဖို့ လိုပါတယ်။ အတိုက်အခံ အင်အားစုတွေနဲ့အတူ ယွန်ရဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး မဟာမိတ်တွေက တစ်သားတည်း ရပ်တည်ပြီး မဲပေးခဲ့ခြင်းက အခုကိစ္စ တစ်ခုလုံးမှာ အဓိက အလှည့်အပြောင်း ဖြစ်ခဲ့သလို အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ၆ နာရီ အကြာမှာ ပြန်လည် ပယ်ဖျက်ခဲ့ရတာ ဖြစ်ပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယွန်ကိုယ်စားပြုတဲ့ ကွန်ဆာဗေးတစ် ဝါဒီ ပြည်သူ့စွမ်းအား ပါတီက စိတ်မကောင်းစရာ ကိစ္စမျိုးလို့ မှတ်ချက်ပေးခဲ့ပြီး ပတ်သက်ဆက်နွှယ်သူတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေမယ်လို့ ပြောကြားထားပါတယ်။ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့် နောက်ဆက်တွဲ သမ္မတရဲ့ ကံကြမ္မာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ကို တောင်ကိုရီးယား ကြည်းတပ် အကြီးအကဲ ဗိုလ်ချူပ်ကြီး ပက်ခ်အန်ဆူက အဓိက လိုက်နာ အကောင်အထည် ဖော်ခဲ့တာပါ။
အမေရိကန် အစိုးရကတော့ ယွန်ဟာ မူလအမိန့်ကို ပြန်လည် ရုပ်သိမ်းပေးခဲ့တဲ့အတွက် စိတ်သက်သာရာ ရမိတယ်လို့ ထုတ်ပြန်ခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား မဟာမိတ် ဆက်ဆံရေး ကဏ္ဍမှာ ဒီမိုကရေစီဟာ အခြေခံ အုတ်မြစ်ဆိုတာ မမေ့ဖို့လိုကြောင်း၊ တောင်ကိုရီးယားက အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ကိုးကား: Guardian