အိန္ဒိယမှာ ရေတပ်ရဲ့ မော်တော်ဘုတ် တစ်စီးက ခရီးသည်တင် ကူးတို့ရေယာဉ်ကို ဝင်တိုက်မိတာကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့က မွမ်ဘိုင်းမြို့ ကမ်းလွန်ရေပြင်မှာ ရေတပ်ရဲ့ မော်တော်ဘုတ်ဟာ အရှိန်မထိန်းနိုင်ဘဲ ကူးတို့ရေယာဉ်ကို ဝင်တိုက်ခဲ့တာလို့ ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။
သေဆုံးသူ ၁၃ ဦးထိ စာရင်းရရှိထားကြောင်း၊ အဲဒီထဲမှာ ရေတပ်သား ၃ ဦးလည်း ပါဝင်ကြောင်း၊ လူပေါင်း ၁၀၀ ကျော်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း မဟာရက်ရှ်ထရာ ပြည်နယ် ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖက်ဒ်နာဗစ်က ပြောပါတယ်။
ဗီဒီယို မှတ်တမ်းတွေအရ မော်တော်ဘုတ်ဟာ ရေပြင်မှာ တဝဲလည်လည် ဖြစ်နေခဲ့ပြီးမှ ကူးတို့ရေယာဉ်ကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာ တွေ့ရပါတယ်။ ရေတပ်က အဲဒီ မော်တော်ဘုတ်ဟာ အင်ဂျင် ချွတ်ယွင်း ပျက်စီးရာက ပြဿနာ ကြုံခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပုဂ္ဂလိကပိုင် ကူးတို့ရေယာဉ်ဟာ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ ရေပန်းစားတဲ့ အယ်လီဖန်တာ ကျောက်ဂူတွေဆီ အသွားမှာ မော်တော်ဘုတ် ဝင်တိုက်တာ ခံခဲ့ရပြီး အဲဒီနောက်မှာတော့ တိမ်းမှောက်သွားခဲ့ပါတယ်။
ရေတပ်ရဲ့ စက်ချွတ်ယွင်းနေတဲ့ ရေယာဉ်တစ်စီး ပါဝင်ပတ်သက်ခဲ့တဲ့ ဆိုးရွားတဲ့ မတော်တဆမှုမှာ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်း ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
မော်တော်ဘုတ် ဝင်တိုက်ခံရတဲ့ ကူးတို့ရေယာဉ်ရဲ့ ကိုယ်ထည် ပေါက်ထွက်သွားပြီး ရေတွေ ဝယ်လာသလို ရေယာဉ်လည်း တစ်ခြမ်းစောင်းသွားခဲ့ကြောင်း၊ ရေယာဉ်မှူးက ခရီးသည်တွေကို အမြန်ဆုံး အသက်ကယ်အင်္ကျီတွေ ဝတ်ကြဖို့ လိုက်ဆော်ဩခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ဆိုပါတယ်။
သူဟာ ရေထဲမှာ ၁၅ မိနစ်လောက် ကြာပြီးမှ တခြားလှေ တစ်စီးရဲ့ ကယ်ဆယ်ခြင်းကို ခံခဲ့ရကြောင်းလည်း အဲဒီ ခရီးသည်က ဆက်ပြောပါတယ်။ ရေတပ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက မွမ်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေယာဉ် မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း၊ ဒဏ်ရာရသူတွေလည်း အမြန်ဆုံး သက်သာလာစေဖို့ ဆုတောင်းပေးကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: BBC