စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
လက်ရှိ ရာထူးကနေ ဆိုင်းငံ့ခံထားရသူ ယွန်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ အမှုစစ် အရာရှိတွေက ကြိုးစားနေကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဆိုးလ်အမှုစစ်ရုံးရဲ့ တာဝန်ရှိသူ တစ်ယောက်က အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ဆိုးလ်မြို့တော် တရားရုံး တစ်ခုက အမှုစစ် အရာရှိတွေရဲ့ ဖမ်းဝရမ်း လျှောက်ထားမှုကို ခွင့်ပြုလိုက်တာပါ။
ဒီဇင်ဘာ ၃ ရက်နေ့တုန်းက သက်တမ်း ၆ နာရီလောက်သာ ခံခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးတဲ့နောက် ယွန်ဟာ လွှတ်တော် ဆုံးဖြတ်ချက်အရ ရာထူးကနေ ဆိုင်းငံ့ခံထားရပါတယ်။ သူ့ကို ရဲတပ်ဖွဲ့နဲ့ အဂတိ စုံစမ်းစစ်ဆေးရေးရုံးတို့က အဲဒီဖြစ်စဉ်အတွက် စုံစမ်းမေးမြန်းဖို့ ခေါ်ယူခဲ့တဲ့ အကြိမ်တချို့ကိုလည်း ယွန်က ဖီဆန်ပြီး လာရောက်ပူးပေါင်းခြင်း မရှိခဲ့ပါဘူး။
ဒီအတောအတွင်း ရဲတပ်ဖွဲ့ဟာ သမ္မတရုံးကို စီးနင်းရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
လုပ်ထုံးလုပ်နည်းအရ သမ္မတကို ဖမ်းဝရမ်း ထုတ်ဖို့ ဆိုတာဟာ တရားရုံး တစ်ခုရဲ့ ခွင့်ပြုချက်ကို လိုအပ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာတော့ ပူးပေါင်းစုံစမ်းရေး အဖွဲ့တွေရဲ့ တောင်းဆိုမှုကို လက်ခံပြီး ဆိုးလ်တရားရုံး တစ်ခုက သမ္မတကို ဖမ်းဆီးခွင့် ဝရမ်း ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ယွန်ဟာ အာဏာပိုင်တွေဆီက ကြားနာမှုကို တက်ရောက် အစစ်ဆေးခံဖို့ သုံးကြိမ်တိုင်တိုင် မျက်ကွယ်ပြုခဲ့တဲ့နောက် တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ ဖမ်းဝရမ်း ထုတ်ခံရတဲ့ ပထမဆုံး လက်ရှိသမ္မတ ဖြစ်လာခဲ့ပါတယ်။
ဖမ်းဝရမ်းနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် စုံထောက်တွေနဲ့ အဂတိ စုံစမ်းစစ်ဆေးရေးရုံးတို့ဟာ ယွန်အနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဟာ ပုန်ကန်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး စစ်ဆေးသွားဖွယ် ရှိနေပါတယ်။ တောင်ကိုရီးယားမှာ သမ္မတဟာ စွဲချက် အများစုကနေ ကင်းလွတ်ခွင့် ရပေမယ့် ပုန်ကန်မှုဟာ ခြွင်းချက်ဖြစ်ပြီး သမ္မတကို အမှုပတ်နိုင်တဲ့ စွဲချက် အနည်းအကျဉ်းထဲမှာ ပါဝင်ပါတယ်။
ယွန်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ထဲက ရှေ့နေ တစ်ဦးဖြစ်တဲ့ ယွန်ကက်ဘ်ကွမ်ကတော့ သမ္မတကို ဖမ်းဝရမ်း ထုတ်ခြင်းဟာ မမျှတကြောင်း၊ နိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာတယ် ဆိုတာဟာ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာထဲမှာ ရှိနေတဲ့ ကိစ္စဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု၊ လွှတ်တော် အမတ်တွေ စုဝေးပြီး မဲခွဲဆုံးဖြတ် ပယ်ချခဲ့မှုတွေကြောင့် သက်တမ်း ၆ နာရီကျော် အကြာမှာပဲ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။
ယွန်က စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တာဟာ လွှတ်တော်ထဲမှာ မြောက်ကိုရီးယား လိုလားတဲ့ ကွန်မြူနစ် အင်အားစုတွေ ကြီးစိုးနေတာကြောင့်လို့ အကြောင်းပြခဲ့ပေမယ့် နိုင်ငံရေး သုတေသီတွေကတော့ လွှတ်တော်ကို အတိုက်အခံတွေက ထိန်းချုပ်ထားပြီး ယွန်ရဲ့ အစိုးရအတွက် ဘေးကျပ်နံကျပ်ဖြစ်အောင် ဖိအားပေးခဲ့တဲ့အတွက် သမ္မတက ကြံရာမရ တုံ့ပြန်ခဲ့တာသာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ပီပီပြင်ပြင် ရပ်တည်ခဲ့တဲ့ တောင်ကိုရီးယားမှာတော့ သမ္မတရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ အကြီးအကျယ် တုန်လှုပ်စရာ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
ကိုးကား: CNA