ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော် အမတ်ဟောင်း တစ်ဦးကို ပစ်ခတ် လုပ်ကြံပြီး ထွက်ပြေးသွားတဲ့ သံသယ တရားခံကို ကမ္ဘောဒီးယား ပိုင်နက်ထဲမှာ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ထိုင်းမရိန်း တပ်ဖွဲ့ဝင်ဟောင်း အီကာလက်ခ် ပေနွိုင်ဟာ ဇန်နဝါရီ ၇ ရက်နေ့က ဘန်ကောက်မြို့လယ်မှာ လင်မ်ကင်ယာကို မော်တော်ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံပြီးတဲ့နောက် နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ သူ့ကို ဖမ်းဆီး ရမိခဲ့တာဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက် ညပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။
သူဟာ ထိုင်းနဲ့ နယ်စပ်ထိစပ်နေရာ ကမ္ဘောဒီးယား နိုင်ငံ၊ ဘက်တမ်ဘန်း ပြည်နယ်ထဲက စားသောက်ဆိုင် တစ်ခုမှ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ လုပ်ကြံမှု တရားခံကို ရှာဖွေဖမ်းဆီးရာမှာ ဦးဆောင်ခဲ့ပြီး ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ကလည်း ပူးပေါင်း ပါဝင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အီကာလက်ခ်ကို ဖမ်းဆီးပြီးတဲ့နောက် ဘက်တမ်ဘန်း ပြည်နယ် ရဲဌာနချုပ်ဆီ ခေါ်ဆောင်သွားပြီး စုံစမ်းမေးမြန်းတွေ ဆက်လက် လုပ်ဆောင်နေသလို နောက်ပိုင်းမှာ ဖနွမ်ပင် မြို့တော် ရဲဌာနချုပ်ဆီ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အီကာလက်ခ်ကို ထိုင်းနိုင်ငံဆီ လက်လွှဲမပေးခင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအတွက် အရင်ဆုံး တရားစွဲဆိုမယ်လို့ ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့က အီကာလက်ခ်ဟာ အပေါင်းအသင်းတွေကြားမှာ ဆာဂျင်အမ်လို့ လူသိများပြီး ထိုင်းရေတပ် လက်အောက်ခံ မရိန်းတပ်ဖွဲ့မှာ အမှုထမ်းခဲ့ဖူးကြောင်း၊ လောလောဆယ်မှာတော့ မော်တော်ဆိုင်ကယ် တက္ကစီမောင်းပြီး အသက်မွေးနေကြောင်း ပြောပါတယ်။ သူဟာ ပြစ်မှုဟောင်းတချို့ ကျူးလွန်ဖူးတဲ့ မှတ်တမ်းတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်နိုင်ငံသား ခံယူထားသူ ကမ္ဘောဒီးယား အမတ်ဟောင်းကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အီကာလက်ခ်ဟာ သူ့ကို ငှားရမ်းသူဆီကနေ သေနတ် ရရှိခဲ့တယ်လို့ ယူဆရကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ လောလောဆယ်တော့ ရဲတွေက အီကာလက်ခ်ရဲ့ လုပ်ကြံမှုအတွက် ပစ်မှတ်ကို အတည်ပြုပေးခဲ့သူ နောက်တစ်ဦးကိုလည်း ဖြန့်ကျက် ရှာဖွေနေပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ ဖရာနက်ခွန်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ကျူးလွန်ခဲ့တဲ့ အတင့်ရဲလွန်းတဲ့ လူသတ်မှုအတွက် ထိုင်းရာဇဝတ်ခုံရုံးက ချက်ချင်း ဝရမ်းထုတ်ပေးခဲ့ပါတယ်။ သေဆုံးသူ အသက် ၇၃ နှစ်အရွယ် လင်မ်ဟာ ဘန်ကောက်ကို ပြင်သစ်နိုင်ငံသူ ဇနီးသည်၊ တခြား အမျိုးသား တစ်ဦးတို့နဲ့အတူ ဘတ်စ်ကားစီးပြီး ရောက်လာတဲ့ နောက်မှာပဲ လုပ်ကြံ ခံခဲ့ရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်းဦးထုပ် ဆောင်းထားတဲ့ သေနတ်သမားဟာ ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတဲ့အချိန် လင်မ်ကို ၃ ချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။ ရင်ခွဲ စစ်ဆေးမှုတွေအရ ကျည်နှစ်တောင့်ဟာ လင်မ်ရဲ့ နှလုံးနဲ့ အသည်းတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါတယ်။
သေနတ်သမား အသုံးပြုခဲ့တဲ့ မော်တော်ဆိုင်ကယ်ကိုတော့ ဆွန်လောင် ဧရိယာမှာရှိတဲ့ ဓာတ်ဆီဆိုင် တစ်ခုမှာ စွန့်ပစ်ထားခဲ့တာ တွေ့ရပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ မျက်မြင်သက်သေ ထွက်ဆိုချက်တွေနဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို အခြေပြုပြီး အီကာလက်ခ် ထွက်ပြေးသွားရာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ကို ခြေရာခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
လင်မ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်း လက်ထက်တုန်းက အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်ခဲ့တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ အဲဒီပါတီကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖျက်သိမ်းတာ ခံခဲ့ရပါတယ်။
ကိုးကား: Bangkok Post