ပနားမား အစိုးရဟာ တရုတ်ရဲ့ အခြေခံ အဆောက်အအုံနဲ့ ပို့ဆောင်ဆက်သွယ်ရေး မဟာ စီမံကိန်းကြီးဖြစ်တဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (BRI) ပရောဂျက်ကနေ နုတ်ထွက်တော့မယ်လို့ တရားဝင် ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို ပနားမားဖက်က အလျှော့ပေး လိုက်လျောတဲ့ အခြေအနေ တစ်ရပ်အဖြစ် သမ္မတ ဟိုဆေး ရာအူးလ် မူလီနိုဟာ BRIကနေ နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။
မူလီနိုက ၂၀၁၇ ကတည်းက ပါဝင်ထားခဲ့တဲ့ BRI စီမံကိန်းမှာ ဆက်လက် သက်တမ်းတိုးတော့မှာ မဟုတ်တဲ့အကြောင်း ဘေဂျင်းမှာရှိတဲ့ ပနားမား သံရုံးကို တရုတ်အစိုးရဆီ လုပ်ထုံးလုပ်နည်းနဲ့အညီ ရက် ၉၀ ကြိုတင် အကြောင်းကြားထား စေပြီးပြီလို့ ပြောပါတယ်။
ပနားမားဟာ တရုတ် သမ္မတ ရှီကျင့်ဖျင် အကောင်အထည် ဖော်နေတဲ့ ဒေါ်လာ ထရီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ BRI စီမံကိန်းကြီးက နုတ်ထွက်တဲ့ ပထမဆုံး လက်တင် အမေရိက ဒေသတွင်း နိုင်ငံ ဖြစ်လာပါတယ်။ BRIဟာ နိုင်ငံပေါင်း ၁၀၀ ကျော်ကို ချိတ်ဆက်ထားတဲ့ ဧရာမ ပို့ဆောင်ဆက်သွယ်ရေး ကွန်ရက်ကြီးအဖြစ် ရပ်တည်ဖို့ ရည်ရွယ်ထားတာပါ။

Public Service Announcement
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းကတော့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ အသီးအပွင့်တွေ ရရှိနေခဲ့ကြောင်းနဲ့ ပနားမား အစိုးရ ပြည်ပ ဖိအားပေး စွက်ဖက်မှုတွေကို တောင့်ခံခဲ့သင့်ကြောင်း ပြောကြားသွားပါတယ်။
ပနားမား အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပနားမားကို တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ထွက်ပေါ်လာတာပါ။ သူက ပနားမား အစိုးရ အနေနဲ့ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုတွေကို သိသိသာ လျှော့ချပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ BRIက နုတ်ထွက်မယ့် မူလီနိုရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့တော့ ရူဘီရိုက ကောင်းမွန်တဲ့ အစပျိုးမှု ခြေလှမ်းလို့ ညွှန်းဆိုပြီး ချီးကျူးခဲ့ပါတယ်။
အစောပိုင်းမှာ အမေရိကန် သမ္မတ ထရမ့်က တကယ်လို့ ပနားမား အစိုးရသာ တရုတ်ကို ဦးစားပေး လိုက်လျောမှုတွေ ရှိနေပြီး ပနားမား တူးမြောင်း ဖြတ်သန်းခွင့်မှာ အမေရိကန်ကို နစ်နာစေတဲ့ သတ်မှတ်ချက်တွေ ထားရှိနေဦးမယ်ဆိုရင် အဲဒီတူးမြောင်းကို ပြန်လည် သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ကဏ္ဍမှာ အရေးအပါဆုံး အခြေခံ အဆောက်အအုံကြီးတစ်ခု ဖြစ်လာတဲ့ ပနားမား တူးမြောင်းကို အမေရိကန်က ပိုင်ဆိုင်ခဲ့ဖူးရာက နောက်ပိုင်းမှာ ပနားမား အစိုးရဆီ လွှဲပြောင်းပေးခဲ့တာပါ။
အခုအခါ အမေရိကန် အစိုးရပိုင် ရေယာဉ်တွေကို တူးမြောင်းကနေ အခမဲ့ ဖြတ်သန်းဖို့ ခွင့်ပြုထားပြီဆိုတဲ့ အမေရိကန်ဖက်က ပြောဆိုမှုကိုတော့ ပနားမား အစိုးရက ပယ်ချထားပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ တင်းမာတဲ့ ဖိအားပေးမှုတွေအရ ပနားမားဟာ အမေရိကန်ပိုင် ရေယာဉ်တွေအတွက် တူးမြောင်း ဖြတ်သန်းခကို လျှော့ချပေးရမယ့် အလားအလာ ရှိနေကြောင်းလည်း လေ့လာသူတွေက သုံးသပ်ထားခဲ့ပါတယ်။
ကိုးကား: Reuters
