Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗုံးခြိမ်းခြောက်မှု ကြုံခဲ့တဲ့ ခရီးသည်တင် လေယာဉ် အီတလီမှာ ဆင်းသက်၊ လူ ၁၉၉ ဦးကို ဘေးကင်းကင်း ရွှေ့ပြောင်းပေးခဲ့

ဗုံးခြိမ်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ပြီး အီတလီကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတဲ့ အမေရိကန် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၉၉ ဦးစလုံးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဗုံးခြိမ်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ပြီး အီတလီကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတဲ့ အမေရိကန် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၉၉ ဦးစလုံးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကနေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဆီ ပျံသန်းခဲ့တဲ့ အမေရိကန်လေကြောင်း ခရီးစဉ်အမှတ် AA292 လေယာဉ်ဟာ ဗုံးပါလာတယ်ဆိုတဲ့ ခြောက်လှန့် သတင်းပေးမှုကို လက်ခံ ရရှိခဲ့တဲ့နောက် ကက်စ်ပီယန် ပင်လယ်ပေါ်မှာ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ပြီး အီတလီနိုင်ငံ၊ ရောမမြို့တော်ရဲ့ ဖျူမီစီနို လေဆိပ်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၁၉၉ ယောက် လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။

လေဆိပ်မှာ အသင့်စောင့်နေတဲ့ အာဏာပိုင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ခရီးသည်နဲ့ အမှုထမ်းတွေကို ရွှေ့ပြောင်းပေးခဲ့ပြီးတဲ့နောက် လေယာဉ်ကိုယ်ထည် အတွင်းပိုင်းနဲ့ ခရီးဆောင် အိတ်တွေကို ရှာဖွေ စစ်ဆေးခဲ့ကြောင်း၊ ဒါပေမဲ့ ခြိမ်းခြောက်နိုင်တဲ့ ဘယ်လို အရာကိုမှ မတွေ့ခဲ့ဘဲ နောက်တစ်နေ့မှာ လေယာဉ် ခရီးဆက်ဖို့ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း အမေရိကန် လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ် ဦးတည်ပျံသန်းရာ နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ လေကြောင်း လုံခြုံရေး စည်းမျဉ်းတွေကြောင့် လေယာဉ်မှူးဟာ လမ်းခုလတ်မှာ လမ်းကြောင်းပြောင်းပြီး အရေးပေါ် ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း လေကြောင်းလိုင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရောမ လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ လေယာဉ်ကို အီတလီ လေတပ် Eurofighter Typhoon တိုက်လေယာဉ် နှစ်စီးက ခြံရံ လိုက်ပါခဲ့တာကိုလည်း တွေ့ရပါတယ်။ အရေးပေါ် ဆင်းသက်မှု အတောအတွင်း လေဆိပ်ရဲ့ တခြား ပုံမှန်လုပ်ငန်းတွေ အနှောင့်အယှက် မဖြစ်ခဲ့ဘူးလို့လည်း လေဆိပ် စီမံခန့်ခွဲရေး ဌာနက အတည်ပြုပါတယ်။

လေကြောင်းလိုင်းတွေမှာ ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်သတင်းပေးတဲ့ ဖြစ်စဉ်တွေဟာ နောက်ပိုင်းနှစ်တွေမှာ သိသိသာသာ လျော့ကျသွားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက အိန္ဒိယ နိုင်ငံရဲ့ လေယာဉ်တွေနဲ့ လေဆိပ်တွေမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းမှား ပေးပို့မှုတွေ ထောင်နဲ့ချီ လက်ခံရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး ခရီးသည်တင် လေယာဉ်တချို့ လမ်းကြောင်းပြောင်းပြီး အရေးပေါ် ဆင်းသက်ရတာ၊ တိုက်လေယာဉ်တွေ ခြံရံလိုက်ပါ စောင့်ကြည့်မှု ခံရတာမျိုး အခြေအနေတွေနဲ့လည်း ကြုံခဲ့ကြရဖူးပါတယ်။

တက္ကဆက်စ် ပြည်နယ်မှာ အခြေစိုက်တဲ့ အမေရိကန် လေကြောင်းလိုင်းဟာ နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းသယ်ယူပို့ဆောင်မှု ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၆၀ လောက်ကို ခရီးစဉ်တွေ ပြေးဆွဲနေကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံမှာ စစ်တပ်ကစနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ကုလသမဂ္ဂမှာ အီတလီနိုင်ငံက ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီတလီနိုင်ငံ၊ မီလန်မြို့ထဲမှာ လျှပ်စစ်ရထား လမ်းချော်မှုကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့ပါတယ်။

သတင်း

ဘော့စ်နီးယား စစ်ပွဲကာလအတွင်း အီတလီ နိုင်ငံသားတွေက ဒေသခံ အရပ်သား ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး အပျော်တမ်း အမဲလိုက်တဲ့ သဘောမျိုး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို အီတလီမှာ အမှုဖွင့် စုံစမ်းနေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Facebook