Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်ဆိုင်းရေးအတွက် ထရမ့်ရဲ့ ဦးဆောင်မှုနောက် လိုက်မယ်လို့ ဇီလန်စကီး အလျှော့ပေး ကြေညာ

စစ်ရပ်ဆိုင်းရေးကိစ္စအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အားကောင်းတဲ့ ခေါင်းဆောင်မှု အောက်ကနေ ပူးပေါင်း အလုပ်လုပ်ဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

စစ်ရပ်ဆိုင်းရေးကိစ္စအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အားကောင်းတဲ့ ခေါင်းဆောင်မှု အောက်ကနေ ပူးပေါင်း အလုပ်လုပ်ဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ယူကရိန်း စစ်ပွဲအရေး ဆွေးနွေးရင်း ထရမ့်နဲ့ လူသိရှင်ကြား စကားအခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက် ၄ ရက်အကြာမှာ ဇီလန်စကီးက မာန်လျှော့တဲ့ စကားကို ထုတ်ပြောလာတာ ဖြစ်ပါတယ်။ မတ်လ ၃ ရက်နေ့မှာ အမေရိကန်က ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ အားလုံးကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပြီး မတ်လ ၄ ရက်နေ့မှာတော့ ဇီလန်စကီးက စစ်ပွဲရဲ့ အနာဂတ်အတွက် ထရမ့် စီမံဆုံးဖြတ်သလို နာခံမယ့် အဓိပ္ပါယ်မျိုး လိုက်လျော သဘောတူလာခဲ့တာပါ။

လူမှုကွန်ရက်ပေါ် ရှည်ရှည်လျားလျား ရေးသားထားတဲ့ ပို့စ်တစ်ခုမှာတော့ ဇီလန်စကီးက အိမ်ဖြူတော်မှာ စကားများခဲ့တဲ့ ကိစ္စအပေါ် နောင်တရမိတယ်လို့ ဖော်ပြထားပါတယ်။ ထရမ့်က ဇီလန်စကီးဟာ ဆွေးနွေးပွဲ စကားဝိုင်းဆီ ရောက်လာဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဝေဖန်ခဲ့ပေမယ့် အခုတော့ ကိစ္စတွေကို မှန်ကန်အောင် စီမံဖို့ အချိန်အခါ သင့်လာပြီလို့ ယူကရိန်း သမ္မတက မှတ်ချက်ပြုထားခဲ့ပါတယ်။

ထရမ့်ဟာ ရုရှား သဘောကျ လိုက်လျောမှုတွေ အများကြီး ရှိနိုင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုမျိုးကို အကောင်အထည် ဖော်ဖို့ တွန်းအားပေးခဲ့ပေမယ့် အစောပိုင်းမှာ ဇီလန်စကီးက လက်မခံလိုခဲ့ပါဘူး။ ဒါပေမဲ့ ယူကရိန်းကို အလွန်အကျွံ ဖိအားပေးမှုအဖြစ် ထရမ့်က စစ်ရေး အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်ပြီး အဲဒီနောက်မှာတော့ ဇီလန်စကီးဟာ ထရမ့်ရဲ့ သဘောထားကို လိုက်နာဖို့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ပို့စ်ထဲမှာတော့ စစ်ရပ်ဆိုင်းရေးအတွက် ပထမအဆင့် လုပ်ဆောင်မယ့် အစီအမံတွေကိုပါ ထည့်သွင်း ရေးသားထားခဲ့ပါတယ်။ ယူကရိန်းဟာ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ အသင့်ရှိနေကြောင်း၊ ပထမဆုံး အဆင့်တွေမှာ သုံ့ပန်းတွေ လွှတ်ပေးတာနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်တာတွေ၊ ဒုံးကျည်၊ တာဝေး ပျံသန်းနိုင်တဲ့ ဒရုန်းတွေ အသုံးပြုမှုကို တားမြစ်တာ၊ စွမ်းအင်နဲ့ တခြား အရပ်ဖက် အခြေခံ အဆောက်အအုံတွေအပေါ် ဗုံးကြဲမှုကို ရပ်တန့်တာတွေ ပါဝင်သင့်ကြောင်း၊ ရုရှားကသာ အဲဒီကိစ္စတွေကို သဘောတူရင် ယူကရိန်းကလည်း အသင့်ဖြစ်နေကြောင်း ဇီလန်စကီးက ဆိုပါတယ်။

အဲဒီလောက်ထိ အဆင်ပြေပြီဆိုရင် နောက်အဆင့်တွေကို ခပ်မြန်မြန် တက်လှမ်းနိုင်ပြီး အမေရိကန်နဲ့အတူ လက်တွဲရင်း အားကောင်းတဲ့ အပြီးသတ် သဘောတူညီမှုတစ်ခု ရရှိလာမယ်လို့ ယုံကြည်ကြောင်းလည်း သူက ရေးသားထားခဲ့ပါတယ်။

အိမ်ဖြူတော်က ကတောက်ကဆနဲ့ ပတ်သက်လို့တော့ အဲဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ကြောင်း၊ ဖြစ်ပျက်သွားခဲ့တာအတွက် နောင်တရမိကြောင်းလည်း ဇီလန်စကီးက ဖွင့်ဟထားပါတယ်။

အမေရိကန်ဖက်ကတော့ ဇီလန်စကီးဖက်က သဘောထား အပြောင်းအလဲ ပြသလာတာနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တကယ်လို့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေမှာ အမေရိကန်က ဦးဆောင် ညှိနှိုင်းပေးဖို့ ပြန်လည် သဘောတူခဲ့မယ်ဆိုရင် ယူကရိန်းရဲ့ မြေရှားသတ္တု အရင်းအမြစ်တွေကို အမေရိကန်က ရှာဖွေတူးဖော်ရေး စာချုပ်မယ့် ကိစ္စလည်း တကျော့ပြန် အသက်ဝင်လာနိုင်ပါတယ်။ ထရမ့်က စစ်ပွဲကာလ ၃ နှစ်ကျော်အတွင်း အမေရိကန် တောက်လျှောက် ပံ့ပိုးပေးခဲ့ရတာတွေအတွက် ယူကရိန်းက မြေရှားသတ္တု တူးဖော်ခွင့်တွေနဲ့ ပြန်ပေးဆပ်သင့်တယ်လို့ တောင်းဆိုထားတာပါ။

သူ့ရဲ့ ပို့စ်ထဲမှာတော့ ဇီလန်စကီးက ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာနဲ့ လွတ်လပ်ခွင့် တည်မြဲအောင် အမေရိကန်က ကူညီပေးခဲ့တာတွေ အားလုံးကို အမှတ်ရ တန်ဖိုးထားနေကြောင်း ရေးသားထားပါတယ်။ နောက်ပြီး ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက ယူကရိန်းအတွက် ပခုံးထမ်း တင့်ဖျက် ဒုံးကျည်စနစ် Javelinတွေ ရောင်းချပေးခဲ့တာကိုလည်း အမှတ်ရ ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ထည့်ရေးထားခဲ့ပါတယ်။

ဇီလန်စကီးရဲ့ ပို့စ်ထဲမှာတော့ အမေရိကန် အစိုးရက တောင်းဆိုထားတဲ့ အချက်တစ်ခုဖြစ်တဲ့ အိမ်ဖြူတော် စကားများမှုအတွက် သမ္မတ ထရမ့်ကို ပြန်တောင်းပန်တာမျိုးကိုတော့ ထည့်သွင်းမထားကြောင်း တွေ့ရပါတယ်။

ရုရှားမှာတော့ အစောပိုင်းတုန်းက ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ဖို့ ဆိုင်းငံ့လိုက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေကြပြီး ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အားစိုက် လုပ်ဆောင်မှု တစ်ခုလို့ ချီးကျူး ညွှန်းဆိုနေပါတယ်။ ထရမ့်ကိုယ်တိုင်ကတော့ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ရော၊ ဇီလန်စကီးရဲ့ တုံ့ပြန်မှုကိုပါ ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းကို တိုက်ခိုက်နေတာတွေ တော်သင့်ပြီလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ညလုံးပေါက် တိုက်ခိုက်ခဲ့တဲ့နောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ တောင်အာဖရိက နိုင်ငံ ခရီးစဉ်ကနေ အမြန် ပြန်လာခဲ့ပါတယ်။

နိုင်ငံတကာ

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် မပြုခြင်းအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

Facebook