ဗြိတိန် ကမ်းလွန်မှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘော တိုက်မိပြီးတဲ့နောက် နာရီပေါင်း တော်တော်များများ ကြာတဲ့ထိ မီးတွေ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။
မတ်လ ၁၀ ရက်နေ့တုန်းက ဗြိတိန်နိုင်ငံ အရှေ့ဖက် ကမ်းလွန်မှာရှိတဲ့ မြောက်ပိုင်းပင်လယ် ရေပြင်မှာ လေယာဉ်ဆီတွေ တင်ဆောင်လာတဲ့ ရေနံတင် သင်္ဘောဟာ ကုန်တင် သင်္ဘော တစ်စီးနဲ့ ဝင်တိုက်မိခဲ့တာပါ။ ဗြိတိန် ကမ်းခြေစောင့်တပ်က အဲဒီ ဖြစ်စဉ်အတွင်း တစ်ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့ပြီး အခုတော့ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး မီးငြှိမ်းသတ်ရေးကို အစွမ်းကုန် အာရုံစိုက်နေရကြောင်း ပြောပါတယ်။ မီးဟာ သင်္ဘော နှစ်စီးလုံးကို ကူးစက် လောင်ကျွမ်းနေတာပါ။
တိုက်မိတဲ့ သင်္ဘောနှစ်စီးဟာ အမေရိကန် စစ်တပ်အတွက် လေယာဉ်ဆီတွေ သယ်ယူမှုကို တာဝန်ယူ လုပ်ဆောင်ပေးလေ့ရှိပြီး အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ Stena Immaculate ရေနံတင် သင်္ဘောနဲ့ ပေါ်တူဂီအလံ လွှင့်ထူထားတဲ့ Solong ကုန်တင်သင်္ဘောတို့ ဖြစ်ကြပါတယ်။
ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ စုစုပေါင်း ၃၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁ ဦးကိုတော့ ဆေးရုံ တင်ပို့ခဲ့ရကြောင်း၊ ပျောက်ဆုံးနေတဲ့ သင်္ဘောသားကတော့ Solongပေါ်က ရေယာဉ် အမှုထမ်းဖြစ်ကြောင်း ပြောပါတယ်။

Public Service Announcement
ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးပေမယ့်လည်း ရေနံတင် သင်္ဘော အမှုထမ်း တစ်ဦးကတော့ Solongဟာ ရုတ်တရက် ပေါ်လာပြီး Stena Immaculateကို တစ်နာရီကို ရေမိုင် ၁၆ မိုင် မြန်နှုန်းနဲ့ ဝင်တိုက်ခဲ့တာလို့ ပြောပါတယ်။
ရေယာဉ်ချင်း တိုက်မိမှုအပြီး လေယာဉ်ဆီတွေ ပင်လယ်ထဲ ယိုဖိတ်ခဲ့တာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုရော ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ကြုံတွေ့သလဲ ဆိုတာကိုပါ ဆန်းစစ်မှုတွေ လုပ်ဆောင်နေပါတယ်။
အမေရိကန် စစ်တပ်က အဲဒီ လေယာဉ်ဆီတွေကို ကာကွယ်ရေး ဝန်ကြီးဌာနက မှာယူထားတာလို့ အတည်ပြုခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် စစ်တပ်ရဲ့ ပုံမှန် လုပ်ငန်းစဉ်တွေကို ထိခိုက်တာ၊ တိုက်ပွဲဝင်အဆင့် ပြင်ဆင်မှုတွေ အားနည်းသွားတာမျိုး ဘာမှ မရှိနိုင်ကြောင်း ကြေညာခဲ့ပါတယ်။
မီးသတ်အဖွဲ့တွေဟာ မီးငြှိမ်းသတ်ရေး အစွမ်းကုန် ကြိုးစားနေပေမယ့် လောင်ကျွမ်းအား အရမ်းကောင်းတဲ့ လေယာဉ်ဆီတွေ ရှိနေတာက ပြဿနာ တစ်ခုလို့ ဆိုပါတယ်။ နောက်ပြီး မီးလောင်ရာက အဆိပ်အတောက်ပါတဲ့ မီးခိုးတွေ အူထွက်နေတာကြောင့် ရေယာဉ်တွေဆီ ချဉ်းကပ်ရာမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ ကုန်တင်သင်္ဘောပေါ်မှာတော့ ဆိုဒီယမ် ဆိုင်ယာနိုက်တွေ တန်နဲ့ချီ သယ်ဆောင်ခဲ့ပြီး အဲဒီ ဓာတုပစ္စည်းတွေဟာ ရေထဲကို အလွယ်တကူ ပျော်ဝင်နိုင်သလို အောက်စီဂျင်နဲ့ ထိတွေ့ပြီး အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ဓာတ်ပစ္စည်းတွေရော ပင်လယ်ထဲ ယိုဖိတ်ကျကုန်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဗြိတိန် ဝန်ကြီးချုပ်ရုံးကတော့ အခုဖြစ်စဉ်ဟာ အလေးအနက် စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး သက်ဆိုင်ရာ အေဂျင်စီ အသီးသီးကို လိုအပ်တဲ့ အရေးပေါ် စီမံတုံ့ပြန်မှုတွေ အမြန်ဆုံး လုပ်ဆောင်ပေးကြဖို့ တိုက်တွန်း နှိုးဆော်ထားကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။
ကိုးကား: BBC
