အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံ အများအပြားက စိတ်ဒုက္ခ ကြီးစွာနဲ့ စောင့်ဆိုင်းနေရတဲ့ အချိန်ကို မရောက်ခင်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုတ်တရက် အပြောင်းအလဲ တစ်ခုကို ကြေညာလိုက်ပါတယ်။ ဧပြီ ၉ ရက်နေ့မှာ ထရမ့်က မူလသတ်မှတ်ထားတဲ့ နိုင်ငံအလိုက် သွင်းကုန်အခွန် တိုးကောက်မယ့် ကိစ္စတွေကို ၃ လ ဆိုင်းငံ့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစား နိုင်ငံအားလုံးကို သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်းသာ တန်းတူ စည်းကြပ်ထားဦးမယ်လို့ ပြောပါတယ်။ ခြွင်းချက်အဖြစ် အဲဒီထဲမှာ တရုတ်တော့ မပါခဲ့ပါဘူး။
ထရမ့်ဟာ တစ်ကမ္ဘာလုံးနဲ့ အမေရိကန်ကြား ကုန်သွယ်ရေး စစ်ပွဲမျိုး ဖြစ်လာမယ့် အခြေအနေကို ရွှေ့ဆိုင်းလိုက်ပြီး ကစားပွဲကို သူကျွမ်းကျင်ပြီးသား အခင်းအကျင်းဆီ ပြောင်းလိုက်တာပါ။ အဲဒါကတော့ တရုတ်နဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေး စစ်တလင်းမှာ ထိပ်တိုက် ရင်ဆိုင်တွေ့ခြင်းပဲ ဖြစ်ပါတယ်။
https://www.facebook.com/LuduNwayOo/videos/2733150293538677
တရုတ်ရဲ့ စီးပွားရေးအင်အား ကြီးထွားလာမှုဟာ အမေရိကန်ကို ထိခိုက်စေတယ်လို့ ထရမ့်က အတိအလင်း စွပ်စွဲထားပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာ အမေရိကန်ကို နစ်နာစေမယ့် တစ်ဖက်စောင်းနင်း အနေအထားမျိုး ဖြစ်နေတယ်လို့ ထရမ့်က ထောက်ပြပြီး အဲဒီအခြေအနေကို ကုစားဖို့အတွက် တရုတ် သွင်းကုန်တွေကို အခွန်တိုးမြှင့် စည်းကြပ်တာ ဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ ကတည်းက လက်ကိုင်ပြုခဲ့တဲ့ မဟာဗျူဟာ မူဝါဒပါ။ လက်ရှိ ဒုတိယ သက်တမ်းမှာတော့ ပိုပြီးတော့တောင် ကြမ်းတမ်းလာပါတယ်။

Public Service Announcement
ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းကို ဆက်ခံသူ ဂျိုးဘိုင်ဒန် လက်ထက်မှာ တရုတ်အပေါ် ထရမ့်ချမှတ်ထားခဲ့တဲ့ အခွန်ဝါဒ အများစုကို ဆက်ပြီး ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်စီးပွားရေး မူဝါဒပိုင်းမှာ အရမ်းကြီးကြီးမားမားတော့ အပြောင်းအလဲ မလုပ်ခဲ့ဘဲ အဲဒီ တွန့်ဆုတ်မှုဟာ အမေရိကန်ကို နစ်နာစေတယ်လို့ ထရမ့်က အစဉ်တစိုက် ဝေဖန်ခဲ့ပါတယ်။ ထရမ့်က ဘိုင်ဒန်ကိုသာ မကဘဲ အမေရိကန်ရဲ့ အရင် သမ္မတဟောင်း တချို့ကပါ လုပ်သင့်တဲ့ အပြောင်းအလဲတွေကို ရဲရဲတင်းတင်း အကောင်အထည် မဖော်ခဲ့ဘူးလို့ ပြစ်တင် ဝေဖန်ခဲ့သူပါ။ အခုတော့ အိမ်ဖြူတော်ကို ထရမ့် ပြန်ရောက်နေပါပြီ။ တရုတ်အပေါ် သူ့ရဲ့ ပိုမိုရန်လိုလာတဲ့ ကုန်သွယ်ရေး မူဝါဒတွေဟာ ပထမသက်တမ်းတုန်းက အကောင်အထည် မဖော်ဖြစ်ဘဲ ကျန်နေတဲ့ လုပ်စရာ အကြွေးတွေကိုပါ အတိုးချပြီး ဆက်လုပ်မယ့်ပုံ ပေါ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်ရဲ့ စီးပွားရေးဟာ လျင်လျင်မြန်မြန် တိုးတက်လာပြီး ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး ဖြစ်လာပါတယ်။ များပြားလှတဲ့ လူဦးရေနဲ့အတူ တရုတ်ဟာ စျေးပေါတဲ့ လုပ်အားရင်းမြစ်ကို ပိုင်ဆိုင်ထားသလို အဲဒီ အရင်းအမြစ်ကပဲ ကမ္ဘာအနှံ့က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Made in Chinaဆိုရင် တာရှည်မခံရင်တောင် စျေးပေါတယ်ဆိုတဲ့ စံနှုန်းမျိုးအောက်မှာ တရုတ်ရဲ့ ကုန်ထုတ်လုပ်မှုတွေက အရမ်းကျယ်ပြန့်လာခဲ့တယ်။ နည်းပညာပိုင်း အဆင့်မြင့်လာတဲ့ ကာလတွေမှာတော့ တရုတ်ဟာ ထုတ်ကုန် အရည်အသွေးပိုင်းကိုပါ မြှင့်တင်ပြီး အမေရိကန် အပါအဝင် ချမ်းသာကြွယ်ဝတဲ့ စျေးကွက်တွေထဲ ထုတ်ကုန်တွေ တင်ပို့ပြီး ထိုးဖောက်လာပါတယ်။
တရုတ်ဟာ ကမ္ဘာကြီးရဲ့ စက်မှုဇုန်လို့ တင်စားလို့ ရလောက်တဲ့ထိ ကုန်ထုတ်ကဏ္ဍကို အားပြုရင်း စီးပွားရေးကို တည်ဆောက်ယူခဲ့ပါတယ်။ ကုန်ထုတ်စွမ်းအား တိုးလာတာနဲ့အမျှ တရုတ်ပြည်သူတွေရဲ့ ကြွယ်ဝမှုက မြင့်တက်လာတယ်။ တရုတ်ပြည်သူတွေဟာ ငွေသုံးနိုင်စွမ်းလည်း မြင့်လာပြီး နောက်ဆက်တွဲအဖြစ် လူထုဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို တောင်းဆိုလာမယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြတယ်။ ဒါပေမဲ့ တရုတ်ရဲ့ စီးပွားရေးဟာ လက်ရှိ အချိန်ထိ ကုန်ထုတ်ကဏ္ဍအပေါ် ကြီးကြီးမားမား မှီခိုထားရဆဲ ဖြစ်သလို နိုင်ငံရေးမှာ ဆိုရင်လည်း အာဏာရ ကွန်မြူနစ် ပါတီဟာ ပိုပြီး တင်းကျပ်တဲ့ ချုပ်ကိုင်မှုတွေကိုတောင် အကောင်အထည် ဖော်လာနေပါတယ်။
မျက်မှောက်ကာလမှာ တရုတ်ဟာ ကမ္ဘာပေါ်က လျှပ်စစ်ကား အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်ထားပြီး အများစုကို ပြည်တွင်းမှာ ပြန်ပြီး ရောင်းချနေပါတယ်။ ပြီးတော့ အဲဒီ လျှပ်စစ်ကားတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ဘက်ထရီ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း တရုတ်မှာပဲ တပ်ဆင် ထုတ်လုပ်ပါတယ်။ တရုတ်ဟာ ပြည်တွင်းစျေးကွက်ကို ဝေစုခွဲမပေးဘဲ လက်ဝါးကြီး အုပ်ထားတဲ့အပြင် အမေရိကန်ဆီ ကုန်စည်တွေ အလုံးအရင်း တင်ပို့ရင်း အကျိုးအမြတ် ရရှိနေတာက အမေရိကန်နိုင်ငံနဲ့ အမေရိကန်ရဲ့ အခွန်ထမ်း ပြည်သူတွေကို နစ်နာစေတယ်လို့ ထရမ့်က စွပ်စွဲပါတယ်။ အဲဒီ အခြေအနေကို ကုစားနိုင်မယ့် အထိရောက်ဆုံး ဆေးဝါးကတော့ အခွန်စည်းကြပ်မှုတွေ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။
သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်ကတည်းက ထရမ့်ဟာ တရုတ်ရဲ့ သွင်းကုန်တွေကို တစ်ခေါက်ပြီးတစ်ခေါက် အခွန်တိုးမြှင့် စည်းကြပ်ခဲ့ပါတယ်။ ပထမတစ်ခေါက်မှာ သွင်းကုန်တွေရဲ့ တန်ဖိုး ၂၀ ရာခိုင်နှုန်းကို အခွန်ကောက်ယူဖို့ သတ်မှတ်ပြီး ဒုတိယတစ်ခေါက် ထပ်ပေါင်းမယ့် အစီအစဉ်အရ ၅၄ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ ဒါ့အပြင် တရုတ်က မကျေနပ်လို့ အမေရိကန် ကုန်စည်တွေကို အခွန်စည်းကြပ်ပြီး တန်ပြန်မယ်ဆိုရင် အဲဒါကို အခွန် ၅၀ ရာခိုင်နှုန်း ထပ်ပေါင်းပြီး စုစုပေါင်း သွင်းကုန်အခွန် ပမာဏ ၁၀၄ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့တယ်။ တရုတ်က မကျေနပ်လို့ အမေရိကန် ကုန်စည်တွေကို အခွန် ၈၄ ရာခိုင်နှုန်း သတ်မှတ် ကောက်ခံမယ်လို့ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ ထရမ့်က တခြားနိုင်ငံတွေအပေါ် အခွန်တိုးကောက်တာကို ဆိုင်းငံ့ပေမယ့် တရုတ် တစ်နိုင်ငံတည်းကို အခွန် ၁၂၅ ရာခိုင်နှုန်း စည်းကြပ်မယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။
ထရမ့်ရဲ့ သဘောထားကတော့ အမေရိကန်က အခွန်တိုးကောက်တာကို လက်တုံ့မပြန်ဘဲ ငြိမ်ခံရင် အကျိုးခံစားရမှာဖြစ်ပြီး ဖီဆန်တဲ့ တရုတ်ကိုတော့ ဒဏ်ခတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သူက အမေရိကန် ကုန်စည်တွေကို အခွန် ၈၄ ရာခိုင်နှုန်း ကောက်ယူဖို့ စဉ်းစားရဲတဲ့ တရုတ်ရဲ့ လုပ်ရပ်ဟာ အင်မတန် လေးစားမှု ကင်းမဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။
နှစ်နိုင်ငံကြား အပြိုင်အဆိုင် အခွန်တွေ စည်းကြပ်ကြတာဟာ နှစ်ဖက်သွား ဓားနဲ့ တူပါတယ်။ နှစ်ဖက်စလုံး ထိခိုက်နစ်နာမှုတွေ ကြုံကြရပါတယ်။ ဒါပေမဲ့ စီးပွားရေးမှာ ပို့ကုန်ကဏ္ဍကို ကြီးကြီးမားမား မှီခိုနေရပြီး အမေရိကန် စျေးကွက်ကို အရမ်း အားကိုးနေရတဲ့ တရုတ်အတွက် နစ်နာမှုက သိသိသာသာ ပိုများပါလိမ့်မယ်။ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို အမေရိကန်က တောင့်ခံနိုင်မယ်ဆိုတာ ထရမ့်က သဘောပေါက်ထားပြီးသားပါ။ တရုတ်ကတော့ ကလေးကစားစရာ အရုပ်တွေကအစ အိုင်ဖုန်းတွေအထိ မျိုးစုံသော ကုန်စည်တွေကို အမေရိကန်ဆီ တင်ပို့ ရောင်းချနေတာပါ။ အမေရိကန်ရဲ့ နှစ်စဉ် သွင်းကုန် အားလုံးရဲ့ ၁၄ ရာခိုင်နှုန်းလောက် ဝေစုကို တရုတ် တစ်နိုင်ငံတည်းက ကြီးစိုးထားတာ ဖြစ်ပါတယ်။
သွင်းကုန်တွေကို အခွန် ၁၂၅ ရာခိုင်နှုန်း စည်းကြပ်တယ် ဆိုတာဟာ တရုတ်ရဲ့ ဒေါ်လာ ၁၀၀ တန် ကုန်ပစ္စည်း တစ်ခုကို အမေရိကန်က အခွန် ၁၂၅ ဒေါ်လာ ကောက်ယူမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒီတော့ ဖောက်သည်တွေကို စျေးပေါမှုနဲ့ ဆွဲဆောင်တဲ့ တရုတ် ကုန်စည်တွေဟာ အမေရိကန် စျေးကွက်မှာတော့ စျေးမပေါနိုင်တော့ပါဘူး။ စျေးတင်ပြီး ရောင်းဖို့ လိုလာပါတယ်။ အကျိုးဆက်အဖြစ် တရုတ် သွင်းကုန်တွေကို ဝယ်လိုအား ကျသွားပြီး အဲဒီနေရာမှာ အမေရိကန် စက်မှုလုပ်ငန်းတွေရဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်တွေက အစားထိုး နေရာယူမှာပါ။ ဒါက ထရမ့်ရည်ရွယ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။
အခုတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ ထရမ့် သမ္မတ ပြန်ဖြစ်လာတာ ရက် ၁၀၀ မပြည့်ခင်မှာပဲ ကုန်သွယ်ရေး စစ်ပွဲကြီးကို အတိအလင်း စတင်လိုက်ကြပြီလို့ သတ်မှတ်ရုံပါပဲ။ ဒီတစ်ကြိမ်က ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းကထက် ပိုပြီး ပွဲကြမ်းကြမယ့်ပုံ ပေါ်ပါတယ်။ တကယ်လို့သာ ညှိညှိနှိုင်းနှိုင်း အဖြေမရှာဘဲ နှစ်ဖက်စလုံးက တင်းမာနေရင် ကမ္ဘာ့ကုန်သွယ်စီးပွားရေး ကဏ္ဍတစ်ခုလုံးကို အကြီးအကျယ် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်လာစေမှာပါ။ ထရမ့်ကတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်နဲ့ ဆွေးနွေးချင်ပေမယ့် ဘယ်လို ကိုင်တွယ်ရမှန်း မသိဘဲ အကျပ်ရိုက်နေပုံ ပေါ်တယ်လို့ ပြောပါတယ်။
တရုတ် အတွက်တော့ အခြေအနေက တကယ့်ကို ဘေးကျပ်နံကျပ် ဖြစ်နေပါတယ်။ ဆက်ပြီး တင်းလေလေ၊ ထရမ့်ဖက်က တုံ့ပြန်မှုကလည်း ပိုခက်ထန်လေလေ ဖြစ်လာမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ ပြီးတော့ တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို လက်တွေ့ကျကျ ရေရှည်ဆင်နွှဲဖို့ ရင်းမြစ် မလုံလောက်သေးပါဘူး။ အဲဒီဂယက်ရဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံစီးပွားရေးကို ထိခိုက်လာမယ်ဆိုရင် ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ပြည်သူတွေက မေးခွန်းထုတ်လာတာမျိုး ဘေးထွက်ဆိုးကျိုးတွေထိ ရင်ဆိုင်လာရနိုင်ပါတယ်။
ထရမ့်ကို အလျှော့ပေး ချဉ်းကပ်ဖို့ ဆိုတာကလည်း ခက်ခဲလွန်းတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ထရမ့်ရဲ့ တောင်းဆိုမှုတွေဟာ အတောသတ်မှာ မဟုတ်သလို စီးပွားရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေထဲမှာတင် ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းတွေမှာပါ တရုတ်က မာန်လျှော့ပေးရတာတွေ ကြုံလာပါလိမ့်မယ်။ နောက်ပြီး သမ္မတရှီဟာ သူ့ရဲ့ ဩဇာကို တည်ဆောက်ယူရာမှာ အမျိုးသားရေး စိတ်ဓာတ်ကို ဦးထိပ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ကျင့်သုံးခဲ့ပါတယ်။ ထရမ့်ကို အောက်ကျို့လိုက်ရမယ်ဆိုရင် ရှီဟာ ပြည်တွင်းမှာ သူ့ကို အားပေးရပ်တည်နေတဲ့ အမျိုးသားရေး အင်အားစုတွေရဲ့ ထောက်ခံမှုကိုပါ ဆုံးရှုံးသွားနိုင်ပါတယ်။ တရုတ် အစိုးရက အမေရိကန်ရဲ့ ကုန်သွယ်ရေး အခွန်အခ မြှင့်တင်မှုတွေဟာ နိုင်ထက်စီးနင်း လုပ်ရပ်လို့ ဝေဖန် ပြစ်တင်နေပေမယ့် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ကတော့ ရုန်းကန်နေရဆဲပါပဲ။ ဘယ်လမ်းကြောင်းကို ရွေးတာပဲဖြစ်ဖြစ်၊ လက်ရှိ အနေအထားမှာတော့ တရုတ်ဟာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့ စကားပုံလို အကျပ်ရိုက်နေရပါတယ်။
ကုန်သွယ်ရေး နယ်ပယ်မှာ တရုတ်နဲ့ အမေရိကန်တို့ ရန်စောင်နေကြတာဟာ ကမ္ဘာကြီးအတွက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နိုင်ငံပေါင်းစုံကို ကုန်သွယ်ခွန်တွေ မြှင့်တင်မယ့် ထရမ့်ရဲ့ ကြေညာချက်ကြောင့် နိုင်ငံတကာ ရှယ်ယာစျေးကွက်မှာ စိုက်ဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အရှိန်တက်လာရင် အဲဒီပြဿနာတွေက ပိုဆိုးလာပါလိမ့်မယ်။ နိုင်ငံကြီးတွေက တောင့်ခံနိုင်ရင်တောင် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဒဏ်ကို နိုင်ငံငယ်တွေက အလူးအလဲ ခံစားရပြီး လူသန်းပေါင်းများစွာ အလုပ်အကိုင် ဆုံးရှုံးတာမျိုး ဂယက်တွေ ကြုံလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။ အဲဒီလို အခြေအနေတွေထိ ဖြစ်မဖြစ် ဆိုတာကတော့ ထရမ့်ရဲ့ ကုန်သွယ်ရေးအရ ဆက်တိုက် ဖိအားပေးမှုတွေကနေ တရုတ်က ဘယ်လို ထွက်ပေါက်ရှာမလဲ ဆိုတဲ့အပေါ် အများကြီး မူတည်သွားပါပြီ။ တစ်ဖက်မှာလည်း ထရမ့်ဟာ တရုတ်ကို ပိုင်ပိုင်နိုင်နိုင် အသာစီး ယူပြီးပြီဆိုရင် သူ့ရဲ့ ဆူးလှည်းကြီးနဲ့တူတဲ့ နိုင်ငံတကာ ကုန်သွယ်ရေး အခွန်စည်းကြပ်မှုတွေကို အတိုင်းအတာ တစ်ခုထိ အရှိန်လျှော့ချလိုက်မယ်လို့တော့ ယူဆရပါတယ်။
ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံကြီးနှစ်ခု အနေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးကဏ္ဍ တည်ငြိမ်အေးချမ်းအောင် ဦးဆောင်မှု ပေးသင့်ပေမယ့် အခုတော့ တစ်ကမ္ဘာလုံးမှာ ဆင့်ကဲ ရိုက်ခတ်မှုတွေ ကြုံလာစေမယ့် ပဋိပက္ခ လမ်းစဉ်ဆီကို အမေရိကန်နဲ့ တရုတ်တို့က ဦးတည်နေကြပါပြီ။ ထရမ့်ဟာ တရုတ်နဲ့ ရင်ဆိုင်ရာမှာ နိုင်သူ အကုန်ယူဆိုတဲ့ အရင်းအနှီးကြီးကြီးနဲ့ စွန့်စားရတဲ့ လောင်းကြေးမျိုး ထပ်ထားလိုက်ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး ကဏ္ဍဟာ အရင်က သိခဲ့၊ ရင်းနှီးခဲ့တဲ့ အခြေအနေမျိုးတွေဆီ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ အနာဂတ်ဟာ အများကြီး ကွဲပြားသွားတဲ့၊ ပြီးတော့ အများကြီး အန္တရာယ် ရှိလာနိုင်တဲ့ အလားအလာမျိုးတွေဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။


















































