Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား အီစတာကာလ အပစ်ရပ် ကြေညာမှု သက်တမ်းမတိုးနိုင်ဘဲ အဆုံးသတ်

အီစတာ ပွဲတော်ကာလမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား ယာယီ အပစ်အခတ် ရပ်စဲထားမှု သက်တမ်း ဆက်မတိုးဖြစ်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

Ukrainan Armed Forces

အီစတာ ပွဲတော်ကာလမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား ယာယီ အပစ်အခတ် ရပ်စဲထားမှု သက်တမ်း ဆက်မတိုးဖြစ်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဧပြီ ၁၉ ရက်နေ့ ညပိုင်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အီစတာနေ့ဖြစ်တဲ့ ဧပြီ ၂၀ ရက်နေ့အတွက် နာရီ ၃၀ ကြာ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပြီး ယူကရိန်းကလည်း လက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အပစ်အခတ် ရပ်စဲမှုဟာ သတ်မှတ်ထားတဲ့အတိုင်း ဧပြီ ၂၀ ရက်နေ့ ညသန်းခေါင်မှာ အဆုံးသတ်သွားခဲ့ပြီး သက်တမ်း ထပ်မတိုးဖြစ်တော့ပါဘူး။

အပစ်ရပ်မှု ကြာရှည် မတည်မြဲနိုင်ခဲ့တဲ့အပေါ် ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန် လက်ညှိုးထိုး ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။ အီစတာ ကာလအတွင်းမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ထိတွေ့တိုက်ပွဲတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရာနဲ့ချီ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲမှုကို သက်တမ်းတိုးဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ပေမယ့်လည်း သန်းခေါင်ယံ မတိုင်ခင် ၅ နာရီလောက် အလိုမှာတော့ ရုရှားရဲ့ Tass သတင်းဌာနကို ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အပစ်ရပ် သက်တမ်းတိုးဖို့ ပူတင်က အမိန့်မပေးခဲ့ကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အပစ်အခတ် ရပ်စဲရေးကာလသာ သက်တမ်းဆက်တိုးဖြစ်ရင် ဝမ်းမြောက် ကြိုဆိုမိမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို အဆုံးသတ်စေဖို့ ကနဦး ခြေလှမ်းအဖြစ် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲထားစေဖို့ ကြိုးစား ညှိနှိုင်းနေပေမယ့် ပူတင်ကတော့ ရက်ပေါင်း ၃၀ အစား နာရီ ၃၀ အပစ်ရပ်ဖို့ကိုသာ ကြေညာခဲ့တာပါ။ ကြိုတင် သတင်းမထုတ်ပြန်တဲ့ အဲဒီ အပစ်ရပ် ကြေညာမှုကလည်း သက်တမ်း မတိုးနိုင်ဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပူတင်ဟာ အီစတာ ပွဲတော် ကာလကို အလေးထားသယောင်နဲ့ အပစ်ရပ် ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းရာချီ ပစ်ခတ်နေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါဟာ ပူတင်က သူ့စစ်တပ်ကို ကိုယ်တိုင် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိလို့၊ ဒါမှမဟုတ် ရုရှားဟာ စစ်ပွဲကို အမှန်တကယ် ရပ်တန့်ချင်တဲ့ စိတ်ဆန္ဒ မရှိဘူးဆိုတာ မြင်သာစေတဲ့ ကိစ္စမျိုး ဖြစ်ကြောင်း၊ ပူတင်ရဲ့ သရုပ်မှန်အရ စစ်ရပ်ဆိုင်းရေး ဆိုတာကို လူကြားကောင်းရုံ ဝါဒဖြန့်တာမျိုးထက် ပိုပြီး စိတ်မဝင်စားကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း တပ်တွေဟာ အပစ်ရပ် ကြေညာထားတာကို အကြိမ်ပေါင်း ၁၀၀၀ ကျော် ချိုးဖောက်ပြီး ရုရှားမှာ အရပ်သား ပြည်သူတွေ သေဆုံးစေတဲ့၊ အခြေခံ အဆောက်အအုံတွေ ပျက်စီးစေတဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ အပစ်ရပ် နာရီပေါင်း ၃၀ အတွင်း ယူကရိန်းဟာ ရုရှားပိုင်နက်ထဲက နေရာ ၄၄၄ ခုကို တိုက်ခိုက်ခဲ့ပြီး ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုတင် အကြိမ်ပေါင်း ၉၀၀ ကျော် ရှိခဲ့ကြောင်း ရုရှားက စွပ်စွဲပါတယ်။

စစ်မြေပြင် အခြေအနေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးရဲ့ အပြန်အလှန် စွပ်စွဲချက်တွေအပေါ် သီးခြားအတည်မပြုနိုင်ကြောင်း Reuters သတင်းဌာနက ဆိုပါတယ်။

အပစ်ရပ် သဘောတူညီမှု မပျက်ပြယ်ခင်မှာ ဇီလန်စကီးက သူဟာ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲတဲ့ အခြေအနေထိ တိုးတက်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပေမယ့် ရုရှားက ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင်တော့ ယူကရိန်းကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ သတိပေးထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။