Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား ယာယီ သမ္မတ နုတ်ထွက်၊ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်လို့ ကြေညာ

တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒက်ခ်ဆူဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Reuters

တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒက်ခ်ဆူဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဟန်ဟာ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ကြောင့် ရာထူးကနေ ဖယ်ရှားခံရသူ သမ္မတဟောင်း ယွန်ဆွတ်ခ်ယောလ်ကိုယ်စား ယာယီ သမ္မတအဖြစ် တာဝန်ယူထားခဲ့သူပါ။ သူကိုယ်တိုင်လည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ အတိုက်အခံတွေရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရပြီး ရာထူးကနေ ယာယီ ဆိုင်းငံ့ခံရပေမယ့် တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ဟန်မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး ယာယီ သမ္မတတာဝန် ပြန်လည် ပေးအပ်ခဲ့ပါတယ်။

အခုတော့ ဟန်ဟာ အစိုးရ တာဝန်တွေကနေ နုတ်ထွက်သွားပြီး ဇွန်လ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့ဟာ တောင်ကိုရီးယားရဲ့ ရှိရင်းစွဲ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပိုမို လှုပ်ခတ်လာစေပြီး ရွေးကောက်ပွဲ အနိုင်ရဖို့ အလားအလာ အကောင်းဆုံး သမ္မတလောင်းဟာ ရွေးကောက်ပွဲ ဥပဒေတွေကို ဖောက်ဖျက်ကြောင်း စွပ်စွဲချက်အတွက် ပြန်လည် အစစ်ဆေး ခံရဖို့ တရားရုံး အမိန့်နဲ့ ကြုံတွေ့ခဲ့သလို အစိုးရ အဖွဲ့မှာလည်း ဟန်အပါအဝင် အရေးပါသူနှစ်ဦး နုတ်ထွက်သွားခဲ့ပါတယ်။

ယာယီသမ္မတနဲ့ ဝန်ကြီးချုပ် တာဝန်တွေကနေ နုတ်ထွက်ချိန်မှာ ဟန်က ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ခြေကို အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပါတယ်။ သူဟာ ပိုပြီးကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဟန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်နေ့မှာတော့ ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းတစ်ခု ပြောကြားခဲ့ရာမှာ ဟန်က သူအရမ်းချစ်မြတ်နိုးတဲ့ တောင်ကိုရီးယား နိုင်ငံအတွက်၊ ပြည်သူတွေ အားလုံးအတွက် သူ့အနေနဲ့ စွမ်းနိုင်သမျှ အားလုံး ပေးဆပ်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ရွေးကောက်ပွဲမှာ ပြည်သူတွေ ယုံကြည်ရွေးချယ်တာ ခံရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ဟန်က ကြေညာခဲ့ပါတယ်။

အသက် ၇၅ နှစ် ရှိနေပြီဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဝါအရင့်ဆုံး နိုင်ငံရေးသမားကြီးဟာ သမ္မတဟောင်း ယွန်ကြောင့် လူကြိုက်နည်းနေတဲ့ ပြည်သူ့စွမ်းအား ပါတီကို ဦးဆောင်ပြီး ကွန်ဆာဗေးတစ် အင်အားစုတွေကို စည်းရုံးသွားမယ်လို့ ယုံကြည်ရပါတယ်။

သူ့ရဲ့ အဓိက ပြိုင်ဘက်ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရှေ့ဆုံးက ရေပန်းစားနေတဲ့ လစ်ဘရယ်လ် သမ္မတလောင်း လီဂျေမြောင်ဖြစ်ပါတယ်။ လီဟာ ရွေးကောက်ပွဲ ဥပဒေတွေ ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကနေ ဆိုးလ်မြို့တော် တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ တရားသေ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ တရားရုံး ဆုံးဖြတ်ချက်ကို မေလ ၁ ရက်နေ့မှာ တောင်ကိုရီးယား တရားရုံးချုပ်က ပယ်ဖျက်ခဲ့တာကြောင့် ရွေးကောက်ပွဲ မတိုင်ခင် ဗျာများနေဦးမှာ ဖြစ်ပါတယ်။

ဟန်ကတော့ လစ်ဘရယ်လ်တွေရော၊ ကွန်ဆာဗေးတစ်တွေ ကြားမှာပါ လေးစားခံရတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပါတီနှစ်ခုက အသီးသီး တာဝန်ယူတဲ့ အစိုးရတွေ လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်၊ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးစတဲ့ ထိပ်တန်း ရာထူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ကိုးကား: France24

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။