သူ့ရဲ့ နိုင်ငံဟာ ရောင်းကုန်မဟုတ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာစေချင်တယ်ဆိုတဲ့ ထရမ့်ရဲ့ လူသိရှင်ကြား ပြောဆိုမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူ့သဘောထားကို တိုက်ရိုက် အသိပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။
မေလ ၆ ရက်နေ့က အိမ်ဖြူတော်မှာ ကာနေးနဲ့ ထရမ့်တို့ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ နှစ်ဖက် အမြင်ကွဲပြားမှုတွေကို ဆွေးနွေးခဲ့ကြတာပါ။ ကာနေးရဲ့ လစ်ဘရယ် ပါတီဟာ ကနေဒါမှာ အတော်ကြီး လူကြိုက်နည်းနေတဲ့ အခြေအနေ ဖြစ်ခဲ့ရာကနေ ထရမ့်ကို စိန်ခေါ်ဖီဆန်တဲ့ ရပ်တည်မှုတွေကို ပီပီပြင်ပြင် ပြသရင်း လူထုထောက်ခံမှုကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကာနေးဟာ လုံးဝ မဖြစ်နိုင်သလောက်နီးပါး အနေအထားကနေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ တွေ့ဆုံကြရာမှာ ထရမ့်က ကာနေးရဲ့ ရွေးကောက်ပွဲ ရလဒ်ကို ဂုဏ်ပြုခဲ့ပြီး နိုင်ငံရေးအရ အံ့မခန်း ပြန်လာနိုင်မှုကြီးလို့ သတင်းထောက်တွေ ရှေ့မှောက်မှာ ချီးကျူးခဲ့ပါတယ်။ ကာနေးကလည်း ထရမ့်ကို စီးပွားရေးမှာ အဓိက ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှု အစီအမံတွေ ပီပီပြင်ပြင် လုပ်ဆောင်နေတဲ့ သမ္မတလို့ ညွှန်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ မူဝါဒတွေထဲမှာ ကနေဒါဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာသင့်တယ်ဆိုတဲ့ အချက်ကိုတော့ သူသဘောမတူကြောင်း ကာနေးက ဆိုပါတယ်။
အိမ်ခြံမြေ လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ကိုင်ဖူးတဲ့ ထရမ့်အနေနဲ့ တချို့နေရာတွေဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဘယ်တော့မှ မရောင်းဖို့ ဆုံးဖြတ်ထားတာမျိုး ရှိတယ်ဆိုတာ သဘောပေါက်မှာဖြစ်ကြောင်း ကာနေးက ပြောပြီး ထရမ့်ကလည်း ဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ သူဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုမှာ ကနေဒါရဲ့ ပိုင်ရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့က ကနေဒါဆိုတာ ရောင်းမှာမဟုတ်ကြောင်း၊ ဘယ်တော့မှ ရောင်းမှာ မဟုတ်ကြကြောင်း ပြောခဲ့တယ်လို့ ကာနေးက ဆိုပါတယ်။ ကာနေး ရည်ညွှန်းတဲ့ ကနေဒါရဲ့ ပိုင်ရှင်တွေ ဆိုတာဟာ မဲဆန္ဒရှင် ပြည်သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီအခါ ထရမ့်က ဘယ်တော့မှဆိုတဲ့ စကားကို ဘယ်တော့မှ အတိအကျ ပြောလို့မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ကာနေးက သတင်းထောက်တွေ ရှေ့မှောက်မှာ ပြုံးရင်း ‘ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ’လို့ ပါးစပ် အမူအယာနဲ့ ရေရွတ်ပြသွားခဲ့ပါတယ်။
ထရမ့်က အမေရိကန်ဟာ ကနေဒါရဲ့ လုံခြုံရေးကိုလည်း ကူညီတာဝန်ယူ စောင့်ရှောက်ပေးနေရကြောင်း ထောက်ပြခဲ့တဲ့နောက် ကာနေးက သူ့ရဲ့ အစိုးရဟာ ကနေဒါရဲ့ စစ်ရေး ဖွဲ့စည်းမှုတွေကို ချဲ့ထွင်ပြောင်းလဲပြီး လုံခြုံရေး ကဏ္ဍကို ထဲထဲဝင်ဝင် မြှင့်တင်ဖို့လည်း စီစဉ်နေတယ်လို့ သတင်းထောက်တွေရှေ့မှာ ပြောကြားသွားပါတယ်။
ထရမ့်က သူ့ရဲ့ အစိုးရဟာ ကနေဒါ နိုင်ငံရဲ့ သွင်းကုန်တွေကို အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကိုတော့ ပြောင်းလဲမှာ မဟုတ်ဘဲ လက်ရှိ ရည်ရွယ်ထားတဲ့အတိုင်း ဆက်သွားမယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ ကနေဒါဖက်ကသာ ထရမ့်ရဲ့ အခွန်မြှင့်တင်မှုတွေကို လိုက်လျော လက်ခံမယ်ဆိုရင် ကနေဒါကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန် အများစုဟာ တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းထိ အခွန်မြှင့်တင် စည်းကြပ်တာ ခံရမှာ ဖြစ်ပါတယ်။
ကာနေးနဲ့ မတွေ့ဆုံခင် မိနစ်ပိုင်းလောက်တုန်းက ထရမ့်ဟာ သူ့ရဲ့ သဘောထားအရ ကာနေးနဲ့ အလုပ်တွဲလုပ်ဖို့ အများကြီး လိုလိုလားလား ထက်ထက်သန်သန် ရှိနေတယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ကနေဒါကို နှစ်စဉ် ဒေါ်လာ ၂၀၀ ဘီလီယံလောက် ထောက်ပံ့ပေးနေရသလို ဖြစ်နေပြီး အခမဲ့ စစ်ရေး အကာအကွယ် ပေးနေရတာမျိုးကတော့ မဖြစ်သင့်ဘူး ဆိုတာမျိုး ထရမ့်က ထောက်ပြထားခဲ့ပါတယ်။
အမေရိကန်ဟာ ကနေဒါမှာ ထုတ်လုပ်တဲ့ ကားတွေ၊ ကနေဒါရဲ့ စွမ်းအင်ရင်းမြစ်တွေ၊ သစ်တွေကို ဘာမှ မလိုကြောင်း၊ ကနေဒါဆီက အမေရိကန် လိုချင်တာဟာ ခင်မင်ရင်းနှီးမှု တစ်ခုတည်းပဲဖြစ်ပြီး အဲဒါကို အရှည်တည်အောင် ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။
ထရမ့်နဲ့ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာတော့ ကာနေးက အဲဒီတွေ့ဆုံမှုဟာ အများကြီး အပြုသဘော ဆောင်ခဲ့ကြောင်းနဲ့ နောက်လကျရင် ကနေဒါမှာ ကျင်းပမယ့် G7 ထိပ်သီး ညီလာခံမှာ သူနဲ့ထရမ့် ထပ်ဆုံဖြစ်ကြမယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: CBS
