Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းတွေ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ပြီး ယူကရိန်း မြို့တွေကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်

ဒရုန်းတွေ၊ ဒုံးကျည်တွေ အများအပြား အသုံးပြုထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှားက ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်နဲ့ တခြားဒေသတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့ပါတယ်။

Reuters

ဒရုန်းတွေ၊ ဒုံးကျည်တွေ အများအပြား အသုံးပြုထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှားက ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်နဲ့ တခြားဒေသတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့ပါတယ်။

ဇွန်လ ၆ ရက်နေ့တုန်းက ယူကရိန်း နိုင်ငံအနှံ့မှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေခဲ့ပြီး လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတဲ့ ရန်သူ့ စစ်လက်နက်တွေကို ယူကရိန်း လေကြောင်း ကာကွယ်ရေး ယူနစ်တွေက အပူတပြင်း ပစ်ချနေခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်ပွဲကာလတလျှောက် ယူကရိန်းမှာ ရုရှားက ပြုလုပ်ခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးတွေထဲမှာ အတိုင်းအတာ ပမာဏ အကြီးမားဆုံးတွေထဲက တစ်ခုအဖြစ်လည်း စာရင်းဝင်ခဲ့ပါတယ်။

ရုရှားနိုင်ငံ ပိုင်နက်ထဲ တိတ်တဆိတ် ခိုးသွင်းထားတဲ့ ထရပ်ကားတွေထဲက ဖောက်ခွဲရေး ဒရုန်းတွေကို အသုံးပြုပြီး ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး တော်တော်များများကို ဖျက်ဆီးပစ်နိုင်ခဲ့တဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေး အောင်မြင်မှုအပြီး ရက်ပိုင်းအကြာမှာ ရုရှားက အခုလို လက်တုံ့ပြန်လာတာပါ။ ဇွန်လ ၆ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ ၅ ဦးသေပြီး ၈၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေ စုစုပေါင်း ရာနဲ့ချီပြီး ယူကရိန်း နိုင်ငံအနှံ့က ပစ်မှတ်တွေကို ဖြန့်ကျက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကိယက်ဗ်အပြင် နိုင်ငံမြောက်ပိုင်းက ချာနီဟစ်ဗ်၊ အနောက်မြောက်ပိုင်းက လုစ်ခ်နဲ့ တာနိုပီလ် မြို့တွေထိပါ ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ရုရှားက အဲဒီ တိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ အကြမ်းဖက် လုပ်ရပ်တွေအတွက် လက်တုံ့ပြန်တာ ဖြစ်ကြောင်းနဲ့ စစ်ရေးပစ်မှတ်တွေကိုပါ ချေမှုန်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ထဲ ဝင်ရောက်လာတဲ့ ယူကရိန်း ဒရုန်းပေါင်း ၁၇၄ စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားက ကြေညာခဲ့ပါတယ်။

ရုရှားလေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး ဗုံးကြဲလေယာဉ်ကြီးတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ လုပ်ရပ်အတွက် သေချာပေါက် လက်စားချေမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဖုန်းပြောချိန်မှာ အသိပေးခဲ့ပြီး မကြာခင်မှာပဲ ရုရှားက ကိယက်ဗ်နဲ့ တခြားယူကရိန်း မြို့တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ ပြည်တွင်းမှာရှိတဲ့ ရထားလမ်း ကွန်ရက်တွေကို ဗုံးခွဲတိုက်ခိုက်မှု ၃ ခုနဲ့ ပတ်သက်ပြီးလည်း စွပ်စွဲထားပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် လူ ၇ ဦးသေပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းကတော့ ရထားလမ်းတွေကို ဗုံးခွဲခဲ့သလား ဆိုတာကို ဝန်ခံတာ၊ ငြင်းဆန်တာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။