Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးမှာ ဂါဇာစစ်ပွဲ ဆန့်ကျင်ရေး လူသိန်းနဲ့ချီ စုဝေးဆန္ဒပြ

အစ္စရေးမှာ လူပေါင်း သိန်းနဲ့ချီ စုဝေးပြီး ဂါဇာစစ်ပွဲဆိုင်ရာ အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ- Getty Images

သြဂုတ်-၁၈၊ ၂၀၂၅/People’s Spring

အစ္စရေးမှာ လူပေါင်း သိန်းနဲ့ချီ စုဝေးပြီး ဂါဇာစစ်ပွဲဆိုင်ရာ အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဩဂုတ် ၁၇ ရက်နေပက တဲလ်အဗစ်ဗ်မြို့မှာ ပမာဏ များပြားလှတဲ့ အစ္စရေး ပြည်သူတွေ စုဝေးပြီး ဂါဇာ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပေးဖို့၊ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးကို အာရုံစိုက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဒါဟာ ဂါဇာမှာ စစ်ဆင်ရေးတွေကို ချဲ့ထွင်ပြီး ဂါဇာစီးတီးမြို့ကို သိမ်းယူဖို့ ကြံစည်နေတဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ အစီအစဉ်တွေကို တိုက်ရိုက် ဆန့်ကျင်နေခြင်းလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်တွေ လက်ထဲမှာ အစ္စရေး ဓားစာခံ ၂၀ ဝန်းကျင်လောက် အသက်ရှင်လျက် ထိန်းသိမ်း ခံထားရဆဲလို့ ယုံကြည်ရပါတယ်။ မကြာသေးခင်ကတော့ အစာရေစာ ငတ်ပြတ် ပိန်လှီနေတဲ့ အစ္စရေး ဓားစာခံ တစ်ဦးရဲ့ ဗီဒီယိုကို ဟားမားစ်တွေက ထုတ်ပြခဲ့တဲ့နောက် ဓားစာခံတွေရဲ့ မိသားစုတွေကြားမှာ စိုးရိမ်မှုတွေ ကြီးထွားလာပြီး အစိုးရအပေါ် ပိုမို ဖိအားပေးလာပါတယ်။

နေတန်ညာဟုက ဟားမားစ်တွေကို အပြီးသတ် ရှင်းလင်းနိုင်မှသာ ဓားစာခံ ပြဿနာလည်း အမှန်တကယ် ပြီးဆုံးမယ်လို့ ပြောထားပေမယ့် မိသားစုဝင်တွေကတော့ ဂါဇာစီးတီးကို အစ္စရေးက သိမ်းယူခြင်းဟာ ဖမ်းဆီးခံထားရသူတွေရဲ့ လုံခြုံရေးကို ပိုပြီး ဆိုးရွားသွားစေမယ်လို့ ယူဆနေပါတယ်။

စီစဉ်သူတွေက ဩဂုတ် ၁၇ ရက်နေ့ ဆန္ဒပြပွဲတုန်းက တဲလ်အဗစ်ဗ်မှာ လူပေါင်း ၅ သိန်းလောက် စုဝေးခဲ့ကြကြောင်း ပြောပါတယ်။ ဒါ့အပြင် အဲဒီနေ့က တခြားမြို့တွေမှာ ပြုလုပ်တဲ့ စစ်ပွဲဆန့်ကျင်ရေး တခြားဆန္ဒပြပွဲတွေမှာ တက်ရောက်ခဲ့သူ အားလုံးကိုပါ ထည့်ပေါင်းရင် အရေအတွက် ၁ သန်းကျော်တယ်လို့ ဆိုပါတယ်။ ဒါဟာ အစ္စရေး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံလောက်နဲ့ ညီမျှတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ပြည်လုံးကျွတ် သပိတ်တစ်ခု ပုံစံမျိုး ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲကြောင့် တချို့နေရာတွေမှာ လမ်းတွေပိတ်ပြီး ရုံးတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားခဲ့ကြပါတယ်။ တချို့နေရာတွေမှာတော့ ချီတက်သူတွေဟာ ကားတာယာတွေကို မီးရှို့တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီတစ်ရက်တာအတွင်း ဆန္ဒပြသူ အနည်းဆုံး ၄၀ လောက်လည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

နေတန်ညာဟုကတော့ ဆန္ဒပြတဲ့ ပြည်သူတွေကို ဝေဖန်ခဲ့ပြီး ဟားမားစ်တွေရဲ့ ရပ်တည်မှုကို အားပေးအားမြှောက် လုပ်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ကာလ အစိုးရအဖွဲ့ထဲက လက်ယာစွန်း အမျိုးသားရေးဝါဒီ ဝန်ကြီး တစ်ဦးဖြစ်တဲ့ ဘီဇာလယ်လ် စမောထရစ်ချ်ကလည်း အဲဒီ ဆန္ဒပြပွဲတွေဟာ ဟားမားစ်တွေ အလိုကျ ဖြစ်စေမယ့် အန္တရာယ် များလွန်းတဲ့ စတန့်တွေလို့ ဝေဖန်သွားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ထဲ အလစ်အငိုက် ဖြတ်ကျော်ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်၊ ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ရာက ဂါဇာမှာ စစ်ပွဲ စတင်လာခဲ့တာပါ။ အစ္စရေးဖက်က လွန်လွန်ကဲကဲ တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေအတွင်း ဂါဇာမှာ ပါလက်စတိုင်း ၆၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။