တရုတ်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးဟာ ရည်းစားကို လှည့်စားပြီး မြန်မာနိုင်ငံ အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုဆီ ရောင်းစားသွားခဲ့ကြောင်း သိရပါတယ်။
အသက် ၁၉ နှစ်အရွယ် တရုတ်လူငယ် အတွက်တော့ သူ့ရဲ့ ၁၇ နှစ်အရွယ် ရည်းစားနဲ့ ပျော်စရာ ဆယ်ကျော်သက် အချစ်ဇာတ်လမ်းမျိုးလေး ကြုံတွေ့ရမယ့်အစား လူမှောင်ခို ငရဲခန်းထဲ ရောက်သွားပြီး ကျွန်ပြု ခိုင်းစေမှုတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ် မီဒီယာတွေက နာမည်ဖော်မပြတဲ့ လူငယ် အမျိုးသားဟာ ကွမ်တောင်းပြည်နယ်၊ ကျန်ကျိအန်းမြို့ကဖြစ်ပြီး ကျားဖြန့်ဂိုဏ်းသားက နှိပ်စက်တာ၊ အဓမ္မ ခိုင်းစေတာ၊ အငတ်ထားပြီး ဒဏ်ပေးတာမျိုးတွေ ကြုံခဲ့ရပါတယ်။
သူဟာ ဖေဖော်ဝါရီလတုန်းက ချစ်သူ မိန်းကလေးနဲ့အတူ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ရင်း အဲဒီကနေတဆင့် မြန်မာနယ်စပ်မှာ လူကုန်ကူး ခံခဲ့ရတာပါ။ သူ့ကို မိန်းကလေးက ယွမ် ၁ သိန်းနဲ့ ရောင်းချသွားခဲ့ပြီး မိသားစုက ပြန်ရွေးယူတဲ့အခါ ကျားဖြန့်ဂိုဏ်းတွေကို ယွမ် ၃ သိန်းခွဲ ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
လွတ်မြောက်လာတဲ့ လူငယ်ရဲ့ အဆိုအရ သူဟာ အဲဒီ မိန်းကလေးနဲ့ ဘိလိယက် ခန်းမတစ်ခုမှာ တွေ့ခဲ့တာလို့ သိရပါတယ်။ လူငယ်ရဲ့ အစ်မကတော့ အဲဒီ မိန်းကလေးဟာ လျှပ်ပေါ်လော်လီ ဝတ်စားပြီး တန်ဖိုးကြီး တံဆိပ် အိတ်အတုတွေကို ကိုင်ဆောင်ထားခဲ့တယ်လို့ ပြောပါတယ်။ မိန်းကလေးကတော့ သူ့မိဘတွေဟာ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေဖြစ်ပြီး မြန်မာမှာ ဖက်စပ် စီးပွားရေး လုပ်ငန်းတွေ ရှိတယ်လို့ မကြာခဏ ကြွားဝါတတ်ကြောင်း လူငယ်က ပြောပြပါတယ်။
ချစ်စိတ်မွှန်နေတဲ့ လူငယ်ဟာ မိသားစုဝင်တွေ တားဆီးတာကိုတောင် လက်မခံဘဲ ဖေဖော်ဝါရီလမှာ အဲဒီမိန်းကလေးနဲ့အတူ ဘန်ကောက်ကို သိုသိုသိပ်သိပ် ထွက်ခွာသွားခဲ့ပါတယ်။ သူ့ကို ထိုင်း-မြန်မာ နယ်စပ်နားမှာ တွေ့လိုက်တဲ့အကြောင်း သူငယ်ချင်းတွေဆီက တစ်ဆင့် သိလာတဲ့နောက် မိသားစုဝင်တွေက ကျားဖြန့် အန္တရာယ်ကို စပြီး စိုးရိမ်စိတ် ဝင်လာခဲ့ကြပါတယ်။
နောက်တော့ နယ်စပ်မှာ ရှိနေတဲ့အချိန် မိန်းကလေးက သူအသစ်တွေ့နေပြီဆိုပြီး လူငယ်နဲ့ အဆက်ဖြတ်ကြောင်း ပြောပါတယ်။ ချက်ချင်း ဆိုသလိုပဲ လက်နက်ကိုင် လူတစ်စုက လူငယ်ရဲ့ ပတ်စ်ပို့တ်နဲ့ ဖုန်းကို သိမ်းယူလိုက်ပါတယ်။ အဲဒီကစလို့ နောက်ထပ် ၄ လလုံးလုံး လူငယ်ဟာ လက်နက်ကိုင် အစောင့်တွေ ရှိနေတဲ့ ကျားဖြန့်ဂိုဏ်း အဆောက်အအုံ တစ်ခုထဲမှာ ချုပ်နှောင်ပြီး ကျွန်ပြု ခိုင်းစေခြင်း ခံရပါတော့တယ်။
သူ့ကို ခေါင်းတုံးတုံးခိုင်းပြီး သံတုတ်နဲ့ ရိုက်တာမျိုး နည်းလမ်းတွေနဲ့လည်း နှိပ်စက်လေ့ ရှိတယ်လို့ လူငယ်က ဆိုပါတယ်။ သူဟာ အွန်လိုင်းကနေ နေ့စဉ် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား ဆက်သွယ်ပြီး ငွေကြေး လိမ်လည်ရသလို နေ့စဉ် သတ်မှတ်နှုန်းထား မပြည့်ရင် ဒဏ်ပေး ရိုက်နှက် ခံရတာမျိုး ဖြစ်ပါတယ်။ သူဟာ နေ့စဉ် ၁၆ နာရီကနေ နာရီ ၂၀ လောက်ထိ အလုပ်လုပ်ရပါတယ်။ သူ့ကို ပြန်တွေ့တဲ့ အချိန်မှာ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်လောက် ကျဆင်းနေပြီလို့ မိသားစုက ဆိုပါတယ်။ နားထင်ကို သံတုတ်နဲ့ ရိုက်ခံရလွန်းတော့ နားလည်း ကောင်းကောင်း မကြားတော့သလို ကုသဖို့လည်း မဖြစ်နိုင်တော့ပါဘူး။
အစောပိုင်းတုန်းက သူ့ကို ကယ်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တော့ မိသားစုဝင်တွေက ပြန်ပေးငွေနဲ့ ရွေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇွန်လမှာ လူငယ်က ပြန်လွတ်လာခဲ့ပြီး အဲဒီနောက်ပိုင်း အကြီးအကျယ် စိတ်ဒဏ်ရာ ရထားသလို တစ်ချိန်ချိန်မှာ နောက်တစ်ခါ ပြန်ပေးဆွဲ ခံရဦးမယ်လို့ သံသယ လွန်ကဲပြီး အချိန်ပြည့် ကြောက်လန့်နေတယ်လို့ ဆိုပါတယ်။
သူ့ကို ရောင်းစားခဲ့တဲ့ မိန်းကလေးကတော့ ထိုင်းမှာ အားလပ်ရက် အပန်းဖြေ ခရီးထွက်ပြီး တရုတ်ကို ပြန်အရောက်မှာတင် ငွေကြေး လိမ်လည်မှု၊ လူမှောင်ခိုမှုတွေနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို တရားစီရင် စစ်ဆေးမှုတွေကို ဆိုင်းငံ့ထားပြီး မကြာခင်မှာတော့ ပြန်လည် စတင်ဖို့ ရှိနေပါတယ်။
အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတဲ့ မိန်းကလေး တစ်ယောက်က ဒီလောက် ဆိုးယုတ်တဲ့ လုပ်ရပ်မျိုး ကျူးလွန်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲလို့ လူငယ်ရဲ့ အစ်မဖြစ်သူက ပြောပါတယ်။ မိန်းကလေး ငယ်ငယ်လေး တစ်ယောက်က အဲဒီလောက် ကောက်ကျစ်ယုတ်မာမယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။
ကိုးကား: Thaiger




















































