Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စက်တင်ဘာ စစ်ရေးပြ ချီတက်ပွဲမှာ လက်နက် အသစ်အဆန်းတွေကို ပထမဆုံးအကြိမ် ထုတ်ပြဖို့ တရုတ် စီစဉ်ထား

စက်တင်ဘာ လဆန်းမှာ ပြုလုပ်မယ့် စစ်ရေးပြ ချီတက်ပွဲကြီးမှာ နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံးနဲ့ လူထုရှေ့မှောက် ဘယ်တုန်းကမှ ထုတ်မပြဖူးတဲ့ လက်နက်ဆန်း တချို့ကို ခင်းကျင်း ပွဲထုတ်လာနိုင်ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။

Reuters

စက်တင်ဘာ လဆန်းမှာ ပြုလုပ်မယ့် စစ်ရေးပြ ချီတက်ပွဲကြီးမှာ နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံးနဲ့ လူထုရှေ့မှောက် ဘယ်တုန်းကမှ ထုတ်မပြဖူးတဲ့ လက်နက်ဆန်း တချို့ကို ခင်းကျင်း ပွဲထုတ်လာနိုင်ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။

ဂျပန်တပ်တွေ လက်နက်ချပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့မှု နှစ် ၈၀ ပြည့် ချီတက်ပွဲဟာ အရင်အခမ်းအနားတွေနဲ့ မတူညီတဲ့ အငွေ့အသက်တွေ၊ မြင်ကွင်းတွေ ပါဝင်လာမယ်လို့ စစ်ဘက် ထိပ်တန်း သတင်းရင်းမြစ် တချို့က ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ကျရင် ဘေဂျင်းမှာ ကျင်းပမယ့် အောင်ပွဲနေ့ ချီတက်ပွဲ အခမ်းအနားမှာ တရုတ်ဟာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ၊ အလိုအလျောက် ထိန်းချုပ် လှုပ်ရှားနိုင်စွမ်းရှိတဲ့ စစ်ယန္တရားနဲ့ လက်နက်တွေကို ထုတ်ပြလာနိုင်တယ်လို့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။

တိုက်လေယာဉ်တွေ အပါအဝင် ရာနဲ့ချီတဲ့ လေယာဉ်တွေ၊ မြေပြင် စစ်ယန္တရားတွေ၊ ခေတ်မီ စစ်လက်နက် အသစ်အဆန်းတွေကိုလည်း အဲဒီချီတက်ပွဲအတွက် ကြိုတင် ရွှေ့ပြောင်း စုဝေးထားပြီး ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ တရုတ် စစ်ဘက် အရာရှိတွေက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အင်အား အလုံးအရင်း ထုတ်ပြတဲ့ ချီတက်ပွဲမျိုးဟာ တရုတ်အတွက် ၂၀၁၅ နောက်ပိုင်း ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပါတယ်။ စစ်ရေး သုတေသီတွေကတော့ အခုနှစ် ချီတက်ပွဲမှာ အသံထက် အဆအတော်များများ ပိုမြန်တဲ့ ဟိုက်ပါဆောနစ် သင်္ဘောဖျက်ဒုံးကျည်လို လက်နက် အသစ်အဆန်းတွေကို တရုတ်စစ်တပ်က လူမြင်ကွင်းရှေ့ ယူဆောင်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါဟာ ခါးသီးပြိုင်ဘက် အမေရိကန်၊ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေတဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေကို တရုတ်က သွယ်ဝိုက်ပြီး အင်အားပြ ခြိမ်းခြောက်တဲ့ အစီအမံလို့လည်း ယူဆနိုင်ပါတယ်။

ချီတက်ပွဲမှာ ခင်းကျင်းပြသမယ့် လက်နက်တွေ၊ ပါဝင်ချီတက်မယ့် တပ်ဖွဲ့ဝင် အရေအတွက် စတာတွေကိုတော့ အသေးစိတ် မကြေညာသေးပါဘူး။ ဒါပေမဲ့ အခမ်းအနား အစီအစဉ်ဟာ မိနစ် ၇၀ ဝန်းကျင်လောက် ကြာမြင့်မှာဖြစ်ပြီး တီယန်နန်မန် ရင်ပြင်မှာ စစ်ကြောင်း ၄၅ ခုရဲ့ ချီတက်မှုကို သမ္မတ ရှိကျင့်ဖျင်ကိုယ်တိုင် တက်ရောက် အလေးပြုခံမှာ ဖြစ်ပါတယ်။ အဲဒီ ချီတက်ပွဲအတွက် နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ် အဖွဲ့တွေကိုလည်း ဖိတ်ကြားထားပါတယ်။

၂၀၁၅ တုန်းက ပြုလုပ်ခဲ့တဲ့ စစ်ရေးပြ ချီတက်ပွဲမှာတော့ စစ်သည် ၁၂၀၀၀ ကျော် ပါဝင်ခဲ့ပြီး ရုရှား၊ ဘီလားရုစ်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင် တချို့ပါ ပူးပေါင်း ချီတက်ခဲ့ပါတယ်။ အဲဒီတုန်းက တရုတ်ဟာ လေယာဉ် အစီး ၂၀၀ နဲ့ စစ်လက်နက် ယန္တရားပေါင်း ၅၀၀ ကျော်ကိုလည်း ခင်းကျင်းပြသသွားခဲ့ပါတယ်။

၂၀၁၅ ချီတက်ပွဲတုန်းကတော့ အနောက်မဟာမိတ် နိုင်ငံအများစုက တက်ရောက်ခြင်း မရှိဘဲ ရှောင်လွှဲခဲ့သလို အဲဒီတုန်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာလည်း ဖိတ်ကြားခံရပေမယ့် ချီတက်ပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

အခုနှစ်မှာ ကျင်းပမယ့် စစ်ရေးပြ ချီတက်ပွဲကိုတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်၊ အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်း၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ အင်ဒိုနီးရှား ဝန်ကြီးချုပ် ပရာဘိုဝို ဆူဘီယန်တိုစတဲ့ နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မယ်လို့ ယုံကြည်ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အဲဒီ အခမ်းအနားကို တက်ရောက်ဖို့ စီစဉ်နေတယ်လို့ ယူဆရပေမယ့် အတိအကျတော့ မကြေညာသေးပါဘူး။

ချီတက်ပွဲ မကျင်းပခင် ဩဂုတ်လထဲမှာ လက်တွေ့ အစမ်းလေ့ကျင့်မှုတွေ လုပ်ဆောင်နေပြီး အဲဒီအတောအတွင်း လုံခြုံရေး အစီအမံတွေကိုလည်း တရုတ်စစ်တပ်က တင်းကျပ်ထားကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။