ဂျပန်ဟာ ပြည်တွင်းဖြစ် ထုတ်လုပ် တည်ဆောက်မယ့် တာဝေးပစ် ဒုံးကျည်တွေကို အဆောတလျင် ဖြန့်ကျက်ထားနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီးတဲ့နောက် စစ်မက် မလိုလားတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပြီး စစ်လက်နက် ပိုင်ဆိုင်မှု၊ ဖြန့်ကျက်မှုတွေကိုလည်း အခြေခံ ဥပဒေနဲ့ ထိန်းညှိ ကန့်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြောင့် ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး လက်ထက်ကစလို့ ဂျပန်ရဲ့ စစ်အင်အားနဲ့ စစ်သုံးစရိတ်တွေကို နှစ်စဉ် ပြန်လည် ချဲ့ထွင်လာနေခဲ့တာ ဖြစ်ပါတယ်။
မူလက ဂျပန်ဟာ Type-12 အမျိုးအစား သင်္ဘောဖျက် ဒုံးကျည်တွေကို နိုင်ငံ အနောက်တောင်ပိုင်း၊ ခမူယာမိုတို ဒေသထဲက ကန်ဂွန် စစ်စခန်းမှာ ၂၀၂၇ ခုနှစ်ကျရင် ဖြန့်ကျက်ထားဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၉ ရက်နေ့မှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ သတ်မှတ် လျာထား ကာလကို တစ်လ စောပြီး ၂၀၂၆ ခုနှစ်၊ မတ်လကစလို့ ဒုံးကျည်တွေ ဖြန့်ကျက်နိုင်အောင် အဆောတလျင် စီစဉ်နေပြီလို့ ကြေညာခဲ့ပါတယ်။
Type-12တွေကို ဂျပန်မှာပဲ တပ်ဆင်ထုတ်လုပ်ပြီး ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးထိ ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ ဂျပန်ဟာ အစဉ်အလာအရ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍအတွက် အမေရိကန်ကို အဓိက မှီခို အားကိုးနေခဲ့ရပေမယ့် ရုရှား၊ တရုတ်တို့ရဲ့ ဒေသတွင်းမှာ အင်အားချဲ့ထွင်လာတဲ့ အခါမှာတော့ ကိုယ်ပိုင်အစွမ်းအစကို ပိုမိုအားကိုးဖို့ ကြိုးစားလာနေတာ ဖြစ်ပါတယ်။

Public Service Announcement
ဇွန်လတုန်းက ဂျပန်တောင်ပိုင်း ကမ်းလွန်ရေပြင်မှာ တရုတ်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောနှစ်စီး တပြိုင်တည်း စစ်ဆင် လှုပ်ရှားနေတဲ့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီလို စိုးရိမ်စရာ အခြေအနေတွေကြောင့်လည်း ဂျပန်ဟာ စစ်အင်အား ချဲ့ထွင်ရေးကို ပိုပြီး အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့တာပါ။
ဂျပန်ဟာ ၂၀၂၇ ခုနှစ်ကျရင် နိုင်ငံ စီးပွားရေး GDP ပမာဏ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုဖို့လည်း စီစဉ်ထားပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ နှစ်အလိုက် ကာကွယ်ရေး အသုံးစရိတ်တွေမှာ GDP အချိုးအစားရဲ့ အမြင့်ဆုံး သုံးစွဲမှု အဖြစ်လည်း မှတ်တမ်းဝင်လာမယ်လို့ သိရပါတယ်။
ဂျပန်ရဲ့ ပြည်တွင်းဖြစ် ဒုံးကျည်တွေ ထုတ်လုပ်မှုဟာ အဆင့်မြှင့်တင်ဆဲ အဆင့်ကို ဖြတ်သန်းနေပြီး ဒီအတောအတွင်း ဂျပန်ဟာ အခုနှစ်ကုန်ပိုင်းမှာ အမေရိကန်လုပ် Tomahawk ခရုစ်ဒုံးကျည်တွေကိုလည်း ဖြန့်ကျက်ထားဖို့ ပြင်ဆင်နေပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနဟာ ရှည်လျားလှတဲ့ နိုင်ငံ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့ ဝေဟင်၊ ရေပြင်နဲ့ ရေအောက်သုံး ဒရုန်းတွေကို ထိထိရောက်ရောက် အသုံးချနိုင်ရေး အတွက်လည်း မဟာဗျူဟာ ရေးဆွဲ ပြင်ဆင်နေပါတယ်။ ဂျပန်ဟာ အသက်အရွယ် ကြီးရင့်သူ အချိုးအစား တိုးပွားလာပြီး စစ်သည်အင်အား နည်းပါးတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတာကြောင့် ဒရုန်းနည်းပညာကို ထိထိရောက်ရောက် အားကိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ကိုးကား: AP


















































