ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ အစ္စရေးရဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်က ကြေညာခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က အစ္စရေးဟာ ဒိုဟာမှာ ရှိနေတဲ့ ဟားမားစ် အကြမ်းဖက် ခေါင်းဆောင်တွေ နေထိုင်နေတဲ့ နေရာတစ်ခုကို တိတိကျကျ ချေမှုန်းတဲ့ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း ကြေညာပါတယ်။ ကာတာ အစိုးရနဲ့ ဟားမားစ်တွေကတော့ အစ္စရေးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဟာ ဂါဇာစစ်ပွဲ ရပ်တန့်ရေး ဆွေးနွေးမှုတွေအတွက် ဒိုဟာကို ရောက်ရှိနေတဲ့ ဟားမားစ် ကိုယ်စားလှယ်အဖွဲ့ရဲ့ အိမ်ရာ ခြံဝင်းဖြစ်တယ်လို့ ပြောပါတယ်။
အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပိုင်နက်ထဲထိ ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့်လည်း အစ္စရေးရဲ့ လုပ်ရပ်ဟာ အပြည့်အဝ မျှတမှုရှိတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။ အစ္စရေးဟာ ကာတာကို ပစ်မှတ်ထားခဲ့တာ မဟုတ်ဘဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက နိုင်ငံပိုင်နက်ထဲ ကျူးကျော် အကြမ်းဖက်ခဲ့တဲ့ ဟားမားစ် ခေါင်းဆောင်တွေကိုသာ ရည်ရွယ် တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။
ဟားမားစ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုမှာ အစ္စရေး ၁၂၀၀ လောက်သေဆုံးပြီး ၂၅၀ လောက်က ဓားစာခံတွေအဖြစ် ဂါဇာကမ်းမြှောင်ဒေသထဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမားစ်တပ်ဖွဲ့တွေကို စတင်တိုက်ခိုက်ပြီး ဂါဇာစစ်ပွဲကြီး စတင်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကာတာအစိုးရကတော့ နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်သွားခဲ့တဲ့ အစ္စရေး တိုက်ခိုက်မှုဟာ သူရဲဘောကြောင်ပြီး နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။
ဟားမားစ်တွေက အစ္စရေး လက်ချက်ကြောင့် အဖွဲ့သား ၅ ဦးသေဆုံးပေမယ့် ခေါင်းဆောင်ပိုင်းတွေ လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။ ကာတာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်တွင်းလုံခြုံရေး အရာရှိတစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ပါရှိပေမယ့် ဟားမားစ် အသေအပျောက်ကိုတော့ ဖော်ပြမထားခဲ့ပါဘူး။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ထုံးစံအတိုင်း မဟာမိတ် အစ္စရေး ဘာလုပ်လုပ် ထောက်ခံတဲ့ သဘောမျိုးပဲ ပြောခဲ့ပြီး ဒီလို တိုက်ခိုက်မှုမျိုး ကြုံရတာ အတော်လေး ကံမကောင်းကြောင်း၊ ဒါပေမဲ့ ဟားမားစ်တွေကို ချေမှုန်းနိုင်တယ် ဆိုတာနဲ့တင် ထိုက်တန်တဲ့ ရွေးချယ်မှု ဖြစ်နေကြောင်း မှတ်ချက်ပေးသွားပါတယ်။ တစ်ဖက်မှာလည်း ကာတာဆိုတာဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း အဓိက မဟာမိတ် နိုင်ငံတစ်ခု ဖြစ်သလို အမေရိကန် လေတပ်စခန်းကြီး တစ်ခုကိုလည်း ဖြန့်ကျက်ခွင့် ပြုထားပါတယ်။
ကာတာဟာ ဂါဇာစစ်ပွဲ အပစ်အခတ် ရပ်စဲရေးအတွက် အတက်ကြွဆုံး ကြားဝင်စေ့စပ် ညှိနှိုင်းပေးနိုင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပြီး ဟားမားစ်ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့ နိုင်ငံရေး ဗျူရိုအဖွဲ့ကို ၂၀၁၂ ကတည်းက ခိုလှုံခွင့် ပြုထားခဲ့ပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ စက်တင်ဘာ ၉ ရက်တုန်းက ဒိုဟာမြောက်ပိုင်း ကာတာရာ ခရိုင်ဖက်မှာ ပေါက်ကွဲသံ ၈ ကြိမ်လောက် ကြားခဲ့ရပြီး မီးခိုးလုံးကြီးတွေ ထိုးတက်လာတာ မြင်ခဲ့ရကြောင်း သိရပါတယ်။
ကာတာ အာဏာပိုင်တွေက အဲဒီ တိုက်ခိုက်မှုဟာ ဟားမားစ် နိုင်ငံရေးဗျူရို အဖွဲ့ဝင်တချို့ နေထိုင်ရာ အိမ်ရာ ခြံဝင်းကို ထိမှန်ခဲ့တယ်လို့ ကနဦး ထုတ်ပြန်ခဲ့ပါတယ်။ မိနစ်ပိုင်း အကြာမှာပဲ အစ္စရေးက အဲဒီပေါက်ကွဲမှုတွေဟာ သူတို့လက်ချက်လို့ ကြေညာခဲ့တာပါ။ တိုက်ခိုက်မှုကိုတော့ အစ္စရေး ပြည်တွင်းလုံခြုံရေး ဌာနဖြစ်တဲ့ ရှင်းဘတ်က တာဝန်ယူ အကောင်အထည်ဖော်ခဲ့တာလို့ ဆိုပါတယ်။
အစ္စရေးစစ်တပ် အကြီးအကဲ အီယဲလ် ဇာမားက နိုင်ငံရပ်ခြား အခြေစိုက် ဟားမားစ် ခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ ရှိလာမယ်လို့ သတိပေးခဲ့ပြီး နှစ်ပတ်နီးပါး အကြာမှာ ကာတာပိုင်နက်ထဲ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC


















































