Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ ငြိမ်းချမ်းရေး အစီအမံသစ်ကို ထရမ့်နဲ့ နေတန်ညာဟု ကြေညာ၊ ဟားမားစ်က လက်ခံဖို့ လိုတယ်လို့လည်း သတိပေး

ဂါဇာ ကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေး အစီအမံ တစ်ခုကို နှစ်နိုင်ငံ ညှိနှိုင်း သဘောတူနိုင်ခဲ့ကြောင်း အမေရိကန်နဲ့ အစ္စရေး အစိုးရတွေက ပူးတွဲ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဂါဇာ ကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေး အစီအမံ တစ်ခုကို နှစ်နိုင်ငံ ညှိနှိုင်း သဘောတူနိုင်ခဲ့ကြောင်း အမေရိကန်နဲ့ အစ္စရေး အစိုးရတွေက ပူးတွဲ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန်ကို ရောက်ရှိနေချိန် အတောအတွင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို စက်တင်ဘာ ၂၉ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့တဲ့နောက် အဲဒီ သဘောထားကို အတူပူးတွဲ ထုတ်ပြန်ခဲ့တာပါ။ အနှစ်ချုပ် အနေနဲ့တော့ ဂါဇာမှာ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့၊ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းဖို့၊ ဂါဇာရဲ့ အနာဂတ် နိုင်ငံရေး ကဏ္ဍကနေ ဟားမားစ်က အပြီးတိုင် ဖယ်ထုတ်မှု ခံရမှာကို လက်ခံဖို့၊ ဓားစာခံတွေနဲ့ သုံ့ပန်းတွေ အလဲအလှယ်လုပ်ဖို့၊ ဂါဇာမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပြန်လည် ဝင်ရောက်နိုင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

အိမ်ဖြူတော်က သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရမ့်က ဒါဟာ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ သူက ဟားမားစ် အဖွဲ့ဟာ အခုကမ်းလှမ်းချက်ကို မဖြစ်မနေ လိုက်နာဖို့ လိုအပ်ကြောင်း၊ ဟားမားစ်က ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင်တော့ အစ္စရေးက ဟားမားစ် ခြိမ်းခြောက်မှုကို အပြတ်ရှင်းဖို့ လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လုပ်မှာ ဖြစ်သလို အမေရိကန်ကလည်း အားပေး ထောက်ခံသွားမယ်လို့ ထရမ့်က သတိပေးသွားပါတယ်။

နေတန်ညာဟုကလည်း ဟားမားစ်က ကမ်းလှမ်းချက်ကို ပယ်ချရင်၊ ဒါမှမဟုတ် ရှောင်လွှဲရင် အစ္စရေး အနေနဲ့ ပိုပြီး ထိရောက်အားကောင်းတဲ့ စစ်ရေး အရှိန်မြှင့်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အတိအလင်း ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်နဲ့ နီးစပ်တဲ့ ပါလက်စတိုင်း သတင်းရင်းမြစ် တချို့ကတော့ ဟားမားစ် ခေါင်းဆောင်တွေဆီ အိမ်ဖြူတော်ကနေ ပေးပို့လိုက်တဲ့ အချက် ၂၀ ပါ တောင်းဆိုမှုတွေ လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အဲဒီ အချက်တွေထဲမှာတော့ အနာဂတ် ဂါဇာရဲ့ အုပ်ချုပ်ရေး ကဏ္ဍမှာ ဟားမားစ်ဟာ လုံးဝ ပါဝင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ဟားမားစ်က လက်နက်ချရမှာ ဖြစ်သလို ဂါဇာမှာ ရှိနေတဲ့ မြေအောက် ဥမင်တွေနဲ့ လက်နက်တိုက်တွေကိုလည်း ဖျက်ဆီးပစ်ပေးရမှာ ဖြစ်ပါတယ်။ တခြားတစ်ဖက်မှာတော့ အနာဂတ်မှာ ပါလက်စတိုင်း အချုပ်အခြာ အာဏာပိုင် နိုင်ငံ ပေါ်ထွန်းလာရေး ကိစ္စကို လမ်းဖွင့်ပေးထားဖို့ အစ္စရေးက လက်ခံခဲ့ရပါတယ်။

အပစ်အခတ် ရပ်စဲဖို့ သဘောတူပြီးရင် ဟားမားစ်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံ ၂၀ နဲ့ သေဆုံးပြီးသားလို့ ယူဆရတဲ့ ဓားစာခံ ၂ ဒါဇင်လောက်ရဲ့ အလောင်းတွေကို ၇၂ နာရီအတွင်း အစ္စရေးဆီ လွှဲပေးရပါမယ်။ အစ္စရေးကလည်း ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဂါဇာမှာ နှစ်ဖက်စလုံးက စစ်ဆင်ရေးတွေကို ရောက်ရာနေရာမှာ ရပ်ဆိုင်းထားရမှာဖြစ်ပြီး သင့်တော်တဲ့ အချိန်ကာလ တစ်ခုရောက်ရင် အစ္စရေးကလည်း တပ်တွေ ပြန်ရုပ်သိမ်းရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာကို နိုင်ငံတကာ လူသားချင်း စာနာမှု အထောက်အပံ့တွေ အလုံးအရင်း ပြန်လည် စီးဝင်လာရေးကို အစ္စရေးက ခွင့်ပြုပေးရမှာပါ။

ထရမ့်ရဲ့ အဆိုပြုချက်တွေထဲမှာတော့ ဟားမားစ်တွေရဲ့အလွန် ဂါဇာကို ဘယ်သူ တာဝန်ယူ အုပ်ချုပ်မလဲ ဆိုတာကိုလည်း လမ်းညွှန်ပြထားပါတယ်။ အဲဒါကတော့ စပ်ကူးမတ်ကူး ကာလအတွက် ပါလက်စတိုင်း ကော်မတီ တစ်ရပ်က ဂါဇာကို တာဝန်ယူ အုပ်ချုပ်စေမှာဖြစ်ပြီး အဲဒီ ကော်မတီကို ငြိမ်းချမ်းရေး ဘုတ်အဖွဲ့လို့ နာမည်ပေးထားမယ့် နိုင်ငံတကာ အစုအဖွဲ့က အနီးကပ် အကြံပေး ကွပ်ကဲမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ထဲမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဆာတိုနီဘလဲ ပါဝင်မှာဖြစ်ပြီး နောက်ထပ် အဖွဲ့ဝင် အသစ်တွေကိုလည်း ကြေညာသွားမယ်လို့ ဆိုပါတယ်။

ဟားမားစ်တွေရဲ့ ပြိုင်ဘက်ဖြစ်ပြီး နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အဓိက အခြေစိုက်တဲ့ ပါလက်စတိုင်း အာဏာပိုင် အစိုးရကတော့ သမ္မတ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေဟာ စိတ်အားထက်သန်ပြီး ဖြောင့်မတ်ရိုးသားမှု ရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။

မကြာသေးခင်ကမှ ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာထားတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကလည်း ထရမ့်ရဲ့ အစီအမံတွေကို ထောက်ခံခဲ့ပါတယ်။ သူက ဟားမားစ် အနေနဲ့ ဒုက္ခဆိုးတွေကို အဆုံးသတ်နိုင်ဖို့အတွက် လက်နက်ချပြီး အဲဒီ အစီအမံတွေကို လက်ခံ၊ ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးသင့်ပြီလို့ စတာမာက ပြောပါတယ်။ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဒီသဘောတူညီချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ပြင်သစ်က အားပေးကူညီဖို့ အသင့်ရှိကြောင်း ကြေညာပါတယ်။

ဟားမားစ်တွေဖက်ကတော့ အဲဒီ အချက် ၂၀ ပါ အဆိုပြုချက်ကို လက်ခံမလားဆိုတာ လတ်တလော မှတ်ချက် မပေးသေးပါဘူး။ အစောပိုင်းမှာတော့ ဟားမားစ် ခေါင်းဆောင် တစ်ဦးက စစ်ပွဲ ရပ်ဆိုင်းရေးအတွက် လက်တွေ့ကျတဲ့ ဘယ်လို ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုမဆို ဟားမားစ်က ဆန်းစစ်သွားဖို့ ဆန္ဒရှိကြောင်း၊ ဒါပေမဲ့ အဲဒီကမ်းလှမ်းချက်ဟာ ပါလက်စတိုင်းရဲ့ အကျိုးစီးပွားတွေအတွက် လုံခြုံမှု အာမခံချက် ရှိဖို့၊ ဂါဇာကနေ အစ္စရေးတပ်တွေ အလုံးစုံ ဆုတ်ခွာပြီး စစ်ပွဲက တင်းပြည့်ကျပ်ပြည့် အဆုံးသတ်ဖို့ဆိုတဲ့ ကတိကဝတ်တွေ လိုအပ်ကြောင်း ပြောကြားထားခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။