တကယ်လို့ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မရခဲ့ဘူးဆိုရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဖက်က ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေးနိုင်ငံမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးဆုံး နိုင်ငံရေး ဆုတစ်ခုဖြစ်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရွေးချယ်ပေးလေ့ရှိတဲ့ နော်ဝေး နိုဘယ်လ် ကော်မတီက အခုနှစ်အတွက် ဘယ်သူ့ကို၊ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကို ဆုပေးမယ်ဆိုတာ အခုသီတင်းပတ် အစောပိုင်းမှာ ကတည်းက ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုဘယ်လ် ငြိမ်းချမ်းရေး ဆု ရမယ့်သူကိုတော့ အောက်တိုဘာ ၁၀ ရက်နေ့မှာ တရားဝင် ကြေညာပြီး ဒီဇင်ဘာကျရင် ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရလိုကြောင်း ပြောကြားထားဖူးသလို သူ့ရဲ့ အတွင်းစည်း အသိုက်အဝန်းကလည်း သမ္မတက သေချာပေါက် ဆုရသင့်တယ် ဆိုတာမျိုး ကျယ်ကျယ်လောင်လောင် တွန်းအားပေးထားကြပါတယ်။ ထရမ့်က သူဟာ သမ္မတ သက်တမ်း နှစ်ကြိမ်အတွင်း စစ်ရေး ပဋိပက္ခ ၇ ခုထိ ရပ်တန့်ပေးထားခဲ့ကြောင်း ကြွေးကြော်ထားသလို လောလောလတ်လတ် အနေနဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ်ကြားက စစ်ပွဲကို အဆုံးသတ်စေဖို့ ကနဦးအဆင့် သဘောတူညီမှုတွေ ရရှိအောင် ကြားဝင် ညှိနှိုင်းပေးထားပါတယ်။
ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်သင့်ကြောင်း အစ္စရေး၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ နော်ဝေး လွှတ်တော်ထဲက အမတ်တချို့ကလည်း ထောက်ခံထားပါတယ်။ ဒါပေမဲ့ သူဟာ တကယ်ပဲ ၂၀၂၅ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရပါ့မလား ဆိုတာကိုတော့ အာမခံချက် မရှိသေးပါဘူး။

Public Service Announcement
ထရမ့်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိရေး အမေရိကန်ဖက်က အရိပ်အမြွက် တွန်းအားပေးမှုတွေကလည်း ပိုအားကောင်းလာပြီး အောက်တိုဘာ ၈ ရက်နေ့မှာတော့ အိမ်ဖြူတော်က ထရမ့်ကို ‘ငြိမ်းချမ်းရေး သမ္မတ’လို့ ရည်ညွှန်းရေးသားထားတဲ့ ဓာတ်ပုံကို Facebookပေါ် တင်ထားခဲ့ပါသေးတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ၅ ဦးပါ ကော်မတီက ရွေးချယ်တာဖြစ်ပြီး နိုဘယ်လ်ဆုဆိုင်ရာ ကျွမ်းကျင်သူတွေ၊ နော်ဝေးက လေ့လာစောင့်ကြည့်သူတွေ အများစုကတော့ ထရမ့်အနေနဲ့ ဆုမရလောက်ဘူးလို့ သုံးသပ်ထားကြပါတယ်။ တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် နိုဘယ်လ် ငြိမ်းချမ်းရေးဆု လိုချင်လို့ တောက်လျှောက် ထင်သာသာမြင်သာ စကားကြောင်းလမ်းထား၊ နိမိတ်ပြထားခဲ့တဲ့ ထရမ့်က ဘယ်လိုတွေ တုံ့ပြန်လာမလဲ ဆိုတာကို နော်ဝေး ပြည်သူတွေ၊ နိုင်ငံရေးသမားတွေကြားမှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
နော်ဝေးရဲ့ လက်ဝဲယိမ်း ဆိုရှယ်လစ် ပါတီ အကြီးအကဲ ခရစ္စတီး ဘက်ဂ်စတိုကတော့ နော်ဝေး အစိုးရ အနေနဲ့ ကြုံလာနိုင်သမျှ အရာအားလုံးအတွက် ကြိုပြင်ထားဖို့ လိုလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
ထရမ့်က အမေရိကန်ကို လွန်ကဲတဲ့ ဦးတည်ချက်တစ်ခုဆီ တွန်းပို့နေကြောင်း၊ သူဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါး တိုက်ခိုက်ခဲ့သလို လျှို့ဝှက်ရဲတွေကို မျက်နှာဖုံးတွေ တပ်ခိုင်းပြီး နေ့ခင်းကြောင်တောင် လူတွေကို ပြန်ပေး လိုက်ဆွဲခိုင်းနေကြောင်း၊ တရားရုံးတွေနဲ့ ရပ်တည်ချက် ခိုင်မာတဲ့ အဖွဲ့အစည်းတွေကိုလည်း ဖိနှိပ် ဖြိုခွင်းနေကြောင်း၊ အဲဒီလို ထိလွယ်ရှလွယ်ဖြစ်ပြီး အာဏာရှင်ဆန်တဲ့ သမ္မတမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် နော်ဝေးအနေနဲ့ အရာရာအတွက် ကြိုပြင်ထားရမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။
နိုဘယ်လ် ကော်မတီဟာ လွတ်လပ်တဲ့ အစုအဖွဲ့ဖြစ်ပြီး ဆုရွေးချယ်ရေးမှာ နော်ဝေး အစိုးရက လုံးဝ ဝင်ရောက် စွက်ဖက်လို့ မရကြောင်း၊ ဒါပေမဲ့ ထရမ့်က ဒါတွေ နားလည်မယ်လို့ သူမထင်ကြောင်း၊ ဒီတော့ ထရမ့်ဖက်က တုံ့ပြန်လာနိုင်တာ မှန်သမျှကို နော်ဝေးကတော့ ပြင်ထားရမှာဖြစ်ကြောင်း ဘက်ဂ်စတိုက ဆိုပါတယ်။
ထရမ့်က သူဟာ နိုဘယ်လ်ဆုနဲ့ တကယ်ပဲ ထိုက်တန်တယ်ဆိုတာ ယုံကြည်ထားကြောင်း ထုတ်ပြောထားဖူးသူပါ။ ဇူလိုင်လတုန်းက သူဟာ နော်ဝေးရဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်၊ NATO စစ်မဟာမိတ် အတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ ဂျန်စ် စတိုလ်တန်ဘာ့ဂ်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုနဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် တချို့နဲ့ တွေ့တဲ့အခါ သူက ဒီဆုကို ရသင့်တယ်လို့ လူတိုင်းက ပြောနေကြတယ် ဆိုတာမျိုးလည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နောက်ဆုံးရထားတဲ့ သမ္မတကတော့ ဘာရတ်အိုဘားမားပါ။ ၂၀၀၉ ခုနှစ်တုန်းက အိုဘားမားဟာ သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ သံတမန်ရေးရာ အစီအမံတွေ၊ လူသားတွေကြား ပေါင်းကူး ဆက်သွယ်ပေးဖို့ အားထုတ်မှုတွေအတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Guardian
















































