လက်ရှိ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှု ရပ်တန့်ပြီး shutdown ဖြစ်နေတာကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အထက်လွှတ်တော်ထဲမှာ ကနဦး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အစိုးရ ဘတ်ဂျတ်သစ်အတွက် အစီအမံတွေကို ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် နိုင်ငံရေး အင်အားစုတွေ ညှိနှိုင်းမှု အဆင်မပြေခဲ့ရာက အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမေရိကန် အစိုးရ shutdown ဖြစ်နေခဲ့တာပါ။ ဒါဟာ အမေရိကန် သမိုင်းမှာ အချိန်အကြာဆုံး shutdown အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အစိုးရ shutdown ကာလအတွင်း ဖက်ဒရယ် အစိုးရ ဝန်ထမ်း အများအပြားဟာ လုပ်ခလစာ မရကြတာ၊ အလုပ်ခွင်ကနေ ခွင့်သတ်မှတ် အနားပေး ခံထားရတာတွေ ကြုံခဲ့ရပါတယ်။ နောက်ပြီး လေကြောင်းထိန်းသိမ်းရေး မျှော်စင် ဝန်ထမ်းတွေ အများအပြားကို အနားပေးထားရတာကြောင့်လည်း အမေရိကန်က လေကြောင်း ပျံသန်းပြေးဆွဲမှု ခရီးစဉ်တွေ ထောင်နဲ့ချီ ရပ်တန့်တာ၊ ဆိုင်းငံ့ခံရတာ၊ နှောင့်နှေးတာတွေ တွေ့ကြုံခဲ့ရပါတယ်။
နိုဝင်ဘာ ၁၀ ရက်မှာတော့ အိမ်ဖြူတော်၊ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တချို့ ဆွေးနွေးပြီး အနည်းဆုံး ရေတိုကာလ တစ်ခုလောက်ဖြစ်ဖြစ် အစိုးရ shutdownကို ပြန်ဖွင့်ထားနိုင်မယ့် သဘောတူညီမှုကို ရရှိခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် အမတ်တချို့က အမေရိကန် သမ္မတ ဘာရတ်အိုဘားမား လက်ထက်မှာ စတင် မိတ်ဆက်ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ကြေး အစီအစဉ်တွေကို ဆက်လက် ခွင့်ပြုထားဖို့ လက်ခံခဲ့တာကြောင့်လည်း ပြေလည်မှု ရသွားတာပါ။ မူလကတော့ ရီပတ်ဘလစ်ကန်တွေက သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ အဲဒီ အစီအမံတွေကို အစိုးရ အသုံးစရိတ် အသစ်ထဲ ထည့်သွင်းဖို့ ငြင်းဆိုတာကြောင့် ဒီမိုကရက်တစ်တွေနဲ့ ညှိမရ ဖြစ်ခဲ့တာပါ။

Public Service Announcement
အခုရရှိတဲ့ သဘောတူညီမှုအရ ဇန်နဝါရီ ၃၀ ထိ အစိုးရကို အင်ပြည့်အားပြည့် ပြန်လည်ပတ်နိုင်အောင် နှစ်ဖက်စလုံးက လက်ခံပေးရမှာဖြစ်ပြီး အဲဒီ အတောအတွင်း အစိုးရ ဘတ်ဂျတ် အစီအမံသစ်ကို ဆက်ပြီး အကျေအလည် ညှိနှိုင်းကြမှာပါ။ အစိုးရ shutdownကာလ အဆုံးသတ်ဖို့ အရမ်းနီးစပ်သွားပြီ ဖြစ်ပေမယ့် ချက်ချင်းတော့ အစိုးရ ယန္တရားကို အလုံးစုံ ပြန်ဖွင့်နိုင်ဦးမှာ မဟုတ်ပါဘူး။
အခုသီတင်းပတ်ထဲမှာ ပါတီနှစ်ခုစလုံးက အစိုးရ ပြန်ဖွင့်လှစ်ရေး အလုပ်ဖြစ်နိုင်မယ့် အဆိုပြုချက် အသီးသီးကို လွှတ်တော် နှစ်ရပ်လုံးမှာ တင်ပြကြပါမယ်။ လွှတ်တော် ခေါင်းဆောင်တွေက shutdownဟာ ကျေးဇူးတော်နေ့ ရုံးပိတ်ရက် ကာလလောက်ကျရင်တော့ ပြီးဆုံးနှင့်ပြီးသား ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ကျေးဇူးတော်နေ့ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်မှာပါ။
Obamacareလို့ ခေါ်ဆိုလေ့ရှိပြီး အခုအခါ သက်တမ်း ကုန်ဆုံးတော့မယ့် ကျန်းမာရေး စောင့်ရှောက်မှု အစီအမံကို သက်တမ်း တိုးသင့် မတိုးသင့် ဆိုတဲ့အပေါ် ဒီဇင်ဘာ ဒုတိယ အပတ်မှာ အထက်လွှတ်တော်က မဲပေး ဆုံးဖြတ်ပါမယ်။ အဲဒီအခါ ရီပတ်ဘလစ်ကန် အမတ်တချို့က ဒီမိုကရက်တစ်တွေနဲ့အတူ ထောက်ခံမဲ ပေးပါ့မယ်လို့ ကမ်းလှမ်းထားပေမယ့် လိုအပ်တဲ့ မဲအရေအတွက် ရမရ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရီပတ်ဘလစ်ကန် အမတ် ၈ ဦးထက် မနည်းက Obamacareကို သက်တမ်းတိုးပေးရေး၊ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ဖက်ဒရယ် ဝန်ထမ်း အများအပြားကို အလုပ်ထုတ်နေတဲ့ ကိစ္စတွေကို ပြန်လည် ပြင်ဆင်ရေးစတဲ့ ဒီမိုကရက်တစ်တွေဖက်က တောင်းဆိုမှုတွေကို လက်ခံညှိနှိုင်းပေးဖို့ သဘောတူထားကြပါတယ်။
အပြန်အလှန် အနေနဲ့ ဒီမိုကရက်တစ် ပါတီဝင် တချို့ကလည်း ရီပတ်ဘလစ်ကန်ပါတီ ဦးဆောင်တဲ့ အစိုးရ ယန္တရားတွေ ပြန်လည်ပတ်နိုင်ရေး အကူအညီပေးဖို့ မီးစိမ်းပြလာခဲ့တာပါ။ တကယ်လို့ လာမယ့်ရက်ပိုင်းအတွင်း လွှတ်တော်မှာ ထပ်ပြီး တင်သွင်းကြမယ့် အစိုးရဘတ်ဂျတ် အဆိုပြုချက်တွေ အောင်မြင် အထမြောက်သွားရင်တော့ အစိုးရ shutdownကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့ ဒီအဆင့်တွေက ရက်ပိုင်းလောက်ထပ်ပြီး အချိန်ယူရဖွယ် ရှိပါတယ်။
အစောပိုင်းကတည်းက အထက်လွှတ်တော်ရဲ့ နှစ်ဖက်ပါတီ အမတ်တွေက shutdownကာလကို ကျေးဇူးတော်နေ့ မတိုင်ခင် အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားခဲ့ကြပါတယ်။
ကိုးကား: CNN


















































