Airbus ကုမ္ပဏီက ထုတ်လုပ်တဲ့ A320 အမျိုးအစား လေယာဉ်တွေကို အရေးပေါ် ပြင်ဆင်မွမ်းမံမှု လိုအပ်နေတာကြောင့် ခရီးစဉ် ပြေးဆွဲမှု နှောင့်နှေးတာတွေ ကြုံလာနိုင်ကြောင်း နိုင်ငံတကာ လေကြောင်းလိုင်းတွေက သတိပေး ကြေညာခဲ့ပါတယ်။
ဥရောပ လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Airbusက စုစုပေါင်း လေယာဉ် ၆၀၀၀ လောက်မှာ ပြင်ဆင်ရမယ့် ကိစ္စတစ်ခု ရှာတွေ့ခဲ့တာကြောင့် လေယာဉ်တွေ ပျံသန်းမှုကို ဆိုင်းငံ့ထားစေဖို့ လေကြောင်းလိုင်းတွေဆီ အကြောင်းကြားခဲ့ပါတယ်။
Airbusက ရှာတွေ့ထားတဲ့ ကိစ္စကတော့ အရမ်းစူးရှ ပြင်းထန်တဲ့ နေရောင်ဟာ A320 လေယာဉ်တွေရဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေ ပေးပို့မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြဿနာပါ။ ဒါပေမဲ့ လေယာဉ် အများစုမှာတော့ ရိုးရှင်းတဲ့ software အဆင့်မြှင့်တင်မှုလောက်နဲ့တင် ဒီကိစ္စကို ပြေလည်အောင် ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမဲ့လည်း လေယာဉ်တွေကို ပျံသန်းခွင့် ဆိုင်းငံ့ထားရတာမျိုးဟာ ရက်ပိုင်းလောက် ကြာနိုင်ပြီး အဲဒီအတွက် နိုင်ငံတကာ ခရီးစဉ် ပျံသန်းပြေးဆွဲမှုတွေမှာ နှောင့်နှေးတာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ လေကြောင်းလိုင်းတွေက ကြိုတင် သတိပေးထားတာ ဖြစ်ပါတယ်။

Public Service Announcement
Airbusက အခုပြဿနာကို အမေရိကန်မှာ အသုံးပြုနေတဲ့ A320 အမျိုးအစား လေယာဉ်တစ်စီးမှာ တွေ့ရှိခဲ့ကြောင်း၊ အရေးပေါ် မွမ်းမံပြင်ဆင်ဖို့ လိုအပ်တဲ့ ကိစ္စအတွက် ကြုံလာတဲ့ အနှောင့်အယှက်တွေအတွက် တောင်းပန်လိုကြောင်း ကြေညာခဲ့ပါတယ်။
Airbusရဲ့ အဆိုအရ လေယာဉ်ပေါင်း ၅၁၀၀ လောက်ကတော့ ၃ နာရီလောက်သာ ကြာတဲ့ software update လုပ်ရုံနဲ့ ပြင်ဆင်မှုတွေ ပြီးစီးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပိုပြီး ဟောင်းနွမ်းတဲ့ အစီးရေ ၉၀၀ လောက်ကတော့ ကွန်ပျူတာ စနစ်တွေပါ ပြင်ဆင် အစားထိုးဖို့ လိုအပ်ပြီး အဲဒါတွေ မပြီးခင် ခရီးသည်တွေ တင်ဆောင်ပျံသန်းခွင့် မပေးနိုင်ကြောင်း Airbusက ပြောပါတယ်။
ဒီကိစ္စကြောင့် ခရီးသည်တွေ၊ ဖောက်သည်တွေအတွက် လုပ်ငန်းဆိုင်ရာ အနှောင့်အယှက်တွေ ကြုံတွေ့သွားနိုင်တာကို သဘောပေါက်ပေမယ့် မဖြစ်မနေ လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်တာကြောင့် နားလည်ပေးစေလိုကြောင်းလည်း မေတ္တာရပ်ခံ သွားခဲ့ပါတယ်။
ကိုးကား: Guardian


















































