ရုရှားရဲ့ မှောင်ခို ရေနံတင်ပို့နေတဲ့ ကွန်ရက်ထဲက ရေနံတင် သင်္ဘောနှစ်စီးကို ယူကရိန်း ဒရုန်းတွေက တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ပါတယ်။
ပင်လယ်နက်ကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတွေကို နိုဝင်ဘာ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ သင်္ဘောတွေဟာ မှောင်ရိပ်ထဲက ရေယာဉ်များလို့ ခေါ်ဝေါ်ခံရတဲ့ ရုရှားလက်အောက်ခံ ရေနံတင် သင်္ဘောအုပ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း ယူကရိန်းက ဆိုပါတယ်။
မှောင်ရိပ်ထဲက ရေယာဉ်တွေ ဆိုတာဟာ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် ရုရှားရဲ့ ရေနံတင်ပို့ ရောင်းချမှုတွေကို အနောက်မဟာမိတ် နိုင်ငံတွေက ပိတ်ပင်ထားတာကို ကျော်လွှားဖို့ ရုရှားရေနံတွေကို မှောင်ခိုသယ်ယူပေးနေတဲ့ သင်္ဘောတွေကို ရည်ညွှန်းတာပါ။ ရုရှားဟာ အဲဒီလို ရေနံတင် သင်္ဘော အစီးရေ ရာဂဏန်းတချို့ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပါတယ်။
ယူကရိန်းရဲ့ ရေပြင်သွား ဒရုန်းတွေဟာ ရေနံတင် သင်္ဘောတွေဆီ အရှိန်နဲ့ ခုတ်မောင်းသွားပြီး ဝင်တိုက်ခဲ့တဲ့နောက် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဂမ်ဘီယာမှာ မှတ်ပုံတင်ထားတဲ့ Kairosနဲ့ Virat ရေနံတင် သင်္ဘောနှစ်စီးဟာ တူရကီ ကမ်းလွန်ပင်လယ်ပြင်မှာ ရှိနေတဲ့အချိန် နိုဝင်ဘာ ၂၈ ရက်နေ့က တိုက်ခိုက် ခံခဲ့ရတာပါ။ နောက်တစ်နေ့မှာ ယူကရိန်းဟာ Viratကို နောက်တစ်ခေါက် ထပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
သင်္ဘောနှစ်စီးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ခဲ့ပေမယ့်လည်း လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
သတင်းဌာနတွေက စစ်ဆေး အတည်ပြုထားတဲ့ ဗီဒီယိုတွေမှာတော့ ဖောက်ခွဲရေး ဒရုန်းတစ်စီးက လှိုင်းတွေကို ဖြတ်မောင်းရင်း ရေယာဉ်နောက်ဖက်ဆီ ချဉ်းကပ်သွားတာ၊ သင်္ဘောနောက်ပိုင်းမှာ ထပေါက်ကွဲတာ၊ သင်္ဘောကနေ မီးခိုးလုံးတွေ အူထွက်နေတာမျိုး မြင်ကွင်းတွေကို တွေ့ခဲ့ရပါတယ်။
ယူကရိန်းက အဲဒီ တိုက်ခိုက်မှုအတွက် ပြည်တွင်းဖြစ် Sea Baby ဖောက်ခွဲရေး ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ လန်ဒန်စတော့အိတ်ချိန်းရဲ့ အဆိုအရ ယူကရိန်း ပစ်မှတ်ထားခဲ့တဲ့ သင်္ဘော နှစ်စီးစလုံးဟာ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ပါဝင်နေတဲ့ ရေယာဉ်တွေလို့လည်း သိရပါတယ်။
တူရကီ အာဏာပိုင်တွေကတော့ ကမ်းလွန်ရေပြင်မှာ မီးလောင်နေတဲ့ သင်္ဘောနှစ်စီးကို ကူညီပေးနေကြောင်း ထုတ်ပြန်ခဲ့သလို တူရကီ ရေယာဉ်တွေက သင်္ဘောတွေကို မီးငြှိမ်းသတ်ပေးဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။
စစ်ရေး သုတေသီတွေကတော့ ပင်လယ်နက်ကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရုရှားမှောင်ခို ရေနံတင် သင်္ဘောတွေဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုသာ မကဘဲ ယူကရိန်းရဲ့ တိုက်ရိုက် တိုက်ခိုက်မှုကိုပါ ခံရနိုင်တယ်ဆိုတဲ့ သတိပေးချက် တစ်ခုလည်း ဖြစ်လာကြောင်း ပြောပါတယ်။ အမေရိကန် ကြားဝင်စေ့စပ်ပေးနေတဲ့ စစ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ ယူကရိန်း နယ်မြေတွေ စွန့်လွှတ်ရေးကို ရုရှားက တင်းတင်းမာမာ တောင်းဆိုနေတာကိုလည်း ယူကရိန်းက အခုလို နည်လမ်းမျိုးနဲ့ ဖိအားပေးခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင်Caspian Pipeline Consortium လုပ်ငန်းစုကလည်း ကက်စ်ပီယန် ဒေသက ရေနံတွေကို ရုရှားရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ နိုဗိုရော့စ်ယက်စ်ခ်ကနေ တင်ပို့ပေးနေတဲ့ လုပ်ငန်းခွင်ကို မောင်းသူမဲ့ ဒရုန်းတွေက ညလုံးပေါက် တိုက်ခိုက်တာ ခံခဲ့ရတဲ့နောက် ယာယီ လည်ပတ်မှု ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒရုန်းတွေရဲ့ ဖောက်ခွဲမှုတွေကြောင့် ရေယာဉ်ဆိုက်ကပ်တဲ့ နေရာတွေမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ ရုရှားနဲ့ ကာဇက်စတန်တို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိ ရူစတမ် အူမာရော့ဗ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားနဲ့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ အပြီးသတ် ဆွေးနွေးနိုင်ဖို့အတွက် အမေရိကန်ကို သွားရောက်နေကြောင်း ပြောကြားခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ကို မော်စကိုမြို့ဆီ စေလွှတ်ပြီး ရုရှားနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်စေဖို့ စီစဉ်ထားပါတယ်။
ကိုးကား: BBC
















































