Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်ကို ထိုင်းဝန်ကြီးချုပ် ဖျက်သိမ်း၊ နှစ်လအတွင်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်တွင်းမှာ အင်အားနည်း အစုအဖွဲ့အဖြစ်သာ ရှိနေတဲ့ ပါတီတစ်ခုက ဦးဆောင်နေတဲ့ သူ့အစိုးရဟာ ၃ လကြာ အုပ်ချုပ်ရေး တာဝန်ယူပြီးတဲ့နောက် ကဏ္ဍအများအပြားမှာ ရုန်းကန်နေရတဲ့အတွက် လွှတ်တော်ကို ဖျက်သိမ်းလိုကြောင်း ထိုင်းဘုရင်ဆီ အနုတင်က ခွင့်တောင်းခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်မှာတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ တော်ဝင်အမိန့် ရောက်ရှိလာခဲ့ပါတယ်။ လွှတ်တော် ဖျက်သိမ်းပြီးတဲ့နောက် ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း ထိုင်းမှာ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပစေမှာ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ နိုင်ငံရဲ့ လိုအပ်ချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်း ကိုင်တွယ်ဖို့ အကန့်အသတ်တွေ ရှိနေတဲ့အခါ အသင့်တော်ဆုံး ဖြေရှင်းနည်းကတော့ လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း၊ ဒါဟာ ပြည်သူ့အာဏာကို ပြည်သူတွေဆီ ပြန်အပ်နှင်းလိုက်တဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း အနူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အနူတင်ဟာ ထိုင်းမှာတော့ ၂ နှစ်ကျော်အတွင်း တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ စက်တင်ဘာလက ဝန်ကြီးချုပ် ဖြစ်လာတဲ့ အနူတင်က ဇန်နဝါရီ လကုန်ပိုင်းကျရင် လွှတ်တော် ဖျက်သိမ်းဖို့ ရည်ရွယ်ထားကြောင်း အရင်ကတည်းက ပြောဆိုထားပါတယ်။

ဒါပေမဲ့ လွှတ်တော်ထဲမှာ အတိုက်အခံ အင်အားစုတွေက သူ့ရဲ့ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ထိ စီစဉ်လာတဲ့နောက် အနူတင်က ရွေးကောက်ပွဲကို အချိန်စော ကျင်းပစေဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် စစ်ရေးပဋိပက္ခတွေ တကျော့ပြန် အရှိန်မြင့်တက်လာနေချိန်မှာ အနူတင်က ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က စတင်လာတဲ့ တိုက်ခိုက်မှုတွေကြောင့် နှစ်နိုင်ငံပေါင်း လူ ၂၀ ကျော် သေဆုံးခဲ့သလို သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

သူ့ရဲ့ အစိုးရဟာ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုတွေမှာ အရေးတကြီး လိုအပ်နေတဲ့ ကိစ္စအားလုံးကို အဆောတလျင် တုံ့ပြန်ပြီး ကိုင်တွယ်ခဲ့ကြောင်း၊ ဒါပေမဲ့ နိုင်ငံတစ်ခုကို ထိထိရောက်ရောက် စီမံခန့်ခွဲ အုပ်ချုပ်တဲ့အခါ တည်ငြိမ်မှုလည်း လိုအပ်ကြောင်း အနုတင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အခုတော့ လွှတ်တော်ဖျက်သိမ်းဖို့ သူ့ရဲ့ ပန်ကြားမှုကို ထိုင်းဘုရင် မဟာဗဂျီရာ လောင်ကွန်းကလည်း ထောက်ခံ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော်တွင်း အမတ်နေရာ ခွဲတမ်းအများစု ရထားတာ မဟုတ်တဲ့ သူ့ရဲ့ပါတီက ဦးဆောင်တဲ့ အစိုးရဟာ ပြည်တွင်း နိုင်ငံရေး ကိစ္စတွေမှာ အခက်အခဲတွေ အများကြီး ရှိခဲ့ကြောင်း၊ အကျိုးဆက် အနေနဲ့ ပြည်သူ့ လုပ်ငန်းတာဝန်တွေကို စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်၊ ထိထိရောက်ရောက်၊ တည်တည်ငြိမ်ငြိမ် မထမ်းဆောင်နိုင်ခဲ့ကြောင်းလည်း အနူတင်က ဖွင့်ဟထားပါတယ်။

အရင်တုန်းက အနူတင်ရဲ့ ဦးဆောင်မှုကို ထောက်ခံပေးထားပြီး လွှတ်တော်မှာ မဲအရေအတွက် အများဆုံး ရထားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ပြည်သူ့ပါတီ (PP)က အစိုးရကို ဆက်ပြီး မထောက်ခံတော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အနူတင်ဟာ လွှတ်တော်ကို စောစောဖျက်သိမ်းဖို့ ရွေးချယ်လိုက်ရတာ ဖြစ်ပါတယ်။

အနူတင်ရဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီဟာ ကွန်ဆာဗေးတစ် နိုင်ငံရေး အမြင်မျိုးကို ဆွဲကိုင်ပြီး သဘောတရားရေးရာအရ PPနဲ့ လုံးဝဥဿုံ ဆန့်ကျင်ဖက် ဖြစ်နေပေမယ့်လည်း အနူတင်ရဲ့ ဝန်ကြီးချုပ်နေရာအတွက် အားထုတ်မှု အထမြောက်စေဖို့ အစောပိုင်းမှာ PPက ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ PPက အနူတင်ရဲ့ အစိုးရဟာ ပါတီနှစ်ခုကြား အပြန်အလှန် ထားရှိတဲ့ ကတိတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ ထိုင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်စွမ်း မရှိခဲ့ကြောင်း စွပ်စွဲပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အနူတင်ကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ပါ ပြင်ဆင်လာတဲ့အတွက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းဖို့ ဘုရင့်ဆီကနေ ခွင့်ပြုချက် တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

'မင်းအောင်လှိုင်' ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။